Saturday 27 April 2013

ဘ၀ကို အရှုံးမပေးသူများ


ဆိုက္ကားဆရာနဲ့ သမီးလေးတို့ရဲ့ မိဘမေတ္တာဖွဲ့ဇာတ်လမ်းလေးတစ်ချို့။

ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ မိဘမေတ္တာ၊ ကျေးဇူးတရားကို ခံစားနားလည်သိတတ်သော မွန်မြတ်တဲ့စိတ်ဓာတ်၊ ပညာရေးကို အားပေးလိုတဲ့စိတ်ဓာတ်၊ ချိုတဲ့နေသူတွေကို ကူညီဖေးမချင်တဲ့ လှပတဲ့စိတ်ထားလေးတွေကြောင့် ဒီလောက်ကြိုက်နှစ်သက်ခဲ့ကြတယ်လို့ ယူဆမိကြောင်း ပြောပြချင်တာ ဆိုလိုရင်းပါ။

Jan/2013 ကျမှ စာတိုပေစများ စရေးသူ ကျွန်တော့်အနေနဲ့ မိမိ Post ကို စာဖတ်သူများစွာ ကြိုက်နှစ်သက်ကြတာကို ပုထုဇဉ်သဘာဝအရ သာယာနှစ်သက်မိပေမယ့် မြန်မာလူမျိုးများရဲ့ လှပတဲ့စိတ်ထားကို ထင်ရှားစွာ တွေ့မြင်ခွင့်ရလို့ ၀မ်းသာကြည်နူးရတာက အဆပေါင်းများစွာ ပိုပါတယ်။

ဒီ Post လေးကို ဖတ်သူတွေ ရင်ထဲ ခံစားခဲ့ကြရသလိုပဲ ကျွန်တော်ကိုယ်တိုင်လည်း (ကိုယ်တိုင်မြင်တွေ့ခဲ့ရသူမို့) တစ်စုံတစ်ရာကို စူးစူးနစ်နစ် ခံစားခဲ့ရပါတယ်။သား၊သမီးမရှိတဲ့ ကျွန်တော်ဟာ အဲဒီသမီးလေးကို ကိုယ့်သမီးလေးလို ချစ်ခင်မိပြီး ပညာရေးအတွက် တတ်နိုင်တဲ့ဖက်က အကူအညီပေးလိုစိတ်များပေါ်ပေါက်လာခဲ့မိပါတယ်။

ဒါကြောင့် ၂၅-၄-၁၃ နေ့မှာတော့ အဲဒီ ဆိုက္ကားဆရာနဲ့ သမီးလေးကို ရှာဖို့ယခင်တွေ့ခဲ့တဲ့နေရာကို ပြန်သွားရှာခဲ့ပါတယ်။

ကျွန်တော် နေ့လည် (၂)နာရီခွဲလောက် ရောက်သွားချိန်မှာ ကံကောင်းစွာနဲ့ အဲဒီဆိုက္ကားဆရာကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ပါတယ်။


ကျွန်တော်လည်း ကိုယ့်ကိုကိုယ် မိတ်ဆက်ပါတယ်။
အဲဒီဆိုက္ကားဆရာကတော့ အသက် (၄၉)နှစ်အရွယ်ရှိ ဦးချစ်တင်ဦး လို့ခေါ်ပါတယ်။

ကျွန်တော် ဦးချစ်တင်ဦးနဲ့အတူ အမှတ်-၄၃၆၊ သုတ-၂လမ်း၊ ၄-ရပ်ကွက်၊ တောင်ဥက္ကလာပမှာရှိတဲ့ သူတို့နေအိမ်ကိုရောက်သွားပါတယ်။
သူတို့အိမ်ကလေးက အလွန် ချို့တဲ့ဆင်းရဲပြီး ယိုင်နဲ့နဲ့ဖြစ်နေရှာတာကြောင့် ကျွန်တော့်ကို ၀င်ထိုင်ဖို့ သူ့ခမျာအားနာရှာလွန်းလို့ ထင်ရဲ့။

မျက်နှာချင်းဆိုင်က အသိ ဈေးဆိုင်လေးမှာပဲ ထိုင်စေပါတယ်။ ခဏကြာတော့ ဟိုတစ်နေ့က ဓာတ်ပုံထဲက သမီးလေးကို့ အိမ်ကသွားခေါ်လာပါတယ်။
သမီးလေး နာမည်က မအေးမြင့်မေဇော် (၈နှစ်)ပါ။ အမက(၁)၊ တောင်ဥက္ကလာမှာ ကျောင်းတက်ပါတယ်။
သမီးလေးက လာမယ့်ဇွန်လ ကျောင်းဖွင့်ရင် (၃)တန်းတက်ရမှာပါ။

ဦးချစ်တင်ဦးရဲ့ ဇနီးက အသက်(၃၁)နှစ်ရှိ မစန်းစန်းမြင့်ပါ။ သူတို့လင်မယားမှာ သမီးချည်း(၄)ယောက်ရှိပါတယ်။
သမီးလေး အေးမြင့်မေဇော်က နံပါတ်(၃)ပါ။

အကြီးဆုံးလေးက မတင်မြင့်မော် (၁၃)နှစ်၊ ဒုတိယက မဖြိုးမြင့်သော် (၁၀)နှစ် နဲ့ အငယ်ဆုံးလေးက မ၀ိုင်းမြင့်ခင် (၆လ)တို့ဖြစ်ကြပါတယ်။
အကြီးဆုံးသမီးလေးမတင်မြင့်မော်က မွေးရာပါအာရုံကြောရောဂါကြောင့် စာသင်ဖို့ခက်လို့ ကျောင်းနှုတ်ထားပါတယ်တဲ့။

ဒါပေမယ့်လည်း မတင်မြင့်မော်ကို အရပ်ထဲက ကုသိုလ်ဖြစ်မူလ တန်းသင်တန်းမှာ တက်ရောက်ခိုင်းထားပါတယ်တဲ့။

ဒုတိယသမီးလေး မဖြိုးမြင့်သော်ကတော့ ကျောင်းဖွင့်ရင် (၄)တန်းတက်ရမှာပါ။

ဦးချစ်တင်ဦးတို့လင်မယားဟာ သားရတနာသိပ်လိုချင် လို့ နောက်ဆုံးမျှော်လင့်ချက်အဖြစ် စတုတ္တကလေးကိုမွေးခဲ့ပေမယ့် သားမရရှိပဲ သမီးလေး မ၀ိုင်းမြင့်ခင်ကိုသာရရှိခဲ့ပါတယ်။ နောက်ထပ် ကလေးမယူတော့ပါဘူးဗျာ လို့ ရယ်ကျဲကျဲနဲ့ဖြေရှာပါတယ်။

အိမ်မှာတော့ ဦးချစ်တင်ဦး တစ်ယောက်တည်းသာ မိသားစုတာဝန်ကို ရုံးကန်နေရှာတာပါ။ အလုပ်ကလည်း မနက်ကနေ ညနေမှောင်ချိန်ထိ နေ့စဉ် ဆိုက္ကားနင်းပါတယ်တဲ့။

နံဘေးက ဆိုက္ကားဆရာတွေရော၊ ဆိုက္ကားဂိတ်နားက ကွမ်းယာ ဆိုင်နဲ့ ဈေးဆိုင်ကလူတွေကပါ ဦးချစ်တင်ဦး ကို အကျင့်စာရိတ္တကောင်း မွန်ကြောင်း၊ အရက်သေစာလုံး ၀မသောက် စားကြောင်း ထောက် ခံပြောဆိုကြပါတယ်။

သမီးလေးတွေကအားလုံး လိမ္မာရေးခြားရှိပုံရကြပါတယ်။ အိမ်မှာလည်း အိမ်အလုပ်တွေဝိုင်းကူလုပ်ပေးကြတယ်လို့ပြောပါတယ်။

ကျွန်တော်တင်တဲ့ ဓာတ်ပုံထဲက သမီးလေး အေးမြင့်မေဇော်ကို ဖခင်ဖြစ်သူမှ စာသင်ပေးနေတာက သူ့အစ်မ မဖြိုးမြင့်သော် ရဲ့ စာအုပ်အဟောင်းလေးတွေ နဲ့ သင်ပေးနေတာဖြစ်ပါတယ်။

ကျုရှင်မထားနိုင်ပေမယ့် ကျောင်းဖွင့်ရင် စာလိုက်နိုင်အောင် ကြိုသင်ပေးနေတာလို့ ပြောပါတယ်။

ဖခင်ဖြစ်သူ ဦးချစ်တင်ဦးဟာ ပညာရေးကြိုးစားခဲ့သူဖြစ်ခဲ့ပေမယ့် မိသားစုအခြေအနေအရ (၁၀)တန်းတစ်ဝက်မှာ ကျောင်းထွက်ခဲ့ရရှာသူပါ။

သူဘယ်လောက်ဆင်းရဲဆင်းရဲ သူ့သမီးတွေကို ပညာရေးဆုံးခန်း တိုင်ရောက်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်အမြဲမွေးထားတယ်လို့ ပြုံးပြီး ပြောရှာပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော် သူတို့မိသားစုလေးကို ကြည့်ပြီး ချစ်ခင်မိသလို သနားဂရုဏာလည်းသက်မိပါတယ်။ တစ်ဆက်တည်းမှာ ဖခင်ဦးချစ်တင်ဦးရဲ့ ကြိုးစားမှု၊ လုံ့လ၀ီရိယကိုလည်း လေးစားမိပါတယ်။

ကျွန်တော် ပြန်ခါနီးမှာ သမီးလေးတွေပညာရေးအတွက် အသုံးပြုပေးပါ ဆိုပြီး အလှူငွေ ငါးသောင်း ကျပ် ပေးအပ်ခဲ့ပါတယ်။

ဦးချစ်တင်ဦးခမျာတော့ ၀မ်းသာပြီး ကျေးဇူးတင်လို့ ဘာပြောရမှန်းတောင်မသိဖြစ်နေပုံပါပဲ။

ကျွန်တော်လည်း ချမ်းသာသူတစ်ဦးမဟုတ်ပေမယ့် ကိုယ်တတ်နိုင်သလောက် လှူဒါန်းခဲ့တဲ့အတွက် အပြန်လမ်းမှာ ၀မ်းသာကြည်နူးနေမိပါတယ်။

အလှူအကြီးကြီး မလုပ်နိုင်သေးပေမယ့် တကယ်လိုအပ်နေသူတွေကို အုတ်တစ်ချပ်၊ သဲတစ်ပွင့်လောက် ကူညီပေးတာလည်း မွန်မြတ်တဲ့ အလှူပဲမဟုတ်ပါလားဗျာ။

သမီးလေး အေးမြင့်မေဇော်တစ်ယောက် တစ်နေ့တစ်ချိန်ကျ ရင် မြန်မာပြည်ကြီးကို အကျိုးပြုတဲ့၊ မိဘတွေကို လုပ်ကျွေးမယ့် ပညာတတ်ကြီး မဖြစ်လာဘူးလို့ ဘယ်သူပြောနိုင်မှာလဲလေ။

ကျွန်တော်အပြန်လမ်းတစ်လျှောက်လုံးမှာတော့
သမီးလေး အေးမြင့်မေဇော် ရဲ့
“သမီးလေးကြီးလာရင် ဘာလုပ်မှာလဲ” လို့မေးရင် “ ဆရာဝန်မကြီးလုပ်မှာပါ ဦးဦး”

“ စာကြိုးစားနော် သမီးလေး” လို့ပြောရင် “ဟုတ်ကဲ့၊ သမီးကြိုးစားပါ့မယ်”

လို့ သွက်သွက်လက်လက် ဖြေသံလေးတွေကို ကြားယောင်ရင်း၊ သူ့အမူအရာလေးတွေကို မြင်ယောင်ရင်း ကြည်နူးစွာပြန်လာမိပါတော့တယ်။

မိတ်ဆွေများအားလုံးကို ဒီအလှူကုသိုလ်လေးအတွက် အမျှဝေပါတယ်ဗျာ။


Posted From Kyaw Hlaing Win

myawady news facebook မှ သိမျှ ။

 

No comments:

Post a Comment