Thursday, 30 August 2012
တားမြစ်ဆေးပါ တရုတ် ပျားရည် အတွက် ပျားရည်လုပ်ငန်း အသင်း၏ ထုတ်ပြန်ချက်
တားမြစ်ဆေးပါ တရုတ် ပျားရည်များသည် တရုတ်-မြန်မာနယ်စပ်နှင့် မူဆယ် (၁၀၅)မိုင် လမ်းကြောင်းမှ တဆင့် ပြည်တွင်းသို့ ဝင်ရောက်နေမှု များကြောင့် ပြည်တွင်း လုပ်ငန်းရှင်များ၏ ပြည်ပ ဈေးကွက်ကို ခြိမ်းခြောက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ပျားရည်လုပ်ငန်း အသင်းမှ အလုပ် အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ ကြည်လွင်ဦးက ပြောကြားသည်။
တရုတ်ပျားရည်များ တင်သွင်းမှုကို အမေရိကန်နှင့် ဥရောပ နိုင်ငံ အချို့တွင် တားမြစ်ဆေးများ ပါဝင်သောကြောင့် ပိတ်ပင်ထားကြောင်း၊ တားမြစ်ဆေး ပါဝင်သော တရုတ်ပျားရည်များ မြန်မာနိုင်ငံသို့ ဝင်ရောက်လာမှုကြောင့် ပြည်တွင်းမှ ပြည်ပသို့ ပျားရည် တင်ပို့မှုတွင် တားမြစ်ဆေး ပါဝင်သော တရုတ်နိုင်ငံ၏ ပျားရည်များ တင်ပို့သည်ဟု ပြည်ပနိုင်ငံများမှ ယူဆပါက ယုံကြည်မှု ပျက်သွားနိုင်ကြောင်း၊
ထိုကဲ့သို့ ဖြစ်လာပါက မြန်မာ့ပျားရည် ပုံရိပ် ကျဆင်းသွားနိုင်ကာ ဈေးကွက်ပါ ပျက်သွားနိုင်ကြောင်း ၄င်းကဆိုသည်။
အောက်စီတက်ထရွာ ဆိုဒ်ကလင်း၊ ကလိုရိုဖီနင်ကော့နှင့် နိုက်ထရိုဖျူရမ် အစရှိသည့် ဓာတုဆေးဝါးများကိုပျားမွေးမြူရာတွင် ရောဂါဒဏ် ခံနိုင်ရန်အတွက် တရုတ်နိုင်ငံက သုံးစွဲနေပြီး တားမြစ်ဆေး ပါဝင်သော
ပျားရည်များကို သုံးစွဲပါက စားသုံးသူများ ရောဂါရနိုင်ကြောင်း ၄င်းက ရှင်းပြသည်။
"ကျွန်တော်တို့က တားမြစ်ဆေး ပါဝင်တဲ့ တရုတ် ပျားရည်တွေ ပြည်ပကို တင်ပို့နေတယ် ထင်သွားရင် ပြည်ပက ဝယ်တော့မှာ မဟုတ်ဘူး။ ပြည်ပပို့ ဈေးကွက်လည်း ပျက်သွားနိုင်တယ်" ဟု မြန်မာနိုင်ငံပျားရည်လုပ်ငန်း အသင်း ဥက္ကဌ ဦးပြည့်ဖြိုးအောင် ကပြောကြားသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဌာန (FDA )ကို ယင်းကိစ္စနှင့် ပတ်သက်၍ တရားဝင် စစ်ဆေးရန် ပြောဆိုလာပါက လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း FDA မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ခုချိန်ထိတော့ တရားဝင် ဘာမှ မသိရသေးဘူး ဟု ၄င်းက ပြောကြားသည်။မြန်မာနိုင်ငံ၏ ပြည်တွင်း ပျားရည် စားသုံးမှုသည် တစ်နှစ်လျှင် တန် ၃၅ မှ တန် ၅၀ အထိရှိကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ပျားရည် တန်ချိန် ၂၁၃၂ ပြည်ပသို့ တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ပျားရည်လုပ်ငန်း အသင်း၏ ထုတ်ပြန်ချက်များ အရ သိရသည်။
shwe myanmar journal မှ သိသမျှ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment