Tuesday 16 October 2012

ဆံကေသာက ပြောပြနေသော သင့်ကျန်းမာရေး



 ဆံပင်နဲ့ ပတ်သက်ပြီး လေ့လာခဲ့တဲ့အခါမှာ ဆံကေသာဟာ အလှအပနဲ့ သာမက ကျန်းမာရေးနဲ့လည်း ဆက်စပ်မှုရှိနေကြောင်း  လေ့လာတွေ့ရှိ ခဲ့ရပါတယ်။ ဒါကြောင့် ဆံကေသာဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေကို ဘယ်လို ဖော်ညွှန်းနေသလဲ ဆိုတာကို ဆန်းစစ် လေ့လာကြရအောင်

(၁) ခြောက်သွေ့၊ ဖျော့တော့ ခွေယိုင်ကာ ပါးနေသော ဆံပင်သား

ဘာကိုဆိုလိုသလဲဒါဟာ ဆံပင်သားကို လေမှုတ်စက် အသုံးလွန်တာ၊ ဆံပင်ဆိုးဆေး အသုံးများတာနဲ့ ကလိုရင်းဆေး ခတ်ထားတဲ့ ရေကူးကန်ထဲမှာ ရေကူးများတာစတဲ့ ဆံပင်သား ခြောက်သွေ့စေတဲ့ ကိစ္စတွေကို လုပ်ထားကြောင်း ပြသနေရာ ရောက်ပါတယ်။ ဒါပေမဲ့ ဆံလုံးသေးပြီး ဆံပင်သားဟာ ရုတ်တရက်ပြောင်းလဲ ပျက်စီးသွားတာကတော့ သိုင်းရွိုက်ဟော်မုန်း ထွက်ရှိမှုနည်းတဲ့ အခြေအနေကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
နောက်ထပ်သဲလွန်စများသိုင်းရွိုက်ဟော်မုန်း ထွက်ရှိမှုနည်းတဲ့ အခြေအနေရဲ့ တခြားလက္ခဏာ တွေကတော့ နုံးခြင်း၊ ကိုယ်အလေးချိန် တက်ခြင်း၊ နှလုံးခုန်နှုန်း နှေးခြင်းနဲ့
တစ်ချိန်လုံး အေးစက်နေခြင်းတို့ပဲ ဖြစ်ကြပါတယ်။
ဘာလုပ်သင့်သလဲသင့်သွေးတွင်း သိုင်းရွိုက်ဟော်မုန်း အတိုင်းအတာကို သိနိုင်အောင် သွေးစစ်ဆေးမှုကို ခံယူနိုင်ဖို့ ဆရာဝန်နဲ့ တွေ့ဆုံပါ။

(၂) ဆံစပ်နေရာမှစကာ ဦးရေပြားပေါ်မှာ အကြေးခွံဖတ်များ ကွာကျနေခြင်း

ဘာကို ဆိုလိုသလဲဦးရေပြားပေါ်မှာ ထူထဲတဲ့ အကြေးခွံဖတ်တွေ ရှိနေတဲ့ အခြေအနေကို ဆိုးရီးယေးစစ် အရေပြားရောဂါလို့ ဆိုနိုင်ပါတယ်။ ဒါက ဗောက်ထတဲ့ အခြေအနေနဲ့ မတူပါဘူး။ ဆိုးရီးယေးစစ် ရောဂါဟာ ကိုယ်တွင်းစနစ်တွေကို ပြန်တိုက်ဖျက်တဲ့ ကိုယ်ခံအား လွန်ကဲတဲ့ရောဂါ (Autoimmune disease) တစ်မျိုးဖြစ်ပြီး အရေပြားဆဲလ်တွေ ကွာကျတတ်ပါတယ်။
နောက်ထပ်သဲလွန်စများဆိုးရီးယေးစစ်ဟာ တခြားကိုယ်ခံအား လွန်ကဲတဲ့ ရောဂါတွေဖြစ်တဲ့ ခရုမ်းရောဂါ၊ ရူမတွိုက် အဆစ်ရောင်ရောဂါ၊ Lupus ရောဂါတွေနဲ့ တွဲဖြစ်တတ်ပါတယ်။ သင့်မှာ တခြားကိုယ်ခံအား လွန်ကဲတဲ့ ရောဂါတွေ ရှိနေရင်တော့ ဆိုးရီးယေးစစ်ဖြစ်နေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဘာလုပ်သင့်သလဲဆိုးရီးယေးစစ်ရောဂါ သက်သာအောင် Coal Tar နဲ့ Salicylic acid ပါဝင်တဲ့ ရှမ်ပူသုံးပါ။ ဒါမှမဟုတ် ဇင့်နဲ့ ရှားစောင်း (aloevera) ပါဝင်တဲ့ လိမ်းဆေးခရင်မ် လိမ်းပါ။ ဟိုက်ဒရိုကော်တီဇုန်း ခရင်မ်ဟာ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ အရေပြားအထူးကု ဆရာဝန်နဲ့ ပြသပြီး ဆိုးရီးယေးစစ် အရေပြားရောဂါကို စနစ်တကျ ကုသသင့်ပါတယ်။

(၃) တစ်ခေါင်းလုံး ဆံပင်ပါးနေခြင်း

ဘာကိုဆိုလိုသလဲတစ်နေ့မှာ ဆံပင် ၁ဝဝ - ၁၅ဝ လောက် ကျွတ်တာက ပုံမှန်ပါပဲ။ ခေါင်းဖြီးတဲ့အခါ၊ ခေါင်းလျှော်ပြီး တဘက်နဲ့ သုတ်တဲ့အခါ ဆံပင်တွေ အထွေးလိုက် ကျွတ်တာဟာ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ဒါမှမဟုတ် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ ဆက်စပ်နေတတ်ပါတယ်။ ဒါမှမဟုတ် တုပ်ကွေးဖျားတာနဲ့ ကူးစက်ပိုး ဝင်တာကြောင့်လည်း ဆံပင်ကျွတ်နှုန်း များတတ်ပါတယ်။ ဆီးချိုသွေးချိုရောဂါရဲ့ ပထမဦးဆုံး သတိပေးလက္ခဏာ တစ်ရပ်အနေနဲ့ ဆံပင်ကျွတ်နှုန်း များတာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သန္ဓေတားဆေးလို ဆေးဝါးတချို့ သောက်တာကြောင့်လည်း ဆံပင်ကျွတ်နှုန်း များတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးပြီးချိန် တွေမှာလည်း ဟော်မုန်း အပြောင်းအလဲကြောင့် ဆံပင်ကျွတ်တတ် ပါတယ်။
 နောက်ထပ်သဲလွန်စများဟော်မုန်းတွေကို နှောင့်ယှက်ဟန့်တားတဲ့ ဆေးဝါးတွေ သောက်နေရရင်၊ သံဓာတ်နဲ့ ပရိုတင်းဓာတ် ချို့တဲ့နေရင်နဲ့ အစားအသောက် ပျက်နေရင် ဆံပင်ကျွတ်နှုန်း များတတ်ပါတယ်။
ဘာလုပ်သင့်သလဲ
ဆံပင်ကျွတ်နှုန်း များနေရင် ဘိုင်အိုတင် (Biotin) ပါတဲ့ ဖြည့်စွက်ဆေးကို သောက်ပါ။ ဘိုင်အိုတင်က ဆံကေသာကို သန်စွမ်းထူထဲ စေပါတယ်။ ဗီတာမင်ဒီ မှီဝဲပေးရင် ဆံပင်တွေကို ပြန်ပေါက်လာစေ နိုင်ပါတယ်။ ဒါမှမဟုတ် သွေးအားနည်း ရောဂါကြောင့် ဆံပင်ကျွတ်နှုန်း များနေသလားဆိုတာ သိနိုင်အောင် သွေးထဲက သံဓာတ်ပမာဏကို သိနိုင်အောင် ဆရာဝန်နဲ့ တိုင်ပင်ကာ စစ်ဆေးကြည့်ပါ။

(၄) ဆံပင်သားများ ကျိုးပဲ့ ပြတ်ထွက်လွယ်ကာ ခြောက်သွေ့ ကြွပ်ဆတ်ခြင်း
ဘာကိုဆိုလိုသလဲ

အိပ်ရာထချိန်မှာ ခေါင်းအုံးကို ကြည့်လိုက်လို့ ကျွတ်နေတဲ့ ဆံပင်တွေကို အတွေ့များတဲ့အခါ ဆံပင်တွေက ပုံမှန်ထက် ပိုများနေရင် ဒါဟာ ဆံပင်အရောင် ချွတ်ခြင်း၊ ဆံပင်ဖြောင့်ခြင်းနဲ့ တခြားဓာတု ပစ္စည်းတွေ အသုံးများကာ ပြုပြင်ခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ကျန်းမာရေး အခြေအနေတွေ ဖြစ်တဲ့ ကော်တီစောဟော်မုန်း ထွက်နှုန်းများတဲ့ Cushing Syndrome, Parathyroid gland အားနည်းတဲ့ အခြေအနေတွေကြောင့် ဆံပင်သား ကြွပ်ဆတ်ခြောက်သွေ့ကာ ကျွတ်လွယ်တတ်ပါတယ်။
 နောက်ထပ်သဲလွန်စများဆံပင်သားက ခြောက်သွေ့ကြွပ်ဆတ် တာနဲ့အတူ အရေပြားက ခြောက်သွေ့ကာ အဖတ်တွေ ဖြစ်နေရင်တော့ သင့်အနေနဲ့ အိုမီဂါသရီး ဖက်တီးအက်စစ် ချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။
ဘာလုပ်သင့်သလဲ

ဆံပင်သား ခြောက်သွေ့ ကြွပ်ဆတ်နေရင် ဆံပင်သားတွေ ပြန်ကျန်းမာလာအောင် အပူပေးတာမျိုး သိပ်မလုပ်ပါနဲ့။ ဓာတုပစ္စည်းတွေ သုံးတာမျိုးကိုလည်း ရှောင်ပါ။ ဆံပင်ကို ကွန်ဒီရှင်နာ များများလိမ်းပြီး ဆံပင်သားကျန်းမာအောင် ဆောင်ရွက်ပါ။ သံလွင်ဆီ၊ အုန်းဆီတွေကို လိမ်းပေးပါ။ အိုမီဂါသရီး ချို့တဲ့မှုမဖြစ်အောင် အိုမီဂါသရီးပါတဲ့ ငါးစားပါ။ ငါးမစားဖြစ်ရင် အိုမီဂါသရီးပါတဲ့ ငါးကြီးဆီ သောက်ပေးပါ။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) မှ သိသမျှ ။

No comments:

Post a Comment