Friday, 16 November 2012

ဘဝမှာ ဝါသနာမပါတာ လုပ်နေရတဲ့အခါ


မနက်က ညီမလေး ဖုန်းဆက်လာပါတယ်။ “အစ်ကို ညီမ ဒီကျောင်း ဆက်မတက်ချင်တော့ဘူး။ အဝေးသင် မေဂျာတစ်ခုပြောင်းမယ်၊ အလုပ်လုပ်မယ်၊ ကျောင်းပြောင်းဖို့ ကူညီပေး" ရင်ထဲအစို့နှင့်ဆုံး စကားကြားရတာပါပဲ။
စာရေးသူရဲ့  ညီမလေးက အတန်အသင့် ထူးချွန်ပါတယ်။ ၁၀ တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်ပြီး သူတက်ချင်တဲ့ တက္ကသိုလ်တစ်ခု အမှတ်မမှီလို့ အမှတ်နဲ့ လျော်ညီတဲ့ တက္ကသိုလ်တစ်ခုကို တက်ပါတယ်။  အခုတော့ သူမ အခု တက်နေတဲ့ တက္ကသိုလ်မှာလည်း ပညာပုံမှန် သင်ကြားပြီး နှစ်ချင်းပေါက် အောင်ပါတယ်။ နှစ်နှစ်ပြည့်ပြီး တတိယနှစ်တက် ဖို့ စောင့်ဆိုင်းနေချိန်ခါမှ ယခုလို ရုတ်တရက်စကားဆိုလာခြင်းအတွက် အံ့သြခဲ့ရပါတယ်။

သို့ပေမယ့် သေချာပြန်စဉ်းစားကြည့်လိုက်ချိန်တော့ မအံ့သြတော့ ပါဘူး။ ဘာလို့လဲဆို စာရေးသူ ညီမလိုပဲ၊ စာရေးသူ ကိုယ်တိုင် လိုပဲ ဘဝမှာ ဝါသနာမပါတာ၊ စိတ်မပါတာ လုပ်နေရတယ်လို့ ခံစားနေရ သူပေါင်း မြောက်များစွာ ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုခံစားနေရ သူများ၊ ဖြစ်နေသူများကို စာရေးသူ အကြံပေးလိုသော ဆန္ဒများ ဖြစ်လာရ ပါတယ်။ အကယ်၍ စာဖတ်သူသာ ကိုယ်ဝါသနာ မပါတာ လုပ်နေရတယ်လို့ ယူဆရင် အောက်ပါ အချက်များကို သေချာ လေ့လာသင့်ပါတယ်။

ဝါသနာဆိုတာ……

ကိုယ်တိုင်ကို ဘာကို ဝါသနာ ပါလို့ ပါမှန်းမသိ ကြီးပြင်းရတဲ့ လူများလည်း မနည်းပါဘူး။ ဒီတော့ အားလုံးရဲ့  ရည်မှန်းချက်ပန်းတိုင်က ချမ်းသာ ကြွယ်ဝမှု ဖြစ်လာပါတယ်။ ချမ်းသာပြီးသားလူကျတော့ ဒီထပ်မချမ်းသာရင်တောာင် ဒီထက် ပိုဂုဏ်ရှိတဲ့ နေရာ တစ်ခုအတွက် ရည်မှန်းချက်ထား
ကြိုးစားရပြန်ပါတယ်။

စာဖတ်သူ ၁၀ ယောက်တည်းမှာ ငွေကြေး အခက်အခဲ ရှိနေသူ တစ်နည်း ချမ်းသာချင်သူ  ၇ ယောက်ထပ် မနည်း ရှိမယ်ဆိုတာ ကြိမ်းသေပြောရဲပါ တယ်။ ဒီတော့ အားလုံရဲ့  ရည်မှန်းချက်က ငွေကြေးချမ်း သာဖို့ ဖြစ်လာပြီး ချမ်းသာတယ်ဆိုတာ ပန်းတိုင် တစ်ခု ဖြစ်လာပါတယ်။ ဒီတော့ ယင်းပန်းတိုင် ကို သွားရမယ့် နည်းလမ်းက ဆရာဝန်လို့ ယူဆတဲ့သူက ဆရာဝန်ဖြစ်ဖို့ ကြိုးစားတယ်။ စစ်ဗိုလ်ဖြစ်အောင် ကြိုးစားမယ်၊ အင်ဂျင်နီယာဖြစ်အောင် ကြိုးစားမယ်။ သင်္ဘောသား ဖြစ်အောင် ကြိုးစားမယ် အစရှိသဖြင့် ကိုယ့် အခြေအနေ နဲ့  အဖြစ်နိုင်ဆုံးကိုပဲ ရွေးချယ်သွားကြပါတယ်။ အားလုံးကို မဆိုလို။ အများစုသော အရေအတွက်ကို ဆိုလိုပါတယ်။ ချမ်းသာဖို့ မဟုတ်ပါဘူး- အေးဆေး ငြိမ်းချမ်းတဲ့ ဘဝတစ်ခု တည်ဆောက်နိုင်ဖို့ အတွက်လေးပါ ဆိုရင်လည်း ဒီထဲမှာ အကြုံးဝင်ပါတယ်။

အထက်ပါအတိုင်းတွေးသော စာဖတ်သူများ တကယ်ချမ်းသာလာနိုင် ပါတယ်။ ဖြစ်မလာသူများ ကျရှုံးရသလိုလည်း ဆင်းရဲတွင်းက မလွတ်နိုင်သူများလည်း ရှိလာနိုင်ပါတယ်။ ဒီတော့ ဆရာဝန်တွေ ဖြစ် သွားကြ၊ အင်ဂျင်နီယာတွေဖြစ်သွားကြ၊ အရာရှိတွေ ဖြစ်သွားကြပေမယ့် ကိုယ့်ကိုယ်ကို ဘာဝါသနာ ပါလို့ ပါမှန်း မသိခဲ့ပါဘူး။ အသက်အရွယ်တွေ ရလာပြီး ရာထူးတစ်ခု၊ စည်းစိမ် တစ်ခု ပိုင်ဆိုင်ရပေမယ့်လည်း ငါဘာ ဝါသနာ ပါခဲ့လဲ၊ ဘာလုပ်ချင်ခဲ့သလဲ ဆိုတာ ကိုယ်တိုင်တောင် ဖြေရ ခက်တဲ့ မေးခွန်း ဖြစ်လာတတ်ပါတယ်။ အချို့ ကျတော့ ငြင်းပါတယ်။ ငြင်း မှာပါ။ နေရာတစ်ခု၊ ငွေတစ်ခု၊ အသိုင်းအဝိုင်း တစ်ခု ရပြီ ဖြစ်တဲ့အတွက် ငါဝါသနာပါတာ ဒါတွေပါဆိုပြီး ဟန်ရေးလုပ် ပြောတဲ့အခါ မေးခွန်း ထုတ်မယ့်သူလည်း မရှိတော့ပါဘူး။ ဒီမှာ ဘယ်သူတွေ နစ်နာမှု ရှိသလဲဆို တာ လေ့လာရပါမယ်။

မိမိကိုယ်ကိုရော တိုင်းပြည်ကိုရော- ကြီးကြီးမားမားပြောရရင် လောက တစ်ခုလုံးကို နစ်နာစေပါတယ်။ အိုင်းစတိုင်း တစ်ယောက် ဆင်းရဲပေမယ့် ဝါသနာ အထုံတစ်ခုကြောင့် တစ်နေ့တော့ ကမ္ဘာကြီး တစ်ခုလုံးကို ပြောင်း လဲပေးခဲ့ပါမယ်။ မီးသွေးဖိုမှာ အလုပ်လုပ်တဲ့ လင်ကွန်းက အမေရိကန် သမ္မတ ဖြစ်လာရပါတယ်။ ဥပမာ ပြရရင် ဒီတော့ မနည်းပါဘူး။ ဒီတော့ စာရေးသူ လိုရင်းက ဝါသနာ ပါရာကို ဦးစားပေး လုပ်ရင် ဘာမဆို ထိုးထိုးဖောက်ဖောက် အောင်မြင်လို့ တိုင်းပြည်ကြီး တစ်ခုလုံး၊ ကမ္ဘာကြီး တစ်ခုလုံးကိုတောင် ပြောင်းလဲပေးနိုင် တယ် ဆိုတဲ့အချက်လို့  စာဖတ်သူတို့ ရိပ်မိမယ် ထင်ပါတယ်။ ဒီတော့ စာရေးသူတို့ မြန်မာနိုင်ငံတွင်းမှာ ဝါသနာ အထုံ ပါတဲ့ ကလေးငယ်လေးတွေကို သေချာ ပြုစုပျိုးထောင်ပေးနိုင်ရင် တိုင်းပြည်မှာ ကမ္ဘာက လေးစားရတဲ့ အောင်မြင်မှုကြီးများ၊ ပေါက်ရောက်မှု ကြီးများ ဖြစ်လာမယ်လို့လည်း ခန့်မှန်းထားကြမယ် ထင်ပါတယ်။

ယခုမှ ဝါသနာ တစ်ခု ရွေးသတ်မှတ်ခြင်း

ဒါဆို စာဖတ်သူတို့ က ဆိုပါမယ်။ ငါဝါသနာ ပါတာရှိခဲ့တယ်။ တိုင်းပြည်အခြေ အနေကြောင့်၊ ပတ်ဝန်းကျင် အခြေအနေကြောင့် ဒီဝါသနာကို စွန့်လွတ်လိုက်ရတာ- အစရှိသဖြင့် ဆိုနိုင်ပါတယ်။ စာရေးသူ မငြင်းနိုင်ပါဘူး။ သို့သော်လည်း ဒီအတွက် အဖြေရှိပါတယ်။ စာဖတ်သူက အရင်ဆုံး ကိုယ့်ဝါသနာ ကို အဓိပ္ပါယ် ဖွင့်ရပါမယ်။ အကြမ်းချင်းလိုအပ်ချက်ကတော့ မိမိပါတဲ့ ဝါသနာဟာ ၁- မိမိအတွက်ကောင်းကျိုးပြုရမယ်၊ ၂- သူတစ်ပါး အတွက် ကောင်းကျိုးပြုရမယ်။ ဒီနှစ်ချက် ခိုင်လုံရင် စာဖတ်သူ ထားတဲ့ ဝါသနာဟာ တကယ် မှန်သွားပါပြီ။ ဝါသနာ ဆိုတာ ထင်ပေါ်ကျော်ကြားမှု တစ်ခုမဟုတ်ပါဘူး။ ပြောင်းလဲပေးနိုင်မှု ဖြစ်ရပါမယ်။ ဥပမာ- မိမိဝါသနာ ပါလို့ ဖန်တီးချပြလိုက်တဲ့ အရာဟာ လူသားအားလုံးအတွက် ကောင်းကျိုးပြု တယ်ဆိုရင် အလိုအလျာက် ထင်ပေါ်ကျော်ကြားပါတယ်။ ထင်ပေါ်ကျော်ကြား ဖို့အတွက် ဝါသနာ တစ်ခုထားတယ်ဆိုတာ အမှန်တော့ လောဘ တစ်မျိုး သာ ဖြစ်ပါတယ်။ ဝါသနာ မဟုတ်ပါဘူး။

စာဖတ်သူ တစ်ဝက်လောက်မှာ ကိုယ်ဝါသနာ ပါတာ ဘာလဲဆိုတာ မသိကြလောက်ပါဘူး။ သို့ပေမယ့် နောက် မကျသေးပါ။ လက်ရှိ ကိုယ်ဝါသနာ ဘာပါတယ်ဆိုတာကို မသိသေးတာကိုပဲ အဆင်ပြေတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ ဒါဆို ဝါသနာ တစ်ခု စထားမယ်ဆိုရင်


 ကိုယ့်အတွက်ကော၊ အများအတွက်ကော ကောင်းကျိုးပြုရပါမယ်။

 ဒီအဆင့်မှာကတည်းက တွက်ချက် ရွေးချယ်ပါ။ လက်ရှိ ရောက်နေတဲ့ အနေအထားအရ ကိုယ့်အတွက် အဆင်ပြေမယ်၊ ကိုယ်ကလည်း ကျွမ်းကျင်နေမယ်၊ ဖြစ်လာဖွယ်လည်း တကယ်ရှိတယ်ဆိုရင် ကိုယ်ထားတဲ့ ဝါသနာက မှန်ပါပြီ။ ဥပမာ- စာဖတ်သူက အထည်ဆိုင်မှာ အထည်ရောင်း ဝန်ထမ်း လုပ်နေရတယ် ဆိုပါစို့။ အထည်နဲ့ ပက်သက်ပြီး လေ့လာအားတစ် ခုခုရှိလို့ စိတ်ဝင်စားလို့ လေ့လာရင်ပို သိလာတဲ့အခါ ဒီအပေါ် အခြေခံလို့ ကိုယ်ဘာများ လုပ်နိုင်မလဲဆိုတာ လမ်းစရှာပါမယ်။ အဖြစ်နိုင်ဆုံး ပြောရရင် ကမ္ဘာ့အနှံ့ဖြန့်ချိတဲ့ အဝတ်အထည်လုပ်ငန်း (သို့မဟုတ်) ကမ္ဘာ့အလှဆုံး အဝတ်အထည်များ ဖန်တီးသူ ဒီဇိုင်နာ အစရှိသဖြင့် အစုံးစွန်ထိ စိတ်ကူးယဉ်လို့ရပါတယ်။ တကယ် အကောင်အထည်ဖော်ဖို့လည်း ခံယူချက်ရှိထားရင် ဖြစ်မလာဘူးလို့ ဘယ်သူမှ မပြောရဲပါဘူး။


ဗီဇဝါသနာ ကို အကောင်အထည်ဖော်ခြင်း

အချို့ ကျတော့ ငယ်ငယ်လေးကတည်းက ဖြစ်ချင်တဲ့အရာ၊ လုပ်ချင်တဲ့ အရာ၊ ကိုယ်ဝါသနာ ပါတဲ့ အရာ ရှိနေပြန်ပါသေးတယ်။ မိဘက အတင်းတိုက်တွန်း လို့၊ ပတ်ဝန်းကျင် ပယောဂအမျိုးမျိုးကြောင့် အခြားလမ်းပေါ် ကို လျှောက်နေရပြီ ဆိုပါစို့။ ဒီမှာ ကိုယ်ဝါသနာ ပါတဲ့ အရာမှာ တကယ် ထူးချွန်သလား၊ မထူးချွန်သလားဆိုတာကို အရင်စမ်းစစ်ရပါမယ်။ အချို့ ကျတော့လည်း သီချင်းဆိုတဲ့ ဂီတအနုပညာကို ဝါသနာ ပါတယ်ဆိုပါတယ်။ သို့သော်လည်း အသံက အဆိုတော်တွေလို မကောင်းတော့ မိမိထားတဲ့ ဝါသနာဟာ ရူးသွပ်လို့ မအောင်မြင်နိုင်ဘူး ဆိုတာကို သိထားသင့်ပါတယ်။ ဒါဆိုရင် လက်လျော့ပြီး အထက်ဖော်ပြပါ ဝါသနာ တစ်ခုရွေးချယ်ခြင်ကို ဖတ်ရှု ကျင့်သုံးသင့်ပါတယ်။

အကယ်၍ ကိုယ်ဝါသနာပါတဲ့အရာမှာလည်း တကယ် ထူးချွန်နိုင်အခွင့် အလမ်း ရှိတယ်။ တကယ်လည်း အောင်မြင်နိုင်တယ်လို့ သက်သေအထောက်အထား ခိုင်လုံရင်၊ ယုံကြည်ချက် ရာနှုန်းပြည့်နေရင် လုံးဝ လက်မလျော့ပါနဲ့တော့။ လက်ရှိ လုပ်နေတဲ့အလုပ်၊ လက်ရှိ လျှောက်နေတဲ့ လမ်းကြောင်းက လုံးဝ စွန့်ခွာနိုင်ပါတယ်။ စာဖတ်သူက ကိုယ်အောင်မြင်မယ်လို့ ကြိမ်းသေ သိရှိပြီး အလောင်းအစား လုပ်ရဲပြီဆိုရင် ကိုယ်ဝါသနာ ပါရာလမ်းကို စလျှောက်နိုင်ပါပြီ။ ဥပမာ တက်လက်စကျောင်းက ပြီးတော့မယ်ဆိုရင် ပြီးအောင် ဆုံးအောင်တက်နေပြီး တစ်ဖက်မှာ ကိုယ်အောင်မြင်ဖို့ သေချာတဲ့အလုပ်ကို ခိုင်ခိုင်မာမာ လက်ဆွဲလို့ လုပ်ကိုင် သင့်ပါတယ်။ ယင်းဝါသနာ အတွက် ငွေကြေးအထောက်အပံ့က ဒီအလုပ်လုပ်မှ၊ ဒီကျောင်းတက်မှ ရနေမယ်ဆိုရင်လည်း တစ်ဖက်ကို လုံးဝ စွန့်လွန့်လိုက်ခြင်းမျိုးမဟုတ်ပဲ ကိုယ်ဝါသနာပါတဲ့ အရာအတွက် ရင်းနှီးမြှုပ်နှံရန် ကြိုးစားနေတယ်ဆိုတဲ့ ခံယူချက် ရှိရပါမယ်။ ဒါဆိုရင် အားလုံး အဆင်ပြေသွားပါပြီ။ ဝါသနာလည်း မစွန့်လွတ်ရသလို လုပ်နေကျ လုပ်ငန်းဆောင်တာ လည်း မပျက်ပါဘူး။

အချို့ ကျတော့လည်းဆိုပါတယ်။ ငွေအလုံအလောက်ရှိဘူး။ ဝါသနာကို အကောင်အထည် ဖော်လို့ မဖြစ်ဘူး။ ဒါတွေကို အထက်ပါ နှစ်ချက်လုံး မှာကတည်က ကြိုတင်စဉ်းစားတွက်ချက်ရမှာ ဖြစ်ပါ တယ်။ ငွေဆိုတာ ကလည်း ဝါသနာကို အကောင်အထည်ဖော်ရာမှာ ဗီလိန်ကြီးတစ်ခု လို ဖြစ်နေတတ်ပါတယ်။ ဒါကို စာဖတ်သူတို့ သိရှိ နားလည်ထားဖို့ လိုအပ်ပါတယ်။ မိမိမှာ ရှိနေတဲ့ ငွေကြေး၊ ထောက်ပံ့ပေးနေသော ငွေကြေး အရင်းအနှီး ထားရှိတဲ့ ဝါသနာ ပန်းတိုင် အစရှိသဖြင့်တို့ အားလုံး တွက်ချက်ပြီး စနစ်ချ ကြိုးပမ်းလို့ ဖြစ်လာနိုင်ပါတယ်။

ဒီလောက်ဆိုရင် ဝါသနာ ရှိသူရော၊ ဝါသနာ မရှိသူရော၊ ဆင်းရဲလို့ ဝါသနာ မဖန်တီးနိုင်သူရော၊ ချမ်းသာသော်လည်း ဝါသနာ မရှိသူရော အားလုံး နည်းမှန်းလမ်းမှန်နဲ့ အကောင်အထည် ဖော်နိုင်မယ်လို့ ယူဆပါတယ်။ စာဖတ်သူက ဘာမှ ဝါသနာမပါဘူး။ အေးအေးနေ၊ အေးအေးစား၊ ဘဝ ဆိုတာ ပေါ့ပါးနေတာကိုက ဝါသနာဘာလို့ အကြောင်းပြချက်ပေး မယ်ဆိုရင် ကိုယ့်ကိုယ်ကို တန်ဖိုးမရှိတဲ့ လူတစ်ယေက်ပါလို့ ပြောနေတာနဲ့ အဓိပ္ပါယ် အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဝါသနာ တစ်ခုခု ရှိကို ရှိသင့်တယ်လို့ အလိုအလျောက် သိထားသင့်ပါတယ်။

ဝါသနာပါတာလည်း ရှိနေမယ်၊ တကယ်လည်း အကောင်အထည် ဖော်ပြီဆိုရင် မိမိပတ်ဝန်းကျင် အသိုက်အဝန်း တင်မကပဲ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးမှ ကမ္ဘာ့လူသာားအားလုံး အထိ အကျိုးပြုတော့မယ်ဆိုတာ စာရေးသူ ယုံကြည်ပါတယ်။

အောင်ခမ်း (TSJ team) မှ သိသမျှ ။

No comments:

Post a Comment