“သားကလေးဟာ
သိပ်ကို ဖြူစင်သန့်ရှင်းတဲ့ လူသား ကလေးငယ်တယောက်ဖြစ်ပါတယ် …ခုတော့
သူ့မျက်နှာလေးမှာ မုန်းတီးနာကျည်းမှုရဲ့ အရိပ်တွေ
အခိုင်အမာစွန်းထင်းနေခဲ့ပြီ … အင်း သားကလေးလို
အဟိတ်တိရိစ္ဆာန်ဖြစ်တဲ့ခွေးကလေးအပေါ်မှာ ထားရှိနေတဲ့ သံယောဇဉ်ကတောင်
ခုလိုခံစားဖေါ်ပြနေပါလျှင် …..”
ဒီနေ့
ရုံးမှာမွေးထားတဲ့ ကြောင်ကလေး ခွေးကိုက်ခံရလို့ သေသွားတယ် …
သူတို့ကိုမွေးတာ နှစ်လလောက်ပဲ ရှိသေးတယ် … လေးကောင်မွေးတယ် … တယေက်က
ကြောင်ပေါက်စန နီတာရဲကလေးတွေကို ကြည့်ပြီး အမလေးတွေတဲ့ … သူက
အမတွေချည်းဆိုတော့အားလုံကလဲ အမတွေချည်းပဲ မှတ်ထားလိုက်တာပေါ့ …
တလကျော်လောက်နေတော့စပ်စပ်စုစုလုပ်ရာကနေ တကောင်သော ကြောင်ကလေးက အထီး
ဖြစ်နေတာကိုတွေ့ရှိခဲ့ရတယ် … ငါကွ … ဒီ အနက်နဲ့ အဖြူကောင်လေးက
အထီးကလေးကွလို့ဂုဏ်ယူဝံ့ကြွားစွာ ဟစ်ကြွေးလိုက်တယ် အားလုံးက
ပြုံးလို့ပေါ့ဗျာ …
ဆောင်းရောက်လာတော့
အအေးက လူကြီးတောင် မခံနိုင်ဘူး … သိပ်အေးတာ …တရေးနိုးရင် စောင်ထဲ လှုပ်လှုပ်
… လှုပ်လှုပ်နဲ့မို့ ကြည့်လိုက်ရင် အဲဒီကြောင်ကလေးမောင်နှမတွေ … အနည်းဆုံး
နှစ်ကောင်တော့ အနည်းလေး လာကွေးနေကြတယ် … ချမ်းလို့လေ …ကြာတော့ သံယောဇဉ်က
ဖြစ်လာတယ် … သူတို့ကလည်း စကားသာမပြောတတ်တာ ချွဲတတ် … ဆော့တတ် …
အစာတောင်းတတ် … သိပ်ကိုချစ်စရာကောင်းတာလေ … ခု သူတို့ မောင်နှမလေးကောင်ထဲက
အမေဖြစ်သူနဲ့ရော …အဖွားဖြစ်သူ ကြောင်မကြီးနဲ့ရော အရောင်တူတဲ့ ကြောင်မလေး
ခွေးကိုက်ခံရလို့သေသွားတယ် … ခံစားရတယ် … အဲဒီကတဆင့် …
၈၈၈၈
အရေးတော်ပုံကြီးပြီးကာစက ဆရာမ ဒေါ်ခင်မြဇင်ရဲ့ ၀တ္ထုတိုတပုဒ် ဖတ်ခဲ့ရဖူးတယ် …
ဝတ္ထုထဲမှာ သူ့သားကလေးအကြောင်းပြောပြထားတယ် … သူ့သားကလေးမှာ အိမ်မွေး
ခွေးကလေးတကောင် ရှိတယ် … သားက တဦးတည်းသောကလေးမို့ ခွေးကလေးကိုပဲ ချစ်ရှာတယ်
… အိပ်လဲ အတူ … ကစားလည်း အတူ …စားတာတောင် တချိန်တည်း အတူ စားရမှ …
အဲတနေ့မှာ … ရပ်ကွက်ထဲကလူတွေခွေးသုတ်သင်ရေးလုပ်နေတဲ့ အခင်းအကျင်းကို
ရေးပြတယ် … နွေဖြစ်တယ် …လက်ပံပွင့်တွေ ပွင့်နေတယ် … အချိန်က … တနေ့မှာ …
သားကလေးရဲ့ ခွေးကလေးအိမ်ရှေ့လမ်းပေါ် ရောက်နေတယ် … ဒါကို ကလေးက
သူ့ခွေးလေးကို လှမ်းခေါ်တယ် … ခွေးကလေး အိမ်ကို ပြန်ဖို့အလှည့်မှာ လူအုပ်က
ခွေးကလေးကိုဖမ်းခေါ်လိုက်တယ် … ချက်ချင်းပဲ ဂုံနီအိတ်ထဲ ထည့်လိုက်တယ် …
ပါလာတဲ့တုတ်တွေနဲ့လည်း ရိုက်ကြတယ် … ဒါကို ကလေးက အစအဆုံးမြင်လိုက်ရတယ်
…အမေပြန်လာတော့ အမေ့ကို ဖြစ်ကြောင်းကုန်စင် ပြောပြပြီး ကလေးက
ရှိုက်ကြီးတငင်ငိုတယ် …ခွေးကလေးကို ပြန်ယူပေးဖို့ အမေ့ကို ပူဆာတယ် ….
ဘယ်မှာရနိုင်ပါတော့မလဲ ….
အဲဒီနေ့က
စလို့ သားကလေးဟာ နေ့တိုင်းလိုလိုအိမ်ရှေ့မှာ ထိုင်ရင်း သူ့ခွေးကလေးကို
မျှော်ရှာတယ် … မျက်ရည်စကလေးတွေတွဲခိုနေတဲ့ မျက်လုံးကလေးနဲ့ပေါ့ … ဒါပေမဲ့
ခွေးကလေးပြန်မလာနိုင်တော့ပါဘူး … ဒါပေမဲ့ ကလေးရဲ့ မျက်လုံးမှာ
ထူးခြားတဲ့ခံစားမှုကနေ ထွက်ပေါ်လာတဲ့ ဖေါ်ပြမှုတခုကို သူ့အမေက
သတိထားလိုက်မိတယ်…သိပ်ပြီးလဲ စိုးရိမ်သွားမိတယ် … ဒါပေမဲ့
အဲဒီဖေါ်ပြမှုဟာသိပ်ပြိးဖြူစင်သန့်ရှင်းတဲ့ကလေးငယ်တယောက်ရဲ့ မျက်နှာကလေး မှာ
စွန်းထင်းသွားခဲ့ပါပြီ … အဲဒီ ခံစားမှုဖေါ်ပြချက်ကလေးကို ဆရာမ ခင်မြဇင်က
အသေးစိတ် သရုပ်ဖေါ်ရေးသားပြီး ၀တ္ထုတိုကိုအဆုံးသတ်လိုက်ပါတယ် ….
ဝတ္ထုတိုနာမည်ကို ခုပြန်စဉ်းစားတာ မသေချာ မရေရာဖြစ်နေတာမို့
ရေးပြမနေတော့ပါဘူး ….
ဝတ္ထုရဲ့ အဆုံးသတ်ကို ကျနော်မှတ်မိသလို ထပ်တူနီးပါး ခံစားပြောပြရမယ်ဆိုရင်တော့ ဆရာမက …
“သားကလေးဟာ
သိပ်ကို ဖြူစင်သန့်ရှင်းတဲ့ လူသား ကလေးငယ်တယောက်ဖြစ်ပါတယ် …ခုတော့
သူ့မျက်နှာလေးမှာ မုန်းတီးနာကျည်းမှုရဲ့ အရိပ်တွေ
အခိုင်အမာစွန်းထင်းနေခဲ့ပြီ … အင်း သားကလေးလို
အဟိတ်တိရိစ္ဆာန်ဖြစ်တဲ့ခွေးကလေးအပေါ်မှာ ထားရှိနေတဲ့ သံယောဇဉ်ကတောင်
ခုလိုခံစားဖေါ်ပြနေပါလျှင်…..”
ကမာပုလဲ

No comments:
Post a Comment