Tuesday 25 September 2012

အိုင်းရင်းခရော့စ် တေးဂီတအဖွဲ့ရဲ့ နယူးယောက် ဖျော်ဖြေပွဲ

အိုင်းရင်းခရော့စ် တေးဂီတအဖွဲ့ရဲ့ ၂၀၁၂ အမေရိကန်ပြည်ထောင်စု ခရီးစဉ် နောက်ဆုံးပွဲဖြစ်တဲ့ နယူးယောက် ဖျော်ဖြေပွဲကို ၂၀၁၂ စက်တင်ဘာ ၂၂ ရက်နေ့ ညနေ ၆ နာရီခွဲက နယူးယောက်မြို့၊ ဘီအမ်စီစီ တက္ကသိုလ် ဖျော်ဖြေပွဲ ခန်းမတွင် ကျင်းပခဲ့ပါတယ်။ ထိုဖျော်ဖြေပွဲကို ပရိသတ် ခန်းမပြည့်နီးပါး လာရောက် အားပေးခဲ့ကြကာ အိုင်းရင်းခရော့စ် ပရိသတ်ရဲ့ အားပေးသံ၊ သီချင်းဆိုသံ၊ သီချင်းတောင်းသံများနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ပါတယ်။
ထိုပွဲမှာ အဆိုတော် ဒီလွန်၊ ၀ိုင်ဝိုင်း၊ မျိုးကြီး၊ အငဲနဲ့ လေးဖြူတို့က အိုင်းရင်းခရော့စ် ၀ိုင်းတော်သားများရဲ့ လက်စမ်းပြတီးခတ်မှုများနဲ့အတူ ဖျော်ဖြေခဲ့ကြပါတယ်။ ဖျော်ဖြေနေစဉ်အတွင်း ဗညားနိုင်ရဲ့ ကီးဘုတ်
(Keyboard) တွေ ပြုတ်ကျတော့မလို ဖြစ်သွားခဲ့သော်လည်း အားလုံး အဆင်ပြေပြေနဲ့ တင်ဆက်သွားနိုင်ခဲ့ပါတယ်။ အိုင်းရင်းခရော့စ် အဖွဲ့ဟာ ၂၀၀၃ - ၂၀၀၄ ခုနှစ်က အမေရိကန်ပြည်ထောင်စုကို လာရောက် ဖျော်ဖြေခဲ့ပြီးနောက် ၈ နှစ်ခန့်အကြာမှာ ဒုတိယအကြိမ်မြောက် ခရီးအဖြစ် လာရောက်ခဲ့တာပါ။ ယခုပွဲများ ဖြစ်မြောက်အောင် Queen Bee Entertainment နဲ့ Chin Hills Collection တို့က စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။ အိုင်းရင်းခရော့ရဲ့ အမေရိကန်ပြည်ထောင်စု ပွဲများနဲ့
ပတ်သက်ပြီး ပွဲ စီစဉ်သူ မသီတာ (အဆိုတော် ဒီလွန်) က “အိုင်စီက ကိုချစ်စမ်းမောင်နဲ့ ကျမနဲ့က အရမ်း

ရင်းနှီးတယ် လေ၊ အခွေ ထုတ်တော့လည်း သူတို့နဲ့ ထုတ်တယ် ဆိုတော့။ သူတို့ကလည်း လာချင်တယ်ဆိုတော့ အမနဲ့အတူ စင်ကာပူက Chin Hills Collection နဲ့ ပေါင်းပြီးတော့မှ စတင် စီစဉ်ခဲ့တာပါ။ ဇူလိုင်မှာ လာဖို့ မတ်လကုန်လောက်ကတည်းက စတင် စီစဉ်ခဲ့ပါတယ်။ ဗီဇာမရမချင်းကတော့ နည်းနည်း စိတ်ပူတာတော့ ရှိတာပေါ့။ အခက်အခဲရယ်လို့တော့ ဘာမှ မရှိခဲ့ပါဘူး။“ လို့ ရှင်းပြခဲ့ပါတယ်။ သူက ဆက်လက်ပြီး “တချို့ငှားတဲ့နေရာတွေက ကျောင်းတွေနဲ့ ပတ်သက်တဲ့နေရာတွေဆိုတော့ လုံခြုံရေးနဲ့ အိုင်စီပရိသတ်က ပျော်ချင်ပါးချင်တာနဲ့ဆိုတော့

နည်းနည်းလေး အံဝင်ဂွင်ကျ မဖြစ်တာပေါ့။ အဲဒါလေးတွေကို ပွဲမပြီးမချင်း ဘယ်လို ထိမ်းရမလဲ၊ ညှိရမလဲဆိုတာလေးတွေပဲ စိတ်ပူခဲ့တာ ရှိပါတယ်။ နိုင်ငံခြားမှာ လုပ်တဲ့ ပွဲတွေက အရည်အသွေး ကောင်းကြတယ် လေ။ အမေရိကန်တွေ လုပ်တဲ့ပွဲတွေဆို တရာလည်း ၀ယ်ကြည့်၊ နှစ်ရာလည်း ၀ယ်ကြည့် ကြတယ် လေ။ နားထောင်ရတာကြတော့ သူတို့ အရည်အသွေးအတိုင်း နားထောင်ကြရတာ လေ။ အဲဒီ အရည်အသွေးအတိုင်း နားထောင်ရအောင်

ကြိုးစားခဲ့တာပါ။ ဒါ့ကြောင့် အရှုံးခံပြီး လုပ်တဲ့သဘောပေါ့။“ လို့လည်း ပြောပြပါတယ်။ ၂၀၁၂ ခုနှစ် နွေရာသီအတွင်း အမေရိကန်ပြည်ထောင်စုက မြန်မာမိသားစု အများစု နေထိုင်ကြတဲ့ဒေသများမှာ မြန်မာအငြိမ့်ပွဲ၊ ဂီတဖျော်ဖြေပွဲများ စသည်ဖြင့် မြန်မာအနုပညာရှင်များရဲ့ ဖျော်ဖြေပွဲများ ဆက်တိုက်ဆိုသလို ကျင်းပနိုင်ခဲ့တာကို သတိထားမိပါတယ်။ ဒီနှစ် ဖျော်ဖြေကြတဲ့ ပွဲများအနက် အိုင်းရင်းခရော့စ် ဖျော်ဖြေပွဲများကတော့ အအောင်မြင်ဆုံး ပွဲများ ဖြစ်တယ်ဆိုတဲ့ သုံးသပ်သံများ ကြားခဲ့ရပါတယ်။

ရွှေပြည်သာယာ မှ သိသမျှ ။


No comments:

Post a Comment