Thursday, 18 October 2012

လူငယ်တို့ နိုင်ငံကို ဦးဆောင်မယ်ဆိုရင်


လူ့ဘောင်တွင်းမှာ လူငယ်နဲ့ လူကြီး ခြားနားမှုတွေ အရမ်းများလာပါတယ်။ လူကြီးပြောတဲ့ စကား လူငယ်နားထဲ မဝင်တော့သလို၊ လူငယ်ပြောတဲ့ စကားလည်း လူကြီးနားထဲ မဝင်တော့ ပါဘူး။ တက္ကသိုလ်စာသင်ခန်းတွေထဲမှာ လူစုံမနေတော့ပါဘူး။ မိဘထမင်းဝိုင်း မှာမစုံတော့ပါဘူး။ အိမ်အချိန်မှန် ပြန်မရောက်တော့ပါဘူး။ကလပ်မှာ၊ဘီယာဆိုင်မှာ၊အနှိပ်ခန်းမှာ၊ ပျော်ပွဲစားတန်းမှာ၊ လောင်ကစားဝိုင်းမှာ၊ လက်ဘက်ရည်ဆိုင်မှာ၊ ဂိမ်းဆိုင်မှာ၊ ပန်းခြံမှာ လူငယ်အရေအတွက်တွေ တိုးသထက်တိုးလာပါတယ်။
ဒီတော့ လူငယ်တွေထဲမှာ အကြမ်းအားဖြင့် နှစ်မျိုးထွက်ပေါ်လာပါတယ်။ တစ်မျိုးက စာကြမ်းပိုးနဲ့ တစ်မျိုးက ဖြစ်သလို ဖြစ်ပါတယ်။ စားကြမ်းပိုးဆိုတာကတော့ ထုံးစံအတိုင်း ပတ်ဝန်းကျင် လေ့လာမှုအားနည်းပြီး အရာရာကို မျက်ကွယ်ရှုပြီး ကိုယ့်လမ်းကိုလျှောက်နေ သူ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ စာလည်း လုပ်ချင်လုပ်မယ်။ မလုပ်ချင်မလုပ်ဘူး။ အလုပ်လည်း လုပ်ချင်လုပ်မယ်။ မလုပ်ချင်မလုပ်ဘူး။ အပျော်အပါး ခုံမင်မယ်။ ကြားနေကျ အတိုင်းဆိုရင် ဂိမ်းဆော့မယ်၊ ဘော်ဒါတွေနဲ့လိမ့်မယ် အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ စားကြမ်းပိုးလည်း မကောင်းသလို၊ ဖြစ်သလို လူငယ်လည်း မကောင်းပါဘူး။ဒီတော့ လူကြီးတော်တော်များများက ထွက်တဲ့ လေသံက ဒီလိုပါ “ဒီခေတ်ကလေးတွေ တော်တော်ပျက်ဆီး နေပြီ၊ မင်းတို့ဆီ ငါတို့နိုင်ငံလက်ဆင့်ကမ်းရမှာ ရင်လေးသကွာ” ဆိုတာပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ ခံနိုင်ပါသလား။ ကိုယ်တိုင်ကရော် တကယ်ပျက်ဆီး နေပြီလား။ အမှန်တော့ လူကြီး လူငယ်ကြား ခြားနားမှု ကြီးမားလာခြင်းကြောင့် ဒီလို အသံများ ထွက်လာခြင်း ဖြစ်ပါတယ်။ ဒီတော့ ပညာ သင်ကြားဆဲနဲ့ လုပ်ငန်းခွင် စတင်ဝင်ရောက်နေတဲ့ လူငယ်များအတွက် ဒီစာက ရည်ရွယ်ပါ တယ်။

၁။ ပညာသင်ကြားခြင်း

တော်တော်များများ ပြောကြပါတယ်။ သင်သာသင်နေတာ၊ ဘာမှအကျိုးမရှိဘူး။ စာမေးပွဲတွေလည်း တစ်ခုပြီးတစ်ခု၊ အစရှိသဖြင့် ငြီးငြူတတ်ကြပါတယ်။ ဒီမှာ ငြီးငြူပြီး အကြောင်းပြချက်အမျိုးမျိုးကို ပညာကို အလေးမထားသူဟာ တကယ် လူညံ့ဖြစ်ပါတယ်။ အချို့ ကဥာဏ်ကောင်းတယ်။ တို့နိုင်ငံ ပညာရေးက အဆင့်နှိမ့်လို့ စာမလုပ်ချင်ဘူး လို့ဆိုပါတယ်။ အမှန်ဆို ဒီလိုနှိမ့်ပါတယ်လို့ ယူဆရင် ကိုယ်က
အများထက်သာအောင် လုပ်ပြရမှာ ဖြစ်ပါတယ်။ ခရီးတစ်ခုကို ဆုံးအောင်မသွားရသေးပဲ ဒီခရီးက မပင်ပန်းဘူး (သို့မဟုတ်) မခက်ခဲဘူးလို့ ဟစ်ကြွေးနေလို့မရပါ။ ကိုယ်က ခရီးတစ်ခုလုံးကို ဆုံးအောင် လျှောက်ထားမှ အမျိုးမျိုး ပြန်လည်ဝေဖန်နိုင်မှာဖြစ်ပါတယ်။ ခက်တယ်ဆို လဲခက်တယ်၊ လွယ်တယ်ဆိုလည်း လွယ်တယ် ပြောပြနိုင်အောင် ကြိုးစားခြင်းဖြင့် သက်သေပြရမှာ ဖြစ်ပါတယ်။ ဒါမှ ကိုယ်က အများအားထားရမယ့် လူတစ်ယောက် ဖြစ်လာ မှာ ဖြစ်ပါတယ်။

လွယ်ပါသလား။ လွယ်တယ်ဆိုရင် နံပါတ်တစ်ဖြစ်အောင်ကြိုးစားပြီး သက်သေပြလိုက်ပါ။ သင်ယူရန် ခက်ခဲနေပါသလား အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး ဒီအခက်အခဲကို သက်သေပြနိုင်အောင် ကြိုးစားပါ။ ဒါဆို ပညာရေးစနစ်တစ်ခုလုံး ပြောင်းလဲမသွားတောင် ကိုယ်က ဒီထဲမှာ အကောင်းဆုံး ဖြစ်နေပါပြီ။ ကျောင်းမလစ်ပါနဲ့။ အတန်းမပျက်ပါနဲ့၊ ဆရာ၊ဆရာမများကို လေးစားပါ။ ပညာကို လေးစားပါ။ ပညာဆိုတာ အမြဲသင်ကြားနေ ရတာဖြစ်ပါတယ်။ ကျောင်းပြီးပေမယ့် ကိုယ်ရောက်ရာအရပ်မှာ အမြဲတမ်း သင်ယူလေ့ လာနေရတာ ဖြစ်ပါတယ်။

၂။ ပျော်ရွှင်မှု

စာဖတ်သူတို့ ဘာလုပ်ရင်ပျော်သလဲ။ ဂိမ်းဆော့ရင်ပျော်သလား၊ ဘော်ဒါတွေနဲ့ လိမ့်နေရတာ ပျော်သလား၊ ဘီယာသောက်နေရတာပျော်သလား။ ပျော်ရွှင်မှုကို ဘယ်လို ဖန်တီးပါသလဲ။ ယင်းပျော်ရွှင်မှုက ကိုယ့်အပေါ် ဘယ်လို သက်ရောက်မှု ရှိသလို၊ ကိုယ့်နဲ့သက်ဆိုင်သူများကိုလည်း ဘယ်လို သက်ရောက်မှု ရှိတယ်ဆိုတာ ထည့်တွက် စဉ်းစားဖူးပါသလား။ ဆေးလိပ်သောက်တာ မကောင်းမှန်းသိတယ်။ ဒါဆို ဘာလို့သောက်နေ တာလဲ။ သူငယ်ချင်းက စမ်းခိုင်းလို့သောက်ကြည့်ရင်း ကြိုက်သွားတာလား၊ ဖြတ်မရ တာလား၊ ဖြတ်ဖို့ရော စိတ်ကူးရှိသလား။ အရက်၊ ဘီယာ၊ အစရှိသဖြင့် အားလုံး၊အားလုံး ပါဝင်ပါတယ်။ သောက်ပါ၊ စားပါ၊ ပျော်ရွင်ပါ။ သို့သော် မိမိဖန်တီးယူသော ပျော်ရွှင်မှုဟာ သူတစ်ပါးကို မထိခိုက်ဖို့လိုအပ်ပါတယ်။

ဒါဆို စာဖတ်သူကပြောမယ်။ “ငါဆေးလိပ်သောက်တာ ဘယ်သူမှမထိခိုက်ဘူး” “အရက်သောက်လို့ ထိခိုက်ဘူး” ပထမဆုံး အနီးစပ်ဆုံး မိဘကိုကြည့်ပါ။ အဖေကြိုက်သလား၊ အမေကြိုက်သလား၊ တားမရလို့ ဒီတိုင်းထားပေမယ့် ကိုယ့်သားသမီး သောက်စားတာကို ဘယ်မိဘက မြင်ချင်ပါသလဲ။ သောက်စား၊ အဂတိလိုက်စားခြင်းဟာ ဘာသာတိုင်းမှာလည်း မကောင်းဘူးလို့ ဆိုထားပါတယ်။ စာဖတ်သူဟာ မိဘလုပ်စာ ထိုင်စားနေသေးပေ မယ့် သောက်စားပျော်ပါး တတ်နေပြီဆိုရင်တော့ တော်တော်လေးကို မိုက်မဲနေပါပြီ။ ဒီအရွယ် ကတည်း သောက်စားပျော်ပါးတတ်နေရင် နောင် အနာဂတ်မှာ ဘယ်လို ဦးဆောင်တော့မလဲ။ ဘယ်လို ကြီးမားတဲ့ တာဝန်တွေယူတော့မလဲ။ တဏှာဆိုတာ ပုထုဇဉ်နဲ့ မပြတ်ဘူးဆိုပေမယ့် အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ခြင်းဟာ အောင်မြင်မှု တစ်ခု ဖြစ်ပါတယ်။

ပြီးတော့ မိဘဖြစ်စေချင်တာ လုပ်ပေးလိုက်တာမျိုးကလည်း ခံစားတတ် ရင် ပျော်ရွှင်မှုတစ်မျိုးဖြစ်ပါတယ်။ ဒီတော့ ပေးဆပ်ခြင်းဖြင့် ရတတ်တဲ့ ပျော်ရွှင်မျိုးကိုလည်း အတတ်နိုင်ဆုံးနားလည် ဖန်တီးတတ်ရပါမယ်။ ဒါဆို အတ္တတွေ အတတ်နိုင်ဆုံးနည်းသွား မှာ ဖြစ်ပါတယ်။

၃။ ဘာသာရေး

အချို့ ဆို“သြကာသ” ပဲ အလွတ်ရတယ်။ ကျန်တာမသိတော့ဘူးလို့ဆိုပါတယ်။ ဘာသာရေး ဆိုတာ လူသားတို့ရဲ့ အရိုင်းစိတ်ကို ဖိထားပေးတဲ့ အရာဝတ္ထုတစ်ခု ဖြစ်ပါတယ်။ ကိုးကွယ်ရာ ဘာသာသာ မရှိတော့ရင် ကမ္ဘာဆိုတာလည်း ရှိတော့မှာမဟုတ်ပါဘူး။ အခုက တည်း ဘုရားစာ အလွတ်မရတော့ဘူး။ ဘုရားကျောင်းပုံမှန် မတတ်တော့ဘူး။ ဝတ်မပြုတော့ဘူး။ အစရှိသဖြင့် အဖက်ဖက်ကသာ ချို့ ယွင်းသွားမယ်ဆိုရင် ကမ္ဘာမပျက် ရင်တောင် ကိုယ်နေတဲ ပတ်ဝန်းကျင် ကြိမ်းသေပျက်ပါတယ်။ ဒီတော့ မိမိကိုးကွယ်တဲ့ ဘာသာအလျောက် လေ့လာ လိုက်စားရန် လိုအပ်ပါတယ်။ ဘာသာရေးမှာ ပြီးပြည့်စုံတဲ့ ဒဿန တရားတွေ ရှိပါတယ်။ အခြားရှာဖတ်စရာမလိုပါ။ ဘာသာရေးစာပေတွေမှာ အပြည့်အစုံ ရှိပါတယ်။ လေ့လာရန် လည်း လွယ်ကူပါတယ်။ အချို့ ကျ ဘသာရေးဆိုတာ အသက်ကြီးမှလုပ်ရတာလို့ ယူဆပါ တယ်။ ဒါဟာ မှားယွင်းတဲ့ အယူအဆဖြစ်ပါတယ်။ ဘာသာရေးကိုအမြဲမပြတ်လုပ်ပြီး မိမိနှင့် ပတ်ဝန်းကျင်ကို ပြန်လည် ထိန်းကျောင်းပေးရခြင်း ဖြစ်ပါတယ်။

၎။ ပန်းတိုင်

ကြိုးသာ ကြိုးစားနေပါတယ်။ ပညာသင်တယ်။ ပျော်ရွှင်မှုကို အတတ်နိုင်ဆုံး ထိန်းကျောင်း ယူတယ်၊ ဘာသာရေး လိုက်စားတယ်။ သို့ပေမယ့် ဘဝပန်းတိုင်မရှိဘူးဆိုရင် အလကားပါပဲ။ ဘဝပန်းတိုင်ဆိုတာဘာလဲ။ စီးပွားရေးလုပ်ငန်းရှင်လား၊ နိုင်ငံအုပ်ချုပ်သူများ၊ ပါရဂူဘွဲ့ရ ဆရာဝန်လား၊ အင်ဂျင်နေယာချုပ်လား အစရှိသဖြင့် အမျိုးမျိုးကွဲပြားပါတယ်။ ထိုကဲ့သို့ နေရာတစ်နေရာရာ၊ ရာထူးတစ်ခုခုကို ပန်းတိုင်ထားပြီး ကြိုးစားနေတယ်ဆို ရင် ကောင်းတယ်ဆိုပေမယ့် အကောင်းဆုံး မဖြစ်သေးပါဘူး။ ဘာလို့လဲဆို ယင်းနေရာတစ်ခု ကို ရောက်ပြီးရင် ဘဝဆိုတာ အဓိပ္ပါယ် မဲ့သွားတတ်ပါတယ်။ လူဆိုတာ ကမ္ဘာမှာ ဥာဏ်ရည် အမြင့်ဆုံး သက်ရှိ ဖြစ်ပါတယ်။ ယင်း နေရာ၊ ရာထူးတစ်ခုဆိုတာ ကိုယ့်ရဲ့ သေးငယ်တဲ့ ပန်းတိုင်အစိတ်အပိုင်းငယ် တစ်ခုမျှသာ ဖြစ်ပါတယ်။

ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲနိုင်တဲ့ ခွန်အားတစ်ခုရှိတယ်လို့ အပြည့်အဝယုံကြည် ထားရင် ပန်းတိုင်ဆိုတာ တစ်ခုပြီးတစ်ခု အမြဲရှိနေတတ်ပါတယ်။ ၆လအတွင်းဖြစ် လာမည့်အ ရာ၊ ၁နှစ်အတွင်း ဖြစ်လာမည့်အရာ၊ ၅ နှစ်အတွင်း ဖြစ်လာမည့် အရာ အစရှိသဖြင့် ရည်မှန်းချက်ခိုင်ခိုင်ထားပြီး စိတ်ပျက်အားငယ်ခြင်းမရှိပဲ ကြိုးစားရမှာ ဖြစ်ပါတယ်။ တစ်ခုပြီးရင် တစ်ခုကအမြဲအဆင်သင့်ရှိနေရပါမယ်။

ပညာအမြဲသင်ကြားလေ့လာထားခြင်း၊ ပျော်ရွှင်မှုကို အကောင်းဆုံးဖန်တီးယူခြင်း၊ ဘာသာရေး လေ့လာလိုက်စားခြင်း၊ ဘဝရည်မှန်းချက် ပန်းတိုင်များ ရှိခြင်း အစရှိသဖြင့် ပြည့်စုံနေရင် ဘယ်သူကမှ မကဲ့ရဲ့ တော့ပါဘူး။ ပျက်ဆီးနေတဲ့သူလို့ မပြောတော့ပါဘူး။ နိုင်ငံကို တကယ် ပုခုံးထမ်း ဦးဆောင်နိုင်တဲ့သူဆိုပြီး လူကြီးတွေ လက်ခံလာကြမှာ ဖြစ်ပါတယ်။ လူကြီးနဲ့ လူငယ်ကြား ဝေးကွာမှု နည်းသွားသလို လူငယ်ဆိုတာ လေးစားစရာ ပုဂ္ဂိုလ်လို့ ထင်လာမှာ ဖြစ်ပါတယ်။ တကယ်ပဲ နိုင်ငံကို အကျိုးပြု တဲ့ လူငယ်များလို့ ကြီးကြီးကျယ်ကျယ် မပြောရင်တောင် ပတ်ဝန်းကျင်က အထင်ကြီးလေး စားရတဲ့ လူငယ်များ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

 အောင်ခမ်း (TSJ team) မှ သိသမျှ ။

No comments:

Post a Comment