Monday 18 March 2013

တေးဂီတကပေးတဲ့ ဆေးအစွမ်း


လူတိုင်းဟာ တေးဂီတကို ချစ်မြတ်နိုးစွာ နားဆင်တတ်ကြပြီး တေးဂီတဟာ စိတ်နဲ့ အထွေထွေကျန်းမာရေးကို များစွာ အထောက်အကူဖြစ်စေတယ်ဆိုတာ လေ့လာသက်သေပြနိုင်နေပါပြီ။ တေးဂီတဟာ အသက်အရွယ်မရွေး လူအားလုံးရဲ့ စိတ်၊ ရုပ်၊ တွေးခေါ်မြော်မြင်မှု၊ ပေါင်းသင်းဆက်ဆံရေးနဲ့ ဘဝအရည်အသွေးတွေက လွှမ်းမိုးထောက်ပံ့ပေးနိုင်တယ်လို့ လေ့လာသူတွေက ယုံကြည်ထားကြပါတယ်။

(၁) အကိုက်အခဲပျောက်ဆေး

တေးဂီတမှာ သဘာဝ အကိုက်အခဲ သက်သာစေတဲ့ ဆေးလို အာနိသင်ရှိပါတယ်။ အကြောင်းကတော့ တေးသီချင်း နားဆင်တာကြောင့် အန်ဒေါ်ဖင် ထွက်ရှိမှု ကောင်းစေလို့ပါ။ ဒါက နာကျင်ကိုက်ခဲမှု သက်သာစေပြီး အပန်းပြေစေပါတယ်။ နေ့စဉ် တေးသီချင်း နားဆင်တာကြောင့် နာတာရှည်နာကျင်မှုကို ၂၁ ရာခိုင်နှုန်းနဲ့အထက် လျော့ကျစေနိုင်တယ်ဆိုတဲ့ လေ့လာမှုတစ်ရပ်ကို သူနာပြုဂျာနယ်မှာ ဖော်ပြထားပါတယ်။

(၂) စိတ်ဖိစီးမှု လျော့ကျဆေး

စိတ်ဖိစီးမှုဟာ စိတ်ဝေဒနာတွေ အပါအဝင် နာမကျန်းမှုများစွာနဲ့ ဆက်စပ်နေပါတယ်။ လေ့လာမှုတစ်ရပ်အရ စိတ်ဝေဒနာရှင်တွေကို တစ်နေ့ နှစ်ကြိမ်၊ တစ်ကြိမ်မှာ နာရီဝက်ခန့် သီချင်းအေးအေးတွေကို နားဆင်စေခဲ့ရာ နှစ်ပတ်ကြာပြီးနောက် လူနာတွေရဲ့ စိတ်ဖိစီးမှုနဲ့ ပူပင်သောက အဆင့်က

သိသိသာသာ လျော့ကျသွားတာကို တွေ့ရပါတယ်။

(၃) နှလုံးသွေးကြော ကျန်းမာရေး အထောက်အကူပြုသောဆေး

တေးသီချင်းတွေကို နားဆင်တာကြောင့် နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို လျော့ကျစေပါတယ်။ သွေးတိုးကျတာကြောင့် လေဖြတ်တာနဲ့ တခြားရောဂါတွေ မဖြစ်အောင် ကာကွယ်ရာ ရောက်ပါတယ်။ အီတလီ လေ့လာမှုတစ်ရပ်အရ သွေးတိုးရောဂါရှိသူတွေကို တစ်နေ့ မိနစ် ၃၀ ခန့် တေးဂီတ နားဆင်စေခဲ့တဲ့အခါ တစ်လအကြာမှာ သွေးဖိအား သိသိသာသာ လျော့ကျမှုရှိတာကို တွေ့ရပါတယ်။ ကောင်းတဲ့ တေးဂီတဟာ ဆဲလ်တွေနဲ့ တစ်သျှူးတွေကို ငြိမ်သက်သွားစေပြီး လူနာရဲ့ အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်အောင် ပြန်လည်လုပ်ဆောင်ပေးနိုင်တာကြောင့်ပါ။

(၄) ဦးနှောက်ဆဲလ် လှုံ့ဆော်သောဆေး

ဂီတသံစဉ် ခပ်ပြင်းပြင်းနဲ့ သီချင်းတွေက ဦးနှောက်လှိုင်းတွေကို လှုံ့ဆော်ပေးနိုင်ပြီး အာရုံစူးစိုက်မှုအားကို ပိုမိုထက်မြက်စေကာ တွေးခေါ်နိုင်စွမ်းအား ပိုကောင်းစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ငြိမ့်ညောင်းတဲ့ တေးဂီတကို နားဆင်တာကြောင့် ငြိမ်းချမ်းတဲ့ အခြေအနေမျိုး ဖြစ်စေကာ ဖန်တီးနိုင်စွမ်းအားကို ပိုမိုကောင်းမွန်စေတာကြောင့်ပါ။

(၅) သက်လုံအား ပိုကောင်းစေသောဆေး

လေ့ကျင့်ခန်းလုပ်ရင်း တေးသီချင်းနားထောင်တာကြောင့် သက်လုံကို ပိုမိုကောင်းမွန်စေပါတယ်။ တေးသီချင်းဟာ လေ့ကျင့်ခန်းကြောင့် မောပန်းတာ၊ ပျင်းရိတာ၊ ပင်ပန်းတာတို့ကို ဖယ်ရှားပေးပြီး ထပ်ကာထပ်ကာ လေ့ကျင့်လိုစိတ်ကို ဖြစ်ပေါ်စေတာကြောင့်ပါ။ တေးသီချင်းနားထောင်ရင်း လေ့ကျင့်ခန်း
လုပ်တာကြောင့် အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်းတို့ ပိုကောင်းပြီး အမောခံနိုင်ပါတယ်။ လေ့လာမှုတစ်ရပ်အရ တေးသီချင်းနားဆင်ရင်း လေ့ကျင့်ခန်းလုပ်တာကြောင့် ကိုယ်အလေးချိန်ကို ပိုမိုလျှော့ချနိုင်သလို လေ့ကျင့်ခန်းကို စွဲစွဲမြဲမြဲ လုပ်ဖြစ်စေတယ်လို့ သိရပါတယ်။

(၆) အိပ်ဆေး

တေးသီချင်း နားဆင်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။ တေးသီချင်းနားဆင်ရင်း အိပ်တာကြောင့် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျတာနဲ့ ပူပင်သောကတို့ကို ကင်းဝေးစေလို့ပါ။ ဒီလို စိတ်ပင်ပန်းမှုတွေကင်းတာကြောင့် အနားရပြီး အိပ်ရေးဝရတာ ဖြစ်ပါတယ်။

(၇) စိတ်ကြည်နူးမှု ရရှိစေသောဆေး

စိတ်ဓာတ်ကျတာကြောင့် အားနည်းတာ၊ ခေါင်းကိုက်တာ၊ သတိလက်လွတ်ဖြစ်တာနဲ့ အာရုံစူးစိုက်မှု မကောင်းတာတို့ ဖြစ်တတ်ပါတယ်။ တေးဂီတကြောင့် စိတ်ကြည်နူးမှု ရရှိစေပြီး ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်နဲ့ ယုံကြည်မှုတို့ တိုးစေပါတယ်။

(၈) ကင်ဆာဝေဒနာ သက်သာစေသောဆေး

လေ့လာမှုအရ တေးဂီတဟာ ကင်ဆာရောဂါသည်တွေမှာလည်း ဝေဒနာ သက်သာစေတယ်လို့ သိရပါတယ်။ တေးသီချင်းနားဆင်တာကြောင့် ဓာတ်ကင်နေရသူတွေမှာ ပူပင်သောက လျော့ပါးစေသလို ကင်ဆာဆေးသွင်းကုသမှု ခံယူနေရသူတွေမှာလည်း ပျို့ချင်အန်ချင်စိတ်ပေါ်တဲ့ ဝေဒနာနဲ့ အန်တဲ့ ဝေဒနာကို သက်သာစေပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

သော်တာမောင်


myawady new facebook မှ သိသမျှ ။

No comments:

Post a Comment