Wednesday 14 November 2012

နားပေါက် တစ်ပေါက်ထက် ပိုဖောက်ခြင်းသည်



နားပေါက်တစ်ပေါက်ထက် ပိုဖောက်ခြင်းကြောင့် ကူးစက်ရောဂါများ ဖြစ် ပွားနိုင်သည့်အပြင် နားရွက်ပုံသဏ္ဌာန်ကိုပျက်စီးနိုင်သည်ဟုနား၊နှာခေါင်း၊လည်ချောင်းအထူးကုဆရာဝန်ကြီး
 ဒေါက်တာဝင်းထိုက်ကြည်က ပြောကြားသည်။
 
မြန်မာမှုထုံးတမ်းအစဉ်အလာအရ နားပေါက်ဖောက်၍ နားကပ်ဝတ်ဆင်ခြင်း ကို ရှေး မြန်မာမင်းများ လက်ထက်ကတည်းက လုပ်ဆောင်လာခဲ့သည့် အပြင် ယနေ့တိုင် ယဉ်ကျေးမှု ဓလေ့အပြင် အနောက်တိုင်း ယဉ်ကျေးမှုများ ကို အတုယူ၍ နားပေါက်တစ်ပေါက်ထက် ပိုဖောက် လာခြင်းများမှာ လူငယ်ထုအကြား တွင်ကျယ်လာကြောင်း၊ ထိုသို့ လူ့ခန္ဓာကိုယ်အတွင်း အပေါက်များဖောက်၍ ပစ္စည်းများ ထည့်ခြင်းမှာ ကျန်းမာရေးရှုထောင့်အရ မကောင်းမွန်သော်လည်း ယဉ်ကျေးမှုဓလေ့ ထုံးတမ်းအစဉ်အလာ များကို အကြောင်းပြုနေသည့် အတွက် တားဆီး ပညာပေးရေးမှာ ခက်ခဲနေကြောင်း ၄င်းက ဆိုသည်။

''နားဖောက်မယ်ဆိုရင် နားရွက်အောက်ခြေမှာရှိတဲ့ နားသန်သီးမှာ ဖောက် တာ အန္တရာယ် အကင်းဆုံးပဲ။ အခုခေတ်ကျတော့ နားသန်သီးအပြင် နားရဲ့ ပတ်လည်မှာ အပေါက်တွေ ဖောက်ပြီး နားကပ်တွေ တပ်တာ။ နားရဲ့ အရေပြားမှာ ဖောက်တာတွေက အရမ်းအန္တရာယ် များပါတယ်။ ဘာနဲ့ပဲဖောက်ဖောက် အပ်တို့၊ သေနတ်တို့က မသန့်တာနဲ့ HIV၊ ဘီပိုး၊ စီပိုး အပြင် အခြားကူးစက်ရောဂါ ရနိုင်တဲ့အပြင် ဗက်တီးရီးယားပိုးတွေလည်း ဝင်တတ်တယ်''ဟု ၄င်းက ပြောသည်။

ဗတ်တီးရီးယားပိုးများ ဝင်ပါက နားကိုက် ခြင်း၊ ရောင်ခြင်းတို့အပြင် မေး ခိုင်ရောဂါပါ ဖြစ်လာနိုင်ကြောင်း၊ နားဖောက်သည့်ကိရိယာများ မသန့်ရှင်း မှုကြောင့် ဆေးရုံ၊ ဆေးခန်းများသို့ ရောက်ရှိလာ သည့်လူနာအရေအတွက် မှာ ယခု နှစ်အတွင်းပိုများလာကြောင်း ၄င်းက ပြောသည်။
နားပေါက်အား နားသန်သီး၌ သာမက နားအပေါ်ပိုင်းရှိ အရိုးနုများတွင် ပါ ဖောက်သော လူငယ်အရေအတွက်မှာ ပိုမိုများပြားလာသည့် အတွက် နားပေါက်တစ်ပေါက်ထက် ပိုဖောက်သော လူငယ်ထုအကြား အရိုးနုရောင် ယမ်းခြင်း နှင့် နားရွက်ပုံမှာ ကုပ်၍ သဏ္ဌာန်ပျက်စီးမှုမှာလည်း ပိုများလာ ခဲ့ကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ အရိုးနုပေါ်၌ နားပေါက်ဖောက်ရာမှ ပိုးဝင်၍ နားရွက်အရိုးနု ပျက်စီးသွားခြင်းကြောင့် နားရွက်ပုံသဏ္ဌာန် ပျက်စီးသွား ရခြင်းဖြစ်ကြောင်း၊ ထိုသို့ နားရွက်ပုံသဏ္ဌာန် ပျက်စီးသွားပါက ပုံမှန် အတိုင်း ပြန်ဖြစ်ရန်အတွက် ခက်ခဲစွာ ခွဲစိတ် ကုသမှသာ ရနိုင်သော်လည်း သဘာဝအတိုင်း ပြန်ဖြစ်ရန် ခဲယဉ်းကြောင်း ၄င်းက ဆက်လက်ပြောသည်။

''နားအထူးကုဆရာဝန် တစ်ယောက် အနေနဲ့ လူငယ်တွေကို အကြံပေးချင် တာက နားဖောက်မယ်ဆိုရင် နားသန်သီးကလွဲလို့ အခြားနေရာတွေမှာ မဖောက်ဘဲ တတ်သိ နားလည်တဲ့ ဆရာဝန်တွေနဲ့ပဲ ဖောက်သင့်တယ်။ အပြင်မှာ သွားဖောက်မယ်ဆိုရင်လည်း သန့်ရှင်းတဲ့နေရာမှာ တစ်ခါသုံး အပ်နဲ့ပဲ ဖောက်စေချင်တယ်။ အကယ်၍ နားအပေါ်ဘက်မှာ ဖောက်မိ လို့ နားနာလာတယ်၊ ကိုက်လာတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြဖို့ လိုတယ်။ ဒီလိုမှ မဟုတ်ဘဲ ဆေးကုသဖို့ နောက်ကျသွားတယ် ဆိုရင် နားရွက်အရိုးနု လုံးဝပျက်စီးသွားပြီး နားရွက်ပုံစံ ပျက်သွားနိုင်လို့ပဲ။ အခုဖြစ်နေတာက အများစုဟာ နားရွက်အရိုးနု ပျက်စီးပြီးတဲ့ အချိန်မှ ဆေးရုံဆေး ခန်းတွေ ရောက်လာတာ များတယ်'' ဟု ၄င်းကထပ်လောင်း ပြောသည်။
 
POPULAR MYANMAR FACE BOOK မှ သိသမျှ ။
 
 

No comments:

Post a Comment