Tuesday 12 March 2013

အနာဂတ် သားကောင်း သမီးမွန်များ ပြုစု ပျိုးထောင်ရေး


လောက၌ အောင်မြင်ကြီးပွား တိုးတက်လိုသူ တိုင်းသည် ကြီးမားသော ရည်မှန်းချက် ထားရှိပြီး ဇွဲ၊ လုံ့လ၊ ဝီရိယ အရင်းပြုလျက် သန္နိဋ္ဌာန် စိတ်ဖြင့် ကြိုးစားအားထုတ် သွားရ မည် ဖြစ်သည်။

ပထမ အရွယ် ပညာရှာ၊ ဒုတိယ အရွယ် ဥစ္စာရှာ၊ တတိယ အရွယ် ဘာဝနာ ရှာဟူ၍ လောက နီတိတွင် ဖော်ပြထားသည်။ ဗုဒ္ဓဘာသာ မြန်မာတို့သည် (၃၈)ဖြာ မင်္ဂလာ တရားတော်နှင့် အညီပြုမူ နေထိုင်ကျင့်ကြံ သွားကြဖို့ လိုသည်။ ဆက်ဆံရေး မင်္ဂလာ သုံးပါးဖြစ်သော လူမိုက်ကို မပေါင်းသင်းဘဲ ပညာရှိ လူလိမ္မာကို မှီဝဲ ပေါင်းသင်းခြင်းနှင့် ပူဇော်ထိုက်သော သူကို ပူဇော်ခြင်း၊ နေထိုင်ရေး မင်္ဂလာ သုံးပါးဖြစ်သည့် သင့်လျော်သော အရပ်၌ နေရခြင်း၊ ရှေး၌ ပြု ဖူးသော ကောင်းမှုအထူး ရှိခြင်းနှင့် မိမိ ကိုယ်စိတ် နှစ်ပါးကို စောင့်ထိန်းခြင်း၊ သင်ကြားရေး မင်္ဂလာ လေးပါးဖြစ်သည့် လောကီလောကုတ် အကြားအမြင် များခြင်း၊ စက်မှုလက်မှု အတတ်တို့ကို တတ်မြောက်ခြင်း၊ လူ့ကျင့်ဝတ်ကို ကောင်းစွာသင်ကြား နားလည်ခြင်း၊ အပြောအဆို ချိုသာ ယဉ်ကျေးခြင်း၊ ပြုစုရေး မင်္ဂလာ သုံးပါးဖြစ်သည့် မိဘ နှစ်ပါးတို့ကို လုပ်ကျွေး ပြုစုခြင်း၊ သားမယား တို့ကို တရားနှင့် အညီ လုပ်ကျွေးခြင်း၊ အနှောင့်အယှက် ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း၊ လိုက်နာရေး မင်္ဂလာ လေးပါးဖြစ်သည့် စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၊ သုစရိုက် တရားကို ကျင့်ခြင်း၊ ဆွေမျိုးတို့ကို ထောက်ပံ့ ကူညီခြင်း၊ အပြစ်ကင်းသော အမှုတို့ကို ပြုခြင်း၊ ရှောင်ကြဉ်ရေး မင်္ဂလာ လေးပါးဖြစ်သည့် မကောင်းမှု မဖြစ်အောင် စိတ်မှ ရှောင်ကြဉ်ခြင်းနှင့်

ကိုယ်နှုတ်ဖြင့် ရှောင်ကြဉ်ခြင်း၊ မူးယစ်သေစာ မသောက်စားခြင်း၊ ကုသိုလ် တရားတို့၌ မမေ့ မလျော့ခြင်းတို့ ဖြစ်သည်။

ထို့အပြင် စိတ်ထားရေး မင်္ဂလာ ငါးပါးဖြစ်သည့် ရိုသေထိုက်သော သူတို့ကို ရိုသေခြင်း၊ မိမိကိုယ်ကို နှိမ့်ချခြင်း၊ ရောင့်ရဲလွယ်ခြင်း၊ သူတစ်ပါး ကျေးဇူးကို သိခြင်း၊ သင့်လျော်သော အခါ တရားနာခြင်း၊ ခြိုးခြံရေး မင်္ဂလာ လေးပါးဖြစ်သည့် ခြိုးခြံ ချွေတာခြင်း၊ မြတ်သော အကျင့်ကို ကျင့်ခြင်း၊ သစ္စာ လေးပါးကို သိခြင်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၊ စိတ်ထားခိုင်ရေး မင်္ဂလာ လေးပါးဖြစ်သည့် လောကဓံ တရားနှင့် ကြုံကြိုက်သော အခါ စိတ်ဓာတ် မတုန် လှုပ်ခြင်း၊ မစိုးရိမ် ရခြင်း၊ ကိလေသာ မြူကင်းခြင်း၊ ဘေးကင်းခြင်း တို့ ဖြစ်သည်။

ဤ(၃၈)ဖြာ မင်္ဂလာ တရားတော်သည် ကမ္ဘာ့ကုလ သမဂ္ဂ၏ တတိယမြောက် အထွေထွေ အတွင်း ရေးမှူးချုပ် တာဝန်ကို သက်တမ်းနှစ်ကြိမ် ထမ်းဆောင်ခဲ့သူ မြန်မာ နိုင်ငံသား ဦးသန့် လက်တွေ့ကျင့်သုံးခဲ့သည့် တရားတော် ဖြစ်ကြောင်း ၂ဝ၁၂ ခုနှစ် ဧပြီလတွင် လက်ရှိကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း လာရောက်စဉ် က ပြောကြား သွားခဲ့သည်။ ယခု နွေရာသီ ကျောင်းပိတ်ရက် များတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး များနှင့် ဘာသာရေး၊ လူမှုရေး အသင်း အဖွဲ့များ ဦးစီး၍ ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက် ရှိရာ ယဉ်ကျေးသော မြန်မာ့လူ့ဘောင် အဖွဲ့အစည်း အတွက် မွန်မြတ်သည့် လုပ်ငန်းပင် ဖြစ်သည်။

သို့ဖြစ်၍ အနာဂတ်၏ သားကောင်း သမီးမွန်များ ပြုစုပျိုးထောင် ပေးနေသော ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းများသို့ လူငယ်များ စိတ်အား ထက်သန်စွာ တက်ရောက်လေ့လာ သင်ယူ ကြရန်နှင့် မွန်မြတ်သည့် လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး အားပေး ကူညီ ကြပါရန် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

myawady facebook မှ သိသမျှ ။

No comments:

Post a Comment