Monday, 30 April 2012

ကျွန်နော်တို့သတိမထားမိသော အစားအသောက်များမှ မမြင်နိုင်သော လူသတ်ကောင်များ


လူ့ခန္ဓာကိုယ်သည် ဒြပ်စင်(Element)ပေါင်း ၃၃ မျိုးဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ခန္ဓာကိုယ်အတွက် အကျိုးပြုသော ဒြပ်ပေါင်းများ(Compounds) နှင့် သတ္တုဓာတ်များ (Minerals)ကို အစားအသောက်များ စားသောက်ခြင်းဖြင့် အစာလမ်းကြောင်းမှတစ်ဆင့် ရရှိပါသည် ဓာတုဒြပ်ပေါင်းအတော်များများသည် အဆိပ်အတောက်ပစ္စည်းများ (Toxic Materials)  များပင်ဖြစ်သည်။ လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုသောဒြပ်ပေါင်း များမှာမူ အရေအတွက်အားဖြင့် နည်းပါးပါသည်။ ဥပမာအားဖြင့် ရေ၊ အငန်ဓာတ်ပါသော   အိမ်သုံးဆား (Sodium Chloride)၊ အချိုဓာတ်ပါ သကြားတွင်ပါဝင်သော ဂလူးကို့စ်(Glucose)၊ အချဉ်ဓာတ်ရှိ စားသောက်ဖွယ်ရာများတွင် ပါရှိသော Citric Acid နှင့်  Acetic Acid ဓာတ်၊ ခါးသောအစားအ စာများတွင်ပါဝင်သော   Alkaloid ဓာတ်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများတွင်ပါဝင်သည့် Lactose ဓာတ်၊ ဆန်၊ဂျုံပြောင်းတို့မှရရှိသောကစီဓာတ်(Carbonhydrate)၊အသားငါးဥနှင့်ပဲအမျိုးမျိုးမှရရှိသောအသားဓာတ်
(Protein)အစရှိသည်တို့ဖြစ်ပါသည်။
 လူ၏ ခန္ဓာကိုယ်အတွင်းသို့ အကျိုးပြုဒြပ်ပေါင်းများကို အစာလမ်းကြောင်းမှတစ်ဆင့်ရရှိသလို အကျိုးမပြုသော ဒြပ်ပေါင်းများကိုလည်း    ယင်းအစာလမ်းကြောင်းမှပင် အများဆုံးရရှိသည်။ အကျိုးပြုသည့်ဒြပ်ပေါင်းများကိုရရှိလျှင်   ကျန်းမာရေးအတွက်  လွန်စွာအထောက်အကူပြုသလို အကျိုးမပြုသည့်ဒြပ်ပေါင်းများ  ရရှိပါကကျန်းမာ အသက်ရှည်ရေးအတွက် အလွန်ဒုက္ခပေးပါသည်။

ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိလာသည့်  အကျိုးမပြုသော  ဒြပ်ပေါင်းများသည် ခန္ဓာကိုယ်က အလိုမရှိသည့် အဆိပ်ပစ္စည်း(Toxic Materials)ဖြစ်သဖြင့် ယင်းအဆိပ်တွေကို အသည်းက ချေဖျက်ပေးရသည်။ အသည်းကလည်း နိုင်သလောက်ဝန်ကိုသာ ချေဖျက်ပေးနိုင်သဖြင့် အဆိပ်တွေများလာလျှင် မချေဖျက်ပေးနိုင်တော့ချေ။

ထိုရောအခါ  အသည်းကလပ်စည်း(Cell)များတွင်   ကင်ဆာဝေဒနာဖြစ်ရပါ တော့သည်။ ထို့အတူပင် ယင်းအဆိပ်ဓာတ်များသည် အစာလမ်းကြောင်းတစ် လျှောက်ရှိ လည်ချောင်း၊ အစာအိမ်နှင့် အူ စသည့်အင်္ဂါအစိတ်အပိုင်း(Organ)အမျိုးမျိုးကို ဖြတ်သန်းသွားသဖြင့် ထိုအင်္ဂါအစိတ်အပိုင်းတို့သည် အကာအကွယ်မဲ့(Exposure)သွားကာ အဆိပ်ဓာတ်များနှင့်ထိ တွေ့မှု (Contact)  ဖြစ်ပြီး အင်္ဂါအမျိုးမျိုးတွင် ကင်ဆာဝေဒနာ အမျိုးမျိုးကို ဖြစ်ပွားစေ ပါတော့သည်။

 အကျိုးမပြုဘဲ အန္တရာယ်ပေးသည့်ဒြပ်ပေါင်းများ အစာလမ်းကြောင်းမှတစ် ဆင့် ခန္ဓာကိုယ်အတွင်းသို့  ၀င်ရောက်သည့် ဥပမာ သာဓကများကိုတင်ပြပါမည်။ အစားအ သောက်ဆိုးဆေး(Edible Dye)  မဟုတ်ဘဲ ဈေးပေါပြီး လူကို ဒုက္ခပေးသည့်  အ၀တ်အထည်ချည်မျှင် ဆိုးဆေး (Textile Dye)များဖြင့် ပြုပြင်စီမံထားသော  မျှစ်၊ အသားကင်အမျိုးမျိုး၊ ၀က်သားတုတ်ထိုး၊  ၀က်ဆီဖတ်ကြော်၊ ၀က်အူချောင်း၊ ကြက်အူချောင်း၊ ဆတ်သား၊ ဆိတ်သား-အမဲခြောက်၊ အအေးဖျော်ရည်အမျိုးမျိုး၊ ဆီးထုပ်၊ ယိုစုံအမျိုးမျိုး၊ လက်ဖက်၊ ငရုတ်ဆီ၊  ငရုတ်အရောင်တင်မှုန့် အစရှိသည်တို့ဖြစ်ပါသည်။  မှတ်မိသလောက်သာ  ဖော်ပြထားခြင်းဖြစ်ဖြစ်ပါသည်။ ယင်းပစ္စည်းများမှာ “ပြောမဆုံးပေါင် တောသုံးတောင်”ဆိုသလို များပြားလှပါသည်။    အမျိုးအမည်အမျိုးမျိုးကို စာရှုသူများ ဉာဏ်ဗဟုသုတဖြင့် ဆင်ခြင်ကြည့်ကြစေလိုပါသည်။

 “အသီးအရွက်များများစား အားရှိတယ်”ဆိုသောစကားသည် ယခုခေတ်တွင် ရာနှုန်းပြည့် မမှန်နိုင်တော့ပေ။ ခေတ်ပြောင်း သွားခဲ့ပါပြီ။ သိပံ္ပပညာထွန်းကား လာခြင်း၊ လူတို့၏ အတတ်ကျူး လာခြင်းနှင့် မဆင်မခြင်စည်းမဲ့ကမ်းမဲ့ ဆောင်ရွက်မှုများကြောင့် စိုက်ပျိုးရေးလောကတွင် အန္တ ရာယ်ကြီးလှသော ပိုးသတ်ဆေး များ(Insecticides နှင့် Pesticides   ကို ပရမ်းပတာသုံးလာကြ သည်။ သက်ဆိုင်ရာ တာဝန်ရှိသူ များက ယင်းပိုးသတ်ဆေးများကို စနစ်တကျသုံးစွဲရန် ပညာပေးညွှန်ကြားထားသော်လည်း တောင် သူ/စိုက်ပျိုးရေးသမား အတော် များများက စိတ်မ၀င်စားကြချေ။ သူတို့ စိတ်ဝင်စားသည်က သီးနှံများ ရောင်းပန်းလှ ဈေးကောင်း ရရေးသာဖြစ်သည်။ ပိုးသတ်ဆေး ဖျန်းအပြီး သုံးပတ်အကြာမှ ဆွတ်ခူး ရိတ်သိမ်းရမည်ဖြစ်သော်လည်း တောင်သူ/စိုက်ပျိုးရေးသမား အတော်များများက အသိပညာ၊ ဗဟုသုတ၊ မေတ္တာစေတနာ နည်းလှစွာဖြင့် ယင်းစည်းကမ်းကို မလိုက်နာကြချေ။
ထိုရောအခါ ဈေးကွက်သို့ ရောက်ရှိလာသော သီးနှံဟင်းသီး ဟင်းရွက် အတော်များများတွင် အဆိပ်ဓာတ်များပါသည့် ပိုးသတ် ဆေးဓာတ်ကြွင်းများ(Toxic Residues of Insecticides and Pesticides)ပါရှိနေပေသည်။ ၎င်းအန္တရာယ်ကို မျက်စိဖြင့်လည်း မမြင်နိုင်၊ အနံ့အားဖြင့်လည်း မဆုံးဖြတ်နိုင်၊ အရသာအားဖြင့် လည်း မသိရှိနိုင်ပါပေ။

 လူတွင် ၎င်းအန္တရာယ်ကို ရှာဖွေနိုင်သောကိရိယာ(Instrument)မရှိပေ။ဓာတ်ခွဲခန်း၌သာ ၎င်းအန္တရာယ်ကိုစစ်ဆေးအဖြေရှာနိုင်ပါသည်။    စာရေးသူမှာ နံနက် လမ်း လျှောက်ရင်း ကိုယ်တိုင်ဈေးဝယ် သူဖြစ်၍ ဈေးအတွင်းရှိ ချော ချောလှလှဖွံ့ဖွံ့ထွားထွား ဟင်းသီး ဟင်းရွက်များကိုမြင်တိုင်း ကြက် သီးတဖြန်းဖြန်းထပါသည်။ ဆရာ ကြီးရွှေဥဒေါင်း၏ စာရေးဟန်အ တိုင်းပြောရပါလျှင် “ကျွန်ုပ်သည် ပိုးသတ်ဆေးဓာတ်ကြွင်းများ၏ အန္တရာယ်ကို လွန်စွာကြောက် လန့်လှပါသည်။ သင်တို့ ယခု ရောင်းချနေသော ချောချောလှ လှဖွံ့ဖွံ့ထွားထွား ဟင်းသီးဟင်း ရွက်များကို ကျွန်ုပ် စိုးစဉ်းမျှ အလိုမရှိပါ။ မီးယပ်ပိန် မီးယပ်ခြောက် ပိုးစားလောက်ကိုက် ဟင်းသီးဟင်းရွက်များကိုသာ  ကျွန်ုပ်ရွေးချယ် ၀ယ်ယူပါတော့မည်”ဟု ဆိုရမလို ဖြစ်ပါတော့သည်။

 စာရေးသူသည် ထိုပိုးစား လောက်ကိုက် ဟင်းသီးဟင်းရွက်  များကို ဈေးတွင် ခက်ခက်ခဲခဲ ရှာ ဖွေဝယ်ယူရပါသည်။ သို့သော် လည်း ချက်ပြုတ်အပြီး မသဒီလှသေး သဖြင့် ကောင်းစွာ မျိုမကျ ချေ။ အခွံပါသော အသီးများကို တော့ အနည်းငယ်သဒီပါသေး သည်။ အခွံပါ အသီးအမျိုးမျိုးတို့ သည်လည်း ယနေ့ခေတ်တွင် မယုံကြည် စိတ်မချရတော့ချေ။ အသီး အမျိုးမျိုးသည် အသိဉာဏ်နုန့် နည်းသည့် လောဘသား စီးပွား ရေးသမားအချို့၏ စည်းမဲ့ကမ်းမဲ့ လုပ်ရပ်တွေကြောင့် မသန့်စင်တော့ ကြောင်းကို အလျဉ်းသင့်၍ ဖော်ပြရပါဦးမည်။ အချို့ အုန်းသီး၊ ငှက်ပျောသီးဆိုင်ရှင်တို့သည် ငှက် ပျောသီးအစိမ်းများကို ၀ယ်ယူစု ဆောင်းထားပြီး အချိန်ကိုက် အမြန်မှည့်အောင် ရောင်းပန်းလှ တွက်ခြေကိုက်အောင် ဆောင် ရွက်ကြပါသည်။ ပြုလုပ်ပုံမှာ ငှက် ပျောသီးအဖီးလိုက်၊အခိုင်လိုက်ကိုဓာတုဗေဒပစ္စည်းတစ်မျိုးဖြစ်သည့်    Ethylene Oxide  အရည်တွင် စိမ်ပစ်လိုက်ခြင်းဖြစ်ပါသည်။  ဤ ဓာတုဒြပ်ပေါင်းမှာ ဆန်၊ဂျုံ၊ပဲများ သိုလှောင်ရာတွင် ပိုးမထိုးစေရန် အသုံးပြုသည့် ပိုးသတ်ဆေးတစ်မျိုး ပင်ဖြစ်ပါသည်။ ကဲ..စာရေးသူတို့ စားသုံးနေကြသည့် ဟင်းသီးဟင်းရွက်ကအစ သစ်သီးအဆုံး ဘယ်ဟာမှ မသန့်စင်တော့ချေ။

နိဂုံးချုပ်ပြောရလျှင် အစားအသောက်များမှ မမြင်နိုင်သော လူသတ်ကောင်များ၏ အန္တရာယ်ကို ပညာဗဟုသုတဉာဏ်မျက်စိဖြင့်ကြည့်၍ ဝေးစွာရှောင်ရှားကြစေလို ကြောင်း စေတနာကောင်းဖြင့်တင်ပြလိုက်ရပါသည်။

7 Day News ဂျာနယ် မှ ဒေါက်တာစိုးသိမ်း ၏ကျန်းမာရေး ဆောင်းပါကို သိသမျှ မျှဝေခြင်း ဖြစ်ပါသည်။

5 comments:

  1. ဗဟုသုတ ရပါပေတယ်ဗျာ
    ကျေးဇူးပါ ကိုစိန်ခဲ့ရေ .........

    ReplyDelete
  2. ဖတ်သွားပါတယ်ရှင် ကျေူးဇူးတင်ပါတယ်

    ReplyDelete
  3. ဗဟုသုတလေးအတွက် ကျေးဇူးပါဗျာ

    ReplyDelete
  4. ဗဟုသုတ...ဗဟသုတုလေး မျှဝေးပေးလို့ ကျေးဇူး..လာရောက်ဖတ်သွားတယ်။ ဒိန်ခဲရေ...
    ပျော်ရွှင်သောနေ့လေး ဖြစ်ပါစေ


    ခင်မင်လျှက်
    အလွမ်း

    ReplyDelete
  5. သိခွင့်ရတဲ့အတွက်..တကယ်ကျေးဇူးပါပဲရှင်

    ReplyDelete