Michael Learns to Rock အဖွဲ့၏ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ မတ်လ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။
ကမ္ဘာကျော် Michael Learns to Rock အဖွဲ့၏ Twitter စာမျက်နှာတွင် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဖျော်ဖြေမည်ဟု ရေးသားဖော်ပြထားသည်။ အဆိုပါ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပနိုင်ရန်အတွက် မြန်မာနိုင်ငံမှ Friend ship Entertainment နှင့် ပါကစ္စတန် အခြေစိုက် Pastel Communations တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။
''Michael Learns to Rock အဖွဲ့ မြန်မာပြည်ကို လာရောက်ဖျော်ဖြေမှာပါ။ ဒီကို လာဖျော်ဖြေဖို့အတွက် သူတို့အဖွဲ့သားတွေက စိတ်အား ထက်သန်နေသလို ဒိန်းမတ်နိုင်ငံမှာလည်း မြန်မာနိုင်ငံအကြောင်းတွေကို စိတ်ဝင်စားမှု များပြားနေတယ်လို့ သူတို့က ပြောပါတယ်။ ဒီပွဲကို ကျွန်တော်တို့နဲ့အတူ ပူးပေါင်းစီစဉ်တဲ့ Pastel Communations ကလည်း မြန်မာနိုင်ငံမှာ ဒီလိုချိတ်ဆက်မှုက ဒါပထမဆုံးပါ။ လက်မှတ်ဈေးနှုန်းတွေကို မတ်လ ပထမပတ်မှာ ကြေညာပေးသွားမှာပါ။ လက်မှတ်ရောင်းတာကိုတော့ ပွဲမတိုင်မီ နှစ်ပတ်အလိုမှ စရောင်းပေးသွားမှာပါ '' ဟု Friendship Entertainment မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
မတ်လ ၃၁ ရက်နေ့တွင် ပြည်သူ့ရင်ပြင်၌ ကျင်းပမည့် Michael Learns to Rock အဖွဲ့၏ ဂီတဖျော်ဖြေပွဲနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များနှင့် လက်မှတ်ဈေးနှုန်းများကို
မတ်လ ပထမပတ်အတွင်း ထုတ်ပြန်သွားမည်ဟု သိရသည်။
Michael Learns ၏ ဖျော်ဖြေပွဲသည် ဂျေဆင်မရက်ဇ် ပြီးနောက် မြန်မာနိုင်ငံသို့ ဒုတိယမြောက် လာရောက်ဖျော်ဖြေသည့် ကမ္ဘာကျော် ဂီတအဖွဲ့၏ ဖျော်ဖြေပွဲဖြစ်မည် ဖြစ်သည်။ ဒိန်းမတ် Pop/Soft rock ဂီတအဖွဲ့ဖြစ်သော Michael Learns to Rock ကိဲုJascha Richter ၊Mikkel Lentz၊ Kåre Wanscher ၊ Soren Madsen တို့နှင့် ၁၉၈၈ ခုနှစ်တွင်ဖွဲ့စည်းခဲ့ပြီး Soren Madsen သည် ၂၀၀၀ပြည့်နှစ်တွင် အဖွဲ့မှ နှုတ်ထွက် သွားခဲ့သည်။MLTR ဟုလည်း ခေါ်ဆိုသည့် Michael Learns to Rock အဖွဲ့သည် ကမ္ဘာတစ်ဝန်းတွင် ဓာတ်ပြား ၁၁ သန်းကျော် ရောင်းခဲ့ပြီး အများစုမှာ အာရှတွင် ရောင်းချခဲ့ခြင်းဖြစ်သည်။ MLTR အဖွဲ့၏ "Take Me To Your Heart" သီချင်းသည် ၂၀၀၆ ခုနှစ်တွင် download လုပ်ယူမှု အများဆုံးသီချင်းအဖြစ် ဆုချီးမြှင့်ခံခဲ့ရသည်။ စတူဒီယို အယ်ဘမ်ရှစ်ခု အပါအ၀င် ဖျော်ဖြေပွဲနှင့် လူကြိုက်များသည့် သီချင်းများ စုစည်းထားသည့် အယ်လ်ဘမ်များလည်း ထွက်ရှိခဲ့သည်။ MLTR အဖွဲ့သည် ၎င်းတို့၏ အယ်လ်ဘမ်များ ရောင်းချမှုအတွက် ရွှေနှင့် ပလက်တီနမ်အဆင့် ရရှိခဲ့သည်။
MLTR အဖွဲ့၏ Paint My Love အယ်ဘမ်မှ Paint My Love ၊ Sleeping Child"၊"That's Why (You Go Away)"၊ "The Actor"၊ "Breaking My Heart"၊ "Someday"၊ "Out of the Blue" နှင့် "25 Minutes စသည့် သီချင်းများသည် မြန်မာပရိသတ်များအကြားတွင် မူရင်းသီချင်းရော မြန်မာဘာသာဖြင့် ပြန်လည်ရေးဖွဲ့သီဆိုခဲ့သည့် သီချင်းများတွင်ပါ အောင်မြင်ထင်ရှားသည့် သီချင်းများဖြစ်သည်။
EMG
myawady news facebook မှ သိသမျှ ။
No comments:
Post a Comment