Tuesday 19 March 2013

ဘဝကို ဆေးရောင်ခြယ်သူ


ကံကြမ္မာကို ဘယ်သူကြိုမြင်နိုင်မလဲ?
ဒီနေ့မြင်ပြီး မနက်ဖြန်ပျောက်မသွားဘူးလို့ ဘယ်သူပြောနိုင်မလဲ?
ကျန်းကျန်းမာမာ ခန္ဓာကိုယ်တစ်ခုက မနက်ဖြန်မှာ ဘာဖြစ်မယ်ဆိုတာကို ဘယ်သူသိနိုင်မလဲ?

ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်တစ်ခုနဲ့ ရှင်သန်ခဲ့တဲ့လူငယ်တစ်ဦး.... မတော်တဆထိခိုက်မှုကြောင့် ညာခြေထောက် ဒူးဆစ်ကနေဖြတ်လိုက်ရတယ်။ လက်မောင်းနှစ်ခု တုံးတိတိပြတ်သွားခဲ့ရတယ်။ အမေရဲ့ ကြံ့ခိုင်တဲ့အကြည့်တွေကြောင့် အသက်ဆက်ရှင်ဖို့ သူသတ္တိတွေရခဲ့တယ်။ ကိုယ့်ဆီက ဆုံးရှုံးသွားတဲ့ အရာတွေအတွက် သူမညည်းတွားခဲ့ဘူး။ ကိုယ်ဘာတွေ ပိုင်ဆိုင်သေးလဲဆိုတာကိုပဲ သူစဉ်းစားခဲ့တယ်။

ကိုယ်အင်္ဂါမစုံတဲ့ဘဝနဲ့ စုတ်တံကိုပါးစပ်မှာကိုက်ပြီး သူပန်းချီဆွဲသင်ခဲ့တယ်။ ဘဝရဲ့ခွန်အားကို ကင်းဘတ်စပေါ်သူချဆွဲခြယ်မှုန်းခဲ့တယ်။ တစ်ကြိမ်ပြီးတစ်ကြိမ် သူ့လက်ရာကို သူစိန်ခေါ်ခဲ့တယ်။ မိတ်ဆွေသူငယ်ချင်းတွေကို သူအမြဲပြောတတ်တဲ့ စကားတစ်ခွန်းက “လဲကျခဲ့ရင် ပြန်ထရပ်ပါ။ ဒါဟာခက်ခဲသလို အလွယ်ကူဆုံးလည်းဖြစ်တယ်”

မသန်စွမ်းတဲ့ဘဝရောက်ခဲ့ရတဲ့ မတော်တဆအဖြစ်ကို သူမှတ်မိနေသေးတယ်။ စက်ရုံဝန်ထမ်းတစ်ဦးဖြစ်တဲ့သူဟာ အဲဒီနေ့က ကုန်တင်ကုန်ချလုပ်နေခဲ့တယ်။ အမှတ်တမဲ့ပါပဲ.... သူကိုင်ထားတဲ့ သံချောင်းတစ်ချောင်းက ဗို့အားမြင့်လျှပ်စစ်တစ်ခုနဲ့ သွားထိဆက်မိတယ်။ သံချောင်းကနေတစ်ဆင့် သူ့တစ်ကိုယ်လုံး ဓာတ်လိုက်လောင်ကျွမ်းခဲ့ရတယ်။

လည်ချောင်းတစ်ခုလုံးခြောက်ကပ်ပြီး ရေဆာတဲ့ဒဏ်က သူ့ကို မေ့မြောရာကနေနှိုးထစေခဲ့တယ်။ ယောင်ယောင်ယမ်းယမ်းနဲ့ ကုတင်ဘေးက ခုံပေါ်တင်ထားတဲ့ရေခွက်ကိုယူဖို့ သူလှမ်းယူလိုက်မှ ၁၆နှစ်လုံးလုံး သူနဲ့အတူရှိခဲ့တဲ့လက်တစ်စုံဟာ ကိုယ်ခန္ဓာကနေ ပျောက်ဆုံးသွားမှန်းသူသိလိုက်ရတယ်။ မတော်တဆ ဓာတ်လိုက်ခံရလို့ မျက်စိတစ်မှိတ်အတွင်းမှာပဲ

သူ့မှာခြေတစ်ချောင်းပဲ ကျန်ရစ်သူဖြစ်ခဲ့တယ်။

အသက်တစ်ချောင်းကို ကယ်တင်နိုင်လိုက်ပေမယ့် သူ့မှာ ကျန်ခဲ့တာက လက်မဲ့နေတဲ့ ပခုံးတစ်စုံရယ်၊ ဒူးဆစ်ကနေဖြတ်လိုက်ရတဲ့ ညာခြေတစ်ချောင်းနဲ့ ထော့နဲ့နဲ့ဖြစ်နေတဲ့ ဘယ်ခြေတစ်ချောင်းပဲဖြစ်တယ်။ ညာမျက်စိတစ်လုံးလည်း အမြင်ဝါးခဲ့ရတယ်။ လူတွေရဲ့အကြည့်မှာ သူဟာအရုပ်ဆိုးအကျည်းတန်တဲ့ ကြောက်စရာသတ္တဝါ တစ်ကောင်ဖြစ်ခဲ့ရတယ်။

ဆေးရုံပေါ်မေ့မြောရာကနေ သူနှိုးလာချိန်မှာ ဘေးပတ်ပတ်လည်မှာ ဝိုင်းကြည့်နေကြတဲ့လူတွေကြားမှာ အမေ့ကိုသူတွေ့လိုက်တယ်။ အမေ့ပါးပြင်ပေါ်က ခြောက်နေပြီဖြစ်တဲ့ မျက်ရည်စီးကြောင်းနှစ်ကြောင်းကို သူတွေ့ဖြစ်အောင် တွေ့လိုက်တယ်။ အခန်းအပြင်ဖက်က ဆွေမျိုးတချို့ တီးတိုးပြောနေတဲ့စကားကို သူကြားလိုက်တယ်။

“သေသွားတာမှ ကောင်းမယ်ထင်တယ်။ မိဘတွေကို တာဝန်ပိုစေတာပဲ အဖတ်တင်တယ်”

“ခြေမရှိ လက်မရှိနဲ့ ကြောက်စရာကောင်းလိုက်တာ”

“သူ့ကို တစ်သက်လုံး ဘယ်သူစောင့်ရှောက်မှာလဲ”

ခန္ဓာကိုယ်အကောင်းပကတိကနေ ခြေတစ်ချောင်းသာကျန်ခဲ့တဲ့သူ့ကိုကုဖို့ များပြားတဲ့ဆေးဖိုးဝါးခကို သူ့မိဘက မတတ်နိုင်ခဲ့ကြဘူး။ ဒီကြားထဲ စက်ရုံပိုင်ရှင်သူဌေးက အလျော်မပေးဘဲ ထွက်ပြေးသွားခဲ့တယ်။ မတတ်နိုင်တဲ့အဆုံးမှာ ဆွေမျိုးတွေက သူ့ကို စွန့်ပစ်ခဲ့ဖို့ အကြံပေးကြပေမယ့် ရဲရင့်တဲ့စိတ်ဓာတ်နဲ့ ဆရာဝန်ကိုပြောနေတဲ့ အမေ့စကားကို သူကြားလိုက်မိတယ်။

“ကျွန်မသားကို အတတ်နိုင်ဆုံးကုပေးပါ။ ကျွန်မသား အသက်ရှင်နေမယ်.. ကျွန်မကို “အမေ” လို့ တစ်ခွန်းလောက် ခေါ်နိုင်သေးတယ်ဆိုရင် လုံလောက်ပါပြီ”

ရစ်ဝိုင်းလာတဲ့ မျက်ရည်တွေကိုမကျအောင် အမေထိန်းရင်း ဆရာဝန်တွေကို ခယတောင်းပန်ခဲ့တယ်။ သားကို လက်မလျှော့ဘူး၊ သားကို ကာကွယ်မယ်၊ သားကို အတတ်နိုင်ဆုံး ကယ်တင်မယ်ဆိုတဲ့ အကြည့်နဲ့ သူ့ကို အသက်ဆက်ရှင်ဖို့ အမေခွန်အားတွေပေးခဲ့တယ်။ ၁၆နှစ်အရွယ် သူ့အတွက် နောက်ထပ်တစ်ကြိမ် ရှင်သန်ဖို့ “အသက်” တစ်ချောင်းကို အမေပေးခဲ့ပြန်တယ်။

အရင်တုန်းက သွက်သွက်လက်လက်နဲ့ အလုပ်ကြမ်းတွေလုပ်ပြီး သန်မာခဲ့တဲ့လူတစ်ယောက်ဟာ အခုချိန်မှာတော့ မွေးဖွားစ ကလေးတစ်ယောက်လိုပဲ ထမင်းစား၊ ရေချိုးတာကအစ တာဝန်တွေအားလုံး လွန်ခဲ့တဲ့ ၁၆နှစ်ကလိုပဲ အမေ့ပခုံးပေါ် ရောက်ခဲ့ပြန်တယ်။ တစ်နေ့ ထမင်းသုံးနပ်ကို တစ်ဇွန်းချင်း သူ့ကို အမေတိုက်ကျွေးခဲ့တယ်။ သူ့ကိုကျွေးပြီးမှ အေးစက်စက် ထမင်းကျန်တွေကို မြိုချနေတဲ့အမေ့ကိုကြည့်ပြီး သူစိတ်မကောင်းခဲ့ဘူး။

ဒီကြားထဲကံမကောင်းစွာနဲ့ အမေ အူအတက်ပေါက်လို့ ဆေးရုံတက်ခဲ့ရတယ်။ အမေဆေးရုံတက်နေတုန်း ၁၅ရက်ကြာရေမချိုးခဲ့ရတဲ့ဒဏ်နဲ့ တစ်ကိုယ်လုံး ပိုးမွှားကိုက်ပြီး ကိုယ့်လက်နဲ့မကုတ်နိုင်တဲ့ဒဏ်ကို သူကောင်းကောင်းခံစားလိုက်ရတယ်။ အဲဒီအချိန်ကျမှ အမေ့ပခုံးပေါ်ကကြီးလေးတဲ့တာဝန်ကို သူနားလည်လိုက်တယ်။ မျက်ရည်တွေ အမြဲရစ်ဝဲနေတတ်တဲ့ အမေ့မျက်လုံးနဲ့ အိမ်ပြင်ခဏထွက်တာတောင် သားကိုစိတ်မချတဲ့ သားဇောနဲ့အမေ.... အမေကိုကြည့်ပြီး သူ့ကိုယ်သူ ဂရုစိုက်၊ စောင့်ရှောက်မယ်လို့ သူဆုံးဖြတ်လိုက်တယ်။ အမေ့ကြောင့် ခြေမဲ့လက်မဲ့ကိုယ့်ဘဝကို ရဲရဲရင်ဆိုင်လက်ခံနိုင်ဖို့ သူကြိုးစားခဲ့တယ်။

ပထမဦးဆုံး ၁၅ စင်တီမီတာလောက်သာကျန်ခဲ့တဲ့ သူ့ညာဖက်လက်မောင်းမှာ ကိုယ်တိုင်အစာစားရ လွယ်ကူအောင်ဆိုပြီး လက်တုတစ်ခုကို တပ်လိုက်တယ်။ အဲဒီနောက်ပိုင်းမှာ အမေနဲ့အတူတူ ထမင်းစားခွင့်ကို သူရခဲ့တယ်။

တစ်ဝက်သာကျန်ခဲ့တဲ့ ညာခြေမှာလည်း သံခြေတုတစ်ခုစွပ်လိုက်တယ်။ ပူပြင်းတဲ့နွေရာသီမှာ သံထည်ကြောင့် ပေါင်တစ်ခုလုံး နီရဲနာကျင်ခဲ့ပေမယ့် သူစိတ်မပျက်ခဲ့ဘူး။ နောက်ထပ်တစ်ကြိမ် ပြန်ထရပ်နိုင်တာကိုပဲ သူဝမ်းသာခဲ့တယ်။

ကိုယ့်ရဲ့နေ့စဉ်ဝေယျာဝစ္စကို ကိုယ်တိုင်လုပ်နိုင်ရင် အမေ အနားယူချိန်ပိုရမယ်လို့ တွေးပြီး အိမ်သာတက်၊ ရေချိုးတာကအစ ကိုယ်တိုင်လုပ်နိုင်အောင် သူကြိုးစားခဲ့တယ်။

လူတွေကသူ့ကို သူရဲ့မသန်စွမ်းတဲ့ခန္ဓာကိုယ်ကိုဘမ်းပြပြီး တောင်းရမ်းစားသောက်ဖို့ အကြံပေးခဲ့ကြတယ်။ အမေ့လုပ်စာကို မှီခိုစားသုံးနေတဲ့သူ့ကို လူတချို့က “ဆန်ပိုး” လို့ ခေါ်ခဲ့ကြတယ်။ သူ့တစ်သက်မှာ တွန်းလှည်းတောင် မစီးခဲ့ဖူးတဲ့သူက “ငါ့ဘဝဟာ ဒီလိုနဲ့ပဲ ပြီးသွားတော့မလား” လို့ သူ့ကိုသူ မပြတ်မေးခဲ့တယ်။

သူ့အတွက် တာဝန်ပိုကြီးခဲ့တဲ့အမေရဲ့ပင်ပန်းနွမ်းနယ်တဲ့ပုံရိပ်ကို သူ့ဦးနှောက်ရဲ့ အနက်ရှိုင်းဆုံးနေရမှာ ထုဆစ်ခဲ့တယ်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါထရပ်နိုင်အောင်ကြိုးစားမယ်။ လူတွေ အထင်သေးတာမခံရအောင် ငါရပ်နိုင်အောင် ကြိုးစားမယ်။ ငါရဲ့ခြေတွေလက်တွေဆုံးရှုံးခဲ့ရလို့ အမေယူကြုံးမရ ဖြစ်ခဲ့တယ်။ အခု ငါ့ရဲ့စိတ်ဓာတ်တွေ ထပ်ဆုံးရှုံးကုန်မယ်ဆိုရင် အမေ့ရင်ကို ပိုပြီး ဒဏ်ရအောင် လုပ်လိုက်တာနဲ့အတူတူပဲ”

“လက်တွေမရှိတော့ပေမယ့် ငါ့မှာ ပါးစပ်ရှိသေးတယ်”

အဲဒီလိုနဲ့စုပ်တံကို ပါးစပ်မှာကိုက်ပြီး သူ ပန်းချီဆွဲသင်ခဲ့တယ်။ သင်စမှာ တံထွေးတွေမပြတ်ယိုခဲ့ပြီး စုတ်တံကိုမြဲအောင် သူ မကိုက်နိုင်ခဲ့ရှာဘူး။ အခုအချိန်မှာတော့ သူဟာ အောင်မြင်တဲ့ ပန်းချီဆရာတစ်ဦး၊ လူငယ်တွေအတွက် ဟောပြောဆရာတစ်ဦး၊ ပျော်ရွှင်စရာမိသားစုဘဝကို ပိုင်ဆိုင်သူဖြစ်ခဲ့တယ်။

“လူဆိုတာ အင်မတန်သေးငယ်တယ်။ ဒါပေမယ့် ပြဿနာအမျိုးမျိုးနဲ့ ကြုံတွေ့ရတယ်။ လူတိုင်းမှာ လုပ်နိုင်တဲ့အရည်အချင်းတွေ ရှိကြပါတယ်။ လုပ်ချင်တဲ့စိတ်နဲ့ ရင်ဆိုင်ရဲတဲ့သတ္တိပေါ်မှာပဲ မူတည်တယ်” လို့ သူက ပြောခဲ့ပါတယ်။

ရှေးဆိုရိုးစကား တစ်ခွန်းက ဒီလိုဆိုပါတယ်။

“လက်မောင်းကောင်းတစ်စုံနဲ့ အလုပ်ကောင်းကို လုပ်ပါ။

ခြေထောက်ကောင်းတစ်စုံနဲ့ လမ်းကောင်းကို လျှောက်ပါ” တဲ့။

တချို့လူတွေက လက်ကောင်းခြေကောင်းတွေ ပိုင်ဆိုင်ထားကြတယ်။ သူတို့ ဘာလုပ်နေကြသလဲ?

ခြေမဲ့လက်မဲ့နဲ့ ဘဝကို သတ္တိရှိရှိရင်ဆိုင်ရဲခဲ့သူက ထိုင်ဝမ်ကျွန်း ထိုင်တုံမြို့ ဆင်းရဲသားမိသားစုက ပေါက်ဖွားလာခဲ့တဲ့ ပါးစပ်နဲ့ပန်းချီဆွဲတဲ့ ပန်းချီဆရာ Xie Kun Shan (၁၉၅၈ခုနှစ် ဇွန်လ ၂၁ရက် ----) ပဲဖြစ်ပါတယ်။ သူဟာ အမှောင်ထဲလဲကျခဲ့ရတဲ့ ကိုယ့်ဘဝကို အမေရဲ့ ကြီးမားတဲ့မေတ္တာအလင်းရောင်နဲ့ ထရပ်နိုင်ခဲ့ပြီး ဘဝကို လှပအောင် ဆေးရောင်ခြယ်သနိုင်ခဲ့သူဖြစ်တယ်။


http://tw.myblog.yahoo.com/charlotte-garden/article?mid=1757

နိုင်းနိုင်းစနေ


aye chan mon facebook မှ သိသမျှ ။




No comments:

Post a Comment