Friday 5 October 2012

အချစ်ကြောင့် မည်သူမဆို ကဗျာဆရာ ဖြစ်နိုင်ပါတယ်


လူသားဘဝမှာ လိုအပ်ချက် တွေက များပြားလွန်းပါတယ်။ ပြီး တော့ ဘယ်သူမဆို စိတ်ကူးယဉ် တတ်ကြတယ်။ ပျော်ပျော်ရွှင်ရွှင် နေထိုင်ချင်ပါတယ်။ အဲဒီအခါ "ဘဝအဖော်မွန်" ဆိုတဲ့ စကားက လည်း အရေးပါလာပါတယ်။
သီချင်းလေး တစ်ပုဒ်ကို သွား သတိရမိပါတယ်။ "တူနှစ်ကိုယ်တဲ အိုပျက်မှာနေရ နေရ ချစ်တာ ချစ် တာပဓာန" ဆိုတာလေ။ ဒါဟာ အချစ်ရဲ့ အရေးကြီးမှုကို ဖော်ညွှန်း နေတဲ့ တေးစာသားပါ။ လူ့ဘဝရဲ့ လိုအပ်ချက်ထဲမှာ အချစ်ကလည်း မရှိမဖြစ် နေရာကနေ ပါဝင်လာ တော့တာပေါ့။
တကယ့်ဘဝမှာ တဲအိုပျက်မှာ အတူတူနေဖို့ ဆိုတာက စွန့်စားရမှာ ပါ။ ဒါပေမဲ့ အချစ်က ချစ်သူတွေ ကို အခက်အခဲ တွေရှိရင်ကျော်ဖြတ် ရဲတဲ့ သတ္တိကို ပေးစွမ်းပါတယ်။ ဟိုးကမ္ဘာဦးကတည်းကနေ ဒီနေ့ ထက်ထိ အချစ်ဟာ ချိုမြိန်တဲ့ ပန်းသီးတစ်လုံးဖြစ်နေတုန်းပါပဲ။
တိုတောင်းလှတဲ့ လူ့ဘဝမှာ လောဘ၊ မောဟ၊ ဒေါသတွေနဲ့ပဲ အချိန်ကုန် နေမယ်ဆိုရင် အကုသိုလ်ပဲ ဖြစ်နေမှာပါ။ ဆေး ပညာ တွေ့ရှိချက် တွေကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ လူတစ်ယောက်ဟာ စိတ်တိုနေရင်၊ ဒေါသထွက်နေရင် စိတ်ဖိစီးမှုဖြစ် စေတဲ့ ဟော်မုန်းတွေကို လူ့ခန္ဓာ
ကိုယ်က ထုတ်ပေးပါသတဲ့။ အဲလို မဟုတ်ဘဲ စိတ်ကြည်နေရင်၊ ချစ်ခြင်းခံစားချက်တွေ ရှိနေရင် ကျန်းမာရေးကို အထောက်အကူပြု တဲ့ ဟော်မုန်းတွေကို ထုတ်ပေးပါသ တဲ့။
ဘာသာရေး ရှုထောင့်က ကြည့်ရင်လည်း ဘာသာတရားတိုင်း က ချစ်ခြင်းမေတ္တာကို အလေးထား ဖို့ သွန်သင်တာတွေ့ရပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာကြီးပေါ်မှာ စစ်ပွဲတွေဖြစ်နေတာဟာ ချစ်ခြင်း မေတ္တာကို အလေးမထားကြလို့ပါ ပဲ။ နေ့စဉ်ရှင်သန်မှုအတွက် မဖြစ်မ နေ ထမင်းစားရသလို၊ ရေသောက် ရသလို ချစ်ခြင်းလိုအပ်ပါတယ်။
"ချစ်လျှင် အကျိုး၊ မုန်းလျှင် အပြစ်" ဆိုတဲ့ စကားလိုပါပဲ။ လူတစ်ယောက်ဟာ သူချစ်တဲ့သူ လုပ်သမျှ အကောင်းထင်ပါတယ်။ ကိုယ့်အပေါ် ဆိုးရင်လည်း "နွဲ့ဆိုး ဆိုးတာပဲလေ"ဆိုပြီး ခွင့်လွှတ်ပါ တယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုး၊ စိတ်ကောက်ကြလို့ ချော့ရ တာကလည်း အရသာတစ်မျိုးပေါ့။ သူ့လိုအပ်ချက်ကို ဘယ်လိုဖြည့် ဆည်းပေးရမလဲလို့ စဉ်းစားနေ တတ်တယ်။
ချစ်နေကြရာကနေ မုန်း သွားကြရင်တော့ အဲဒါနဲ့ဆန့် ကျင်ဘက်လို့သာ မှတ်ပေတော့။ ကိုယ်မုန်းသွားတဲ့သူ (ဒါမှမဟုတ်) ကိုယ်မုန်းတဲ့သူ ဘာပဲလုပ်လုပ် ကောင်းတယ်လို့ကိုမထင်တော့ဘူး။ ဒါကြောင့်အချစ်နဲ့ အမုန်းဟာ နယ်နိမိတ် မျဉ်းပါးပါးလေးပဲ ခြားနေ တာပါ။
တစ်ခုတော့ရှိပါရဲ့ "မေတ္တာ ပေးမှ မေတ္တာရ" ဆိုတဲ့ စကားလိုပဲ ကိုယ့်ကိုတော့ သူများချစ်တာ ခံချင်တယ်။ ကိုယ်ကတော့ ဘယ်သူ့ မှ မချစ်တတ်ဘူးဆိုရင် ဘယ်လို လုပ်ပြီး တရားမျှတတော့ပါမလဲ။ လူအချင်းချင်း မဆိုထားနဲ့ တိရစ္ဆာန် တွေအပေါ် မေတ္တာထားရင်တောင် တိရစ္ဆာန်တွေက ကိုယ့်ကိုပြန်ပြီး မေတ္တာထားပါတယ်။ အိမ်မွေး တိရစ္ဆာန်တွေက အစပေါ့။
သမိုင်းမှာ ပြန်ကြည့်ရင်လည်း အချစ်နဲ့ပတ်သက်တဲ့ကဗျာတွေဟာ ဘယ်တော့မှ ရိုးအီမသွားပါဘူး။ အိုမာခရမ်၊ ခရစ္စတီနာရိုဆက်တီ၊ ရာဘင်ဒြာနတ်တဂိုးတို့ရဲ့ အချစ် ကဗျာတွေကို နှစ်နှစ်သက်သက် ဖတ်ရှုနေကြတုန်းပါပဲ။ မြန်မာ့ စာပေသမိုင်းမှာလည်း နတ်သျှင် နောင်ဟာ တစ်ဖက်ကကြည့်ရင် ပေါ်တူဂီတွေနဲ့ ပူးပေါင်းခဲ့တဲ့ အတွက် သစ္စာဖောက်၊ တစ်ဖက်က ကြည့်ရင် ဓာတုကလျာကို အချစ် ကြီးချစ်ရှာတဲ့ ကဗျာဆရာတစ် ယောက်ပါ။ စာဆိုရှင် မယ်ခွေ ကတော့ "မဝယ်ဘူးမယ်ခူးတဲ့ ဖက်စို" အစချီပြီး သူ့ချစ်သူအတွက် ဆေးလိပ်ကို ကိုယ်တိုင်လိပ်ပေးတဲ့ အကြောင်း ကဗျာရေးခဲ့ပါတယ်။
ကဗျာဟာ လူသားတွေရဲ့ ရင် ထဲကအသံပါ။ ဒါကြောင့်အချစ် အကြောင်း ရေးတဲ့ကဗျာတွေဟာ ရင်နဲ့ခံစားရေးရတာချည်းပါပဲ။ အနည်းဆုံးတော့ ဘယ်သူမဆို ရင်ခုန်တတ်စအရွယ်မှာ ဒိုင်ယာရီ ထဲမှာ ကဗျာလေးတွေ ရေးဖွဲ့ခဲ့ ကြမှာပါပဲ။ ဒီကဗျာလေးတွေဟာ သာမန်လို့ ထင်ရပေမယ့် နောင်တစ် ချိန်မှာ ပြန်ဖတ်ကြည့်ရင် နှစ်သက် စရာ၊ အမှတ်ရစရာကောင်းနေပါ လိမ့်မယ်။
စာရေးသူရဲ့ အမြင်ကတော့ အချစ်ကဗျာရေးကြတာကို အား ပေးပါတယ်။ ဒါဟာ ကလေးက လားလုပ်ရပ်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ခံစားချက်ကို ဘယ်သူ့ကိုမှ ထုတ် ဖော်မပြောချင်ရင်ကဗျာအဖြစ် ချရေးတာအကောင်းဆုံးပါပဲ။ ဝါရင့် ကဗျာဆရာ / ဆရာမတွေမှ မဟုတ်ပါဘူး။ ဘယ်သူမဆို ကဗျာ ရေးနိုင်ပါတယ်။ ချစ်ခြင်းက ပေးတဲ့ အခွင့်အရေးလို့တောင်ပြောနိုင်ပါ တယ်။
ကဗျာတွေကလို တကယ့် ဘဝမှာ သစ္စာရှိရှိနဲ့ ချစ်သွားဖို့က လည်းအရေးကြီးပါတယ်။ တစ် ယောက်နဲ့ တစ်ယောက် ချစ်သူတွေ ဖြစ်သွားကြရင် အတတ်နိုင်ဆုံး သည်းခံခွင့်လွှတ်တတ်ဖို့လိုပါတယ်။ အသေးအဖွဲ အခက်အခဲတွေကို ညည်းညူမနေဘဲ နှစ်ယောက်အတူ ဖြေရှင်းဖို့ လိုပါတယ်။ ဒါမှသာ လက်ထပ်ပြီးတဲ့အခါ တွေ့ကြုံရနိုင်တဲ့ အခက်အခဲတွေကို ရင်ဆိုင်နိုင်မှာ ပါ။ ကိုယ့်ချစ်သူအပေါ် ဂရုစိုက်ဖို့ လည်း ဘယ်တော့မှ မမေ့လိုက်ပါနဲ့။ လက်ဖက်ရည် ဆိုင်ထိုင်တဲ့ အခါမှာ ပဲ ဖြစ်ဖြစ်၊ အအေးဆိုင်ထိုင်တဲ့ အခါမှာပဲ ဖြစ်ဖြစ်ချစ်သူ့ အကြိုက် ကို မှတ်ထားသင့်ပါတယ်။
ပျော်ရွှင်စရာကောင်းတဲ့၊ ကဗျာဆန်တဲ့ ချစ်သူဘဝကို ဖန်တီး ဖို့က ချစ်သူနှစ်ယောက်စလုံးရဲ့တာ ဝန်ပါ။ ကဗျာလေးတွေလို လှပတဲ့ ချစ်သူတို့ရဲ့ လမ်းကို သစ္စာရှိမှု၊ နားလည်မှု ၊ ကြင်နာမှုတို့နဲ့သာ လျှောက်လှမ်းနိုင်မှာပါလို့ ပြောပါရ စေလား။

ပန်းပွင်ကဗျာ, 8 Day Journal မှ သိသမျှ ။

No comments:

Post a Comment