Friday 4 January 2013

လင်းလင်းနဲ့ ချစ်သုဝေရဲ့ မီးအိမ်ကဗျာစုံတွဲစီးရီးသစ် လွတ်လပ်ရေးနေ့ထွက်မည်


တေးရေး၊ တေးဆို လင်းလင်း နဲ့ ချစ်သုဝေတို့ပူးပေါင်းပြီး ပထမဆုံး စီစဉ်ကြတဲ့ မီးအိမ်ကဗျာဆိုတဲ့ စုံတွဲ စီးရီးသစ်ကို ဇန်နဝါရီ ၄ ရက်၊ လွတ်လပ်ရေးနေ့မှာ ထွက်ရှိတော့ မှာဖြစ်ပါတယ်။ စီးရီးထွက်ရှိမယ့် အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကိုတော့ ဒီဇင်ဘာ ၂၄ ရက်၊ နေ့ခင်း ၂ နာရီက ဆာကူရာတာဝါ အထပ် ၂ဝ မှာ ပြုလုပ်ခဲ့ပါတယ်။ စာနယ် ဇင်းရှင်းလင်းပွဲမှာ ချစ်သုဝေက လည်း ရိုက်ကွင်းကနေ အချိန်မီ အရောက်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့သောင်းခရီးစဉ်နဲ့ လိုက်ပါသွားတဲ့ လင်းလင်းကလည်း ရောက်ရောက်ချင်းပဲ အမီပြေးလာခဲ့ကြရတာကိုလည်း တွေ့ရပါတယ်။ ချစ်သုဝေက ရိုက်ကွင်းအမီ ပြန်သွားရတာကြောင့် အခွေနဲ့ ပတ်သက်ပြီး မမေးလိုက်ရဘဲ လင်းလင်းကပဲ အခွေနဲ့ပတ်သက်တာတွေကို အခုလို ဖြေကြားပေးခဲ့ပါတယ်။
”သမားရိုးကျ စုံတွဲခွေလေး မဖြစ်ချင်ဘူး။ စုံတွဲခွေဆိုရင် အချစ်သီချင်းများမယ်။ တစ်ယောက်တစ်ပိုဒ်ဆိုတဲ့ ပုံစံမျိုးထဲကနေ ခွဲထွက်ချင် ပြီး ကိုယ်လုပ်ချင်တဲ့မြူးဇစ်လေးကို ပြချင်တာနဲ့ ဒီအခွေလေးကို တည်ဖြစ်တယ်။ အကြောင်းအရာလေးတွေ ဆိုလည်း ဘဝဆန်တာပါမယ်။ ပြီးတော့ လူကုန်ကူးမှုနဲ့ပတ်သက်တဲ့ ပညာပေးသီချင်းမျိုးတွေ ပါမယ်။ ပြီးတော့ ဆိုတဲ့နေရာမှာလည်း တချို့အပုဒ်ဆိုရင် ထရီဇာ တစ်ပိုဒ်တည်းပါတယ်။ တချို့အပုဒ်ဆိုရင်လည်း ကျွန်တော် နှစ်ကြောင်းလောက်ပဲ ဝင်ဆိုတာရှိတယ်။ အကြောင်းအရာအလိုက် အဲဒီလိုလေးတွေ ဆိုထားတယ်” လို့ ဆိုတဲ့ လင်းလင်းကို အောင်မြင်ကြတဲ့
အနုပညာရှင်နှစ်ယောက် ပူးပေါင်းထား တဲ့ ဒီအခွေအပေါ်မှာ ဘယ်လောက်မျှော်လင့်ထားလဲဆိုတော့ ”ကျွန်တော် အခွေတစ်ခွေလုပ် ရင် မျှော်လင့်တာက ဒီအခွေလေး အောင်အောင်မြင်မြင်၊ လွတ်လွတ်လပ်လပ်နဲ့ ပရိသတ်ကြားထဲကို ရောက်သွားဖို့ပဲ။ ကျန်တာ မျှော်လင့် မထားဘူး။ အနုပညာ ဂီတပစ္စည်းတွေကို အဆင့်တစ်ခုခုကိုမှန်းပြီးလုပ် တာမျိုးဆို အားမပေးတဲ့အထဲမှာ ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း အဲဒီအထဲမှာမရှိအောင် နေတာဆိုတော့လေ။ ပရိသတ်ဆီ လွတ်လွတ်လပ်လပ် ရောက်သွားတာမျိုးပဲ မျှော်လင့်ပြီး တုံ့ပြန်လာတဲ့အရာတွေ အားလုံးကို အကောင်းအဆိုး အားလုံးလက်ခံတယ်”လို့ လင်းလင်းကပြောပါတယ်။ မီးအိမ်ကဗျာထဲမှာ လင်းလင်းက ဇဝါ၊ ကေအေတီတို့နဲ့ လည်း သီချင်းတွေ တွဲပြီးရေးထားပါတယ်။
လင်းလင်းက ဒီဇင်ဘာ ၁၆ ရက်နေ့ကဂျေဆင်မရတ်ပွဲမှာ သီဆိုဖျော်ဖြေခဲ့စဉ်က အတွေ့အကြုံတွေ အများကြီးရခဲ့ပြီး နောက်ပိုင်းပွဲတွေမှာ ဘယ်လိုကြိုတင် ပြင်ဆင်ထားသင့်လဲဆိုတဲ့ အတွေ့အကြုံတွေ ရလာတယ် လို့လည်း ပြောပါတယ်။ လင်းလင်းက နယူးရီးယားမှာတော့ Metal Zone တီးဝိုင်းနဲ့အတူ မျှော်စင်ကျွန်းမှာ နှစ်သစ်ကိုဖြတ်သန်းမယ်လို့လည်း သိရပါတယ်။

POPULAR MYANMAR .COM မှ သိသမျှ ။

No comments:

Post a Comment