Thursday, 9 May 2013

ဒေါက်တာ သန်းထွန်း၏ သမိုင်းမှတ်တမ်း ထဲမှ သိလာရသော မြန်မာတို့ အတွက် ပုဂံ ယဉ်ကျေးမှုရှေးဟောင်းနယ်မြေ။


မြန်မာနိုင်ငံသားတိုင်း ပုဂံ အကြောင်းကောင်းကောင်း သိထား သင့်ပေသည်။ မှန်နန်းရာဇဝင်ထဲက ပုဂံတော့မဟုတ်။ ဘုရားသမိုင်း အထွေထွေမှ ပုဂံ လည်း မဟုတ်။ သို့ဆိုလျှင် အဘယ်နည်း ။ မြန်မာတို့၏ အထင်ကရကျက်သရေဆောင် နယ်မြေ ဖြစ်ခဲ့သော ပုဂံ ဒေသကို အစစ်ဆေးခံ၊ မှတ်ကျောက်တင်ခံ၊ အထောက်အ ထားနှင့် တကွဖြစ်သော ပုဂံ အား ရှေးဟောင်းသုတေသန ကလောင်ဖြင့် မှတ်တမ်းတင် ထားလျက်ရှိသော နောက်ထပ် ရှုထောင့် တစ်မျိုးနှင့် ပုဂံ အား တင်ပြလိုက်ရပေသည်။

(က)။ပုဂံ ဆိုတာ ။

ပုဂံ ဟူသောအမည်နာမကား မြန်မာအမည် မဟုတ်ပေ။ ပျူအမည် ဖြစ်ပေသည်။ အဓိပ္ပါယ်ကား ပျူတည်ထောင်သော ရွာ/ ခံမြို့ ဖြစ်ပါသည်။ ဟလင်း အစရှိသော အထက်ပိုင်း ပျူနှင့် ပြည်အစရှိတဲ့ အောက်ပိုင်းပျူတွေရဲ့ ဆက်သွယ်ရေး လမ်းကြောင်းမှာ အလယ်က စခန်းတထောက်အဖြစ် ပျူဝတ် (Phyu vatsu) ပျူဂါမ (Phyugama)က ပုဂံ ဖြစ်လာတယ် ဆိုတာ လည်းဖြစ်နိုင်ချေရှိပါသည်။ တည်ထောင်သော လူမျိုးကို အစွဲပြုပြီး ပျူဂါမ ဟုခေါ်ခြင်းဖြစ်ပေမည်။ အားလုံး၏ အလယ်ဗဟို လည်းဖြစ်၍ တကြောင်း၊ နယ်အသီးသီးသို့ ဆက်သွယ်ရေး လွယ်ကူ စေသော ရေကြောင်းတည်ရှိရာ ဧရာဝတီ မြစ်ကြီးအပေါ် တည်ရှိနေ၍ သော် တကြောင်း၊ ခံမြို့လည်းဖြစ်၍သော်တကြောင်း ဖြင့် ပုဂံ ကို မင်းနေပြည်တော် မင်းကြီးတည်ရှိရာ ဗဟိုအုပ်ချုပ်ရေး မဏ္ဍလ (အဝန်းအဝိုင်း) အဖြစ်သတ်မှတ် ခဲ့သည်။ ဤသို့သတ်မှတ်ရာ မြန်မာတို့၏ အုပ်ချုပ်ရေး ဗဟိုဌာန အနေသို့ အချိန်ကာလ အားဖြင့် ခရစ်နှစ် ကိုးရာစုနှောင်းခန့် မှစတင်သတ် မှတ်ခြင်း ဖြစ်နိုင်ပေ သည်။ ထိုအချိန်မှစ၍ အိန္ဒိယတောင်ပိုင်းသားတို့မှ ပျူနိုင်ငံကို ဗြဟ္မဝတ္ထု ဟုခေါ်ဆိုရာမှပုဂံ ပြည်ရှိ မြန်မာတို့သည် ဗြဟ္မ လူမျိုးဟု ခံယူခဲ့ ပုံရပါသည်။

(ခ)။တည်ထောင်ပုံ။

ပုဂံ သည်လည်း အခြားသောမြို့ပြနိုင်ငံများကဲ့သို့ပင် မူလရွာ၊ ရွာ မှမြို့ ၊ မြို့မှမင်းနေပြည်တော် ဖြစ်လာမည်ဟု တွေးဆမိပါသည်။ ပုဂံမြို့ ဟူ၍စတင်တည်ရှိနေသည်မှာလည်း ခရစ်နှစ်အစောပိုင်း ကာလလောက်ဟု ခန့်မှန်းရပေသည်။ပျူလူမျိုးများ ခရစ်မပေါ်မီ အနှစ်နှစ်ရာခန့် ကာလက မြန်မာနိုင်ငံ ဟုခေါ်တွင်မည်ဖြစ်သော ဒေသကို ဝင်ရောက်နေထိုင်လျက်ရှိရာမှ ပျူဒေသ သုံးဆယ့်နှစ်ဒေသတွင် ပုဂံ လည်းအပါအဝင်ဖြစ်ပေသည်။ တမ္ဗဒီပဟု အစောပိုင်း တွင်အမည်ရခဲ့ သော ပုဂံ ကိုအကြီးကျယ်ဆုံးသော မင်းနေပြည် အဖြစ်သို့ ရောက်ရှိစေ သောသူမှာ အနိရုဒ္ဓါမင်းပင်ဖြစ်သည်။ မည်သူတည်ထောင်သည် ဘယ်မင်းဆက်ကစသည်ကို အပြော ခက်( အထောက်အထား မတွေ့ဖြစ် ) နေ၍ အနိရုဒ္ဓမင်းမှသာ စပြောလျှင် သင့်ပေမည် ။ပုဂံ သည်

(၂၀ံ ၁၀ ' မြောက်လတ္တီတွဒ်၊ ၉၄ံ ၅၅ ' အရှေ့လောင် ဂျီတွဒ် ) အတွင်းတည်ရှိသည်။ မင်းပိုင်နက်စုစုပေါင်းသည် အစဦး ပထမ တမ္ဗဒီပ၌ မြစ်သာတစ်ဆယ့် တစ် ခရိုင်နှင့် မင်းဘူး ခြောက်ခရိုင် အပါအဝင်ဖြစ်သည်။ တောင်ပိုင်း တွင်တောင်တွင်းထိ၊ ဧရာဝတီမြစ်ကြောင်းအတိုင်း မိကျောင်းရဲ အောက်၊ ပြည်တော်သာကျွန်းအထိအပါအဝင် ဖြစ်၍၊ မြောက်ပိုင်းတွင် ဧရာဝတီ-မြစ်ငယ်ဆုံရာ တောင်ပြုန်း အထိသာ ကျယ်ဝန်းသည်။ဆယ်ရေသောက်လယ်ဧက ကို ခရိုင်(န်) ၊ ထိုမှ တိုက်သို့ကြီးကျယ်လာရာမှ တိုက်ခရိုန်ထက်တိုးတက် လာပြီး နိုင်ငံထူထောင်ရန် အခွင့်သာလာခဲ့သည်။ လူအား၊ စီးပွားရေး အင်အား တောင့်တင်းပြည့်စုံလာ၍ အနုရုဒ္ဓါမင်းလက်ထက်တွင် ပုဂံသည် မြန်မာ လက်နက်နိုင်ငံ၏ အချက်အခြာ မဏ္ဍိုင်ဖြစ်လာ ပေသည်။ထိုမင်းကိုဆက်ခံသော ဝဇြာဘရဏ(စောလူး) လက်ထက်တွင် ပုဂံ ၏သြဇာအာဏာမှာ ဘိတ်( မြိတ်) အထိ သို့ရောက်နေသည်ကို ၎င်းဘွဲ့အမည်နှင့် မြေပုံဘုရား မြိတ်တွင် တွေ့ရှိရခြင်းမှ သိနိုင်ပေသည်။ ဒုတိယစည်သူ လက်ထက်တွင် နိုင်ငံသည် မြောက်ဘက်တွင် တကောင်းနှင် ငဆောင်ချန် ၊ တောင်ဘက် တွင် တလိုင်သရိယ်( တနသာင်္ရီ )၊ ထဝယ် (ထားဝယ်) နှင့် သလင်ကြေ(Junk Ceylon, Cape Salang)၊ အနောက်ဘက် တွင် မစ္ဆကီရိတောင် ၊ အရှေ့ဘက်တွင် သံလွင်မြစ်အ ထိကျယ် ပြန့် လျက် ရှိသည်။

(ဂ)။ အမည်နာမ၊ မှတ်စုအထွေထွေနှင့် ပုဂံ ။

ပုဂံ၏ပါဠိ အမည်ကား အရိမဒ္ဒပူရ ( ရန်မျိုးနှိမ်မြို့ ) ဟု အဓိပ္ပါယ် ရသည်။ တိုင်းရင်းသားအမည်နှင့် ခေါ်ခြင်းမျိုးလည်းရှိ၍၊ မွန်တို့ က ပေါကာမ် ( သို ) ပုကာမ် ( သို့ ) ဗုကာမ် ဟုရေးသားဖော်ပြလေ့ ရှိပါသည်။ မွန်တို့ကပင် ပုဂံ နှင့် ပတ်ဝန်းကျင် ကို တတ္တဒေသ (ခမ်းခြောက်ရာအရပ်) ဟု ခေါ်စမှတ်ပြုသည်ကိုလည်း မှတ်သား ဖွယ်တွေ့ရပါသည်။ ပုဂံ တရုတ်ပြည်သွား ခရစ်နှစ် ၁၂၇၃ခု ငြိမ်း ချမ်းရေးသံအဖွဲ့ခေါင်းဆောင် ရှင် ဒိသာပါမောက်က ပုဂံ ကိုဖော် ပြရာ၌ တမ္ဗဒီပ ( ကြေးနိုင်ငံ ) ဟူသောအခေါ်ကို သုံးပါသည်။ ပုဂံ ၏လူဦးရေကို ပုဂံ ကျောက်စာတို့တွင်ပါသော စပါးစိုက် ၊မြေပယ် ဧရိယာနှင့်စပါးအထွက်ကို ယူ၍ခန့်မှန်းရလျှင် လူဦးရေ တစ်သန်း အထက်နှင့် နှစ်သန်းအောက်ရှိပေမည်။ ယခုတွေ့ရသော မြို့ရိုး မူကား ခရစ်နှစ် ၁၈၂၄ တွင် ရန်သူလာပြီဆိုမှ မြန်မြန်တင်ထား သော မြို့ရိုးဖြစ်သည်။ ပုဂံ ဝန်းကျင်ဒေသသည် သဲမြေဖြစ်၍ အုတ်မလုပ်နိုင်။ စေတီပုထိုးတို့ တည်ရန်အတွက် အုတ်ကို စလေနယ်၊ စလင်းနယ်တို့မှ ပုဂံ အရောက် လှေ၊လှည်းတို့ဖြင့် သယ်ယူကြရသည်။ ပုဂံ ဝန်းကျင်ဒေသသည် သက်တမ်းအနှစ် သန်း ၃၀ မှ ၆၀ ရှိရခိုင်ရိုးမကြောင့် မိုးရိပ်ကျ ဧရိယာဖြစ်၍ လွန်ခဲ့ သော နှစ်ပေါင်း ၃ကုဋေကျော် ၆ကုဋေ မရှိတရှိကပင် သဲကန္တာရတပိုင်း(semi-desert) ဖြစ်နေပေသည်။

(ဃ)။ ပုဂံ မင်းဆက် ။

မှတ်တမ်းရှိမှသမိုင်းမည်သည် သတ်မှတ်ကြပါစို့။ မှတ်တမ်းမရှိ သောကာလကို အကြိုသမိုင်း (Pre-history) လို့ သတ်မှတ်ကြပါ သည်။ မြန်မာ့မှတ်တမ်း တွေကို မြန်မာဘာသာ အက္ခရာတင်ပြီး ရေးသားသည့် အမှတ်အသားမှာ ခရစ်နှစ် ၁၁ ရာစုနောက်ပိုင်း ထက်ဝက်ကာလမှ စတင်တွေ့ရှိသည်။ ထိုမှတ်တမ်းမှ အစပြု၍ ပုဂံ မင်းဆက်ကို ဖော်ပြရလျှင်
(၁)။ အနိရုဒ္ဓ ၊ အနော်ရထာ (အေဒီ ၁၀၄၄-၁၀၇၇)
(၂)။ ဂြီဝဇြာဘရဏ ၊မင်လုလင်၊ စောလူး (အေဒီ ၁၀၇၇-၁၀၈၄)
(၃)။ထိလိုင်မင်၊ကျန်စစ်သား (အေဒီ ၁၀၈၄-၁၁၁၃)
(၄)။ ပထမ စည်သူ၊ အလောင်းစည်သူ(အေဒီ၁၁၁၃-၁၁၆၀)
(၅)။ ဤမ်တဝ်သျင်၊ နရသူရ၊နရသူ (အေဒီ ၁၁၆၀-၁၁၆၅)
(၆)။ ဒုတိယစည်သူ၊နရပတိစည်သူ ( အေဒီ ၁၁၆၅-၁၂၁၁)
(၇)။ နာတောင်မျာ၊ ဇေယသွတ် (အေဒီ ၁၂၁၁-၁၂၃၁)
(၈)။ နရသိင်္ဃဥဇ္ဇာနာ (အေဒီ ၁၂၃၁-၁၂၃၅)
(၉)။ က္လစွာ၊ကျစွာ (အေဒီ ၁၂၃၅- ၁၂၄၉)
(၁၀)။ ဥစ္စနာ (အေဒီ ၁၂၄၉-၁၂၅၆)
(၁၁)။ မင်ယန် (အေဒီ ၁၂၄၉- နန်းသက်-၂ လ)
(၁၂)။ တတိယစည်သူ၊နရသီဟပတိ၊ တရုက်ပ္လိယ် (အေဒီ ၁၂၅၆-၁၂၈၇)မှတ်ချက်။ ဤမင်းလက်ထက်တွင် မွန်ဂိုစစ်တပ် တို့ ပုဂံကို လာရောက်တိုက်ခိုက်၍ မွန်ဂိုတရုတ်တို့လက်မှ ထွက် ပြေးတိမ်းရှောင်ရလေသည်။ ပုဂံ ကိုအလုံးစုံသိမ်းယူ နိုင်သော် လည်း ရှေးမင်းဆက်ကိုပင် ပြန်လည်ထူထောင် ပေးခဲ့ကြပါ သည်။
(၁၃)။ ရှယ်နန်သျှင်၊ ကျော်စွာ (အေဒီ ၁၂၇၉-၁၂၉၇)
(၁၄)။မင်လုင်စောနှစ် ၊စောမွန်နစ် ( အေဒီ ၁၂၉၇- ၁၃၃၄)တို့ဖြစ် ပါသည်။ ပုဂံ မင်းနေပြည်တော်မှာ ဗဟိုချုပ်ကိုင်မှု ကင်းကွာပြီး သူတလူ ငါတမင်းဖြစ်လာကြကာ အတွင်းပိုင်း လှိုက်စားသော အန္တာရယ်အပြင် ပြင်ပက လာရောက်တိုက်ခိုက်မှုများကြောင့် ဖြစ်သည်။ ပုဂံခေတ်မပျက်သုန်းမီကပင် အင်္သချာင်္(အသင်္ခယာ) ၊ ရာဇသင်္ကြန်၊ သီဟသူရ ရှမ်းညီနောင်သုံးပါးတို့မှ မြင်စိုင်းအရပ်၌ ပင်ယခေတ်ကို တည်ထောင်ပြီးဖြစ်လေသည်။

(င)။ ပုဂံခေတ်ဆိုင်ရာ ကိုးကွယ်မှု။

ဘာသာရေးကိုလည်း ပျူတို့ထံမှ ဆက်ခံခဲ့မည်ဟု ယုံကြည်ရပါ သည်။ မိရိုးဖလာ နတ်ကိုးကွယ်မှုကိုလည်း မစွန့်လွှတ်ခဲ့ကြပေ။နတ်ကိုးကွယ်မှုသည် သရပါတံခါးရှိ အစောင့် နတ်မင်းက သက်သေပင် ဖြစ်သည်။ခရစ်နှစ် ၁၁ ရာစုတွင် ပုဂံရှိ မြန်မာတို့သည် ဗုဒ္ဓသာ သနာ ကိုသက်ဝင်ယုံကြည်ပြီး ဖြစ်နေလေသည်။ မြေပုံဘုရားမှစာ တွေ့ အရ ဗုဒ္ဓကို ကိုးကွယ်သလို၊ ဗောဒိသတ္တကိုလည်း ကိုးကွယ်သည်။ ခရစ်နှစ် ၁၁ ရာစုက ပုဂံရှိ မြန်မာတို့သည်ဗုဒ္ဓ သာသနာကို မဟာ ယာနဂိုဏ်းနှင် ဟိနာယာနဂိုဏ်း နှစ်မျိုးလုံး ကိုးကွယ်ကြသည်။ နိုင်ငံတော်ဆိုင်ရာ အခမ်းအနားများတွင် ဗြဟ္မဏ အယူဖြင့် ဟူးရားခေါ် ပုဏားက အခါပေး၊ ဘိသိတ်ဆက်၊ ထိမ်းမြား လက်ထပ်ပေး စသည်ဖြင့် နတ်ပ သ ခြင်းကိုလည်း လက်ခံလေ့ရှိသည်။ ပုဂံခေတ်အစောပိုင်းနှင့် အလယ်ပိုင်းတို့ တွင် လူအများစုမှာ စာဖတ်တတ်ခြင်း မရှိသေး၍ ဇာတ်တော် များ၊ တရားတော်များကို ဂူဘုရားများ၏ နံရံတွင် ပန်းချီရေးဆွဲ သရုပ် ဖော်ထားခြင်းဖြစ်ပါသည်။ ပိဋိကတ် သုံးပုံမှာ ထိလိုင်မင်း လက်ထက်ကုန်ခါနီးမှ သီဟိုဠ်မှ ရသည်ဟု ကျောက်စာတွင် ရေးထိုးခဲ့ ပေသည်။ ပါ ဋိဘာသာတတ်ကျွမ်းသော ရဟန်းတော် များကို မြန်မာဘာသာ ပြန်စေ၍ ပါဋိသဒ္ဒါကို အလေး ပေးသင်ကြားစေပြီး သဒ္ဒါကျမ်းများ ကိုရေးသားခဲ့ပေသည်။

(စ)။ ပုဂံခေတ်ဆိုင်ရာ သာသနိကအဆောက်အအုံများ။

ပုဂံ အကြောင်းဆိုလျှင် မပါမဖြစ်မှာ ရှေးဟောင်းသမိုင်းဝင် ဒေသ ရှိ စေတီပုထိုးများ အကြောင်းပင်ဖြစ်သည် ။အမျိုးသား စည်းလုံး ရေးမှာ ထိရောက်စွာ အောင်မြင်ခဲ့သော ရလာဒ်အဖြစ် သာသ နိက အဆောက်အအုံများကို အပြိုင်အဆိုင် ဆောက်လုပ် လှူ ဒါန်းခဲ့ နိုင်သည် ။ပုဂံ ခေတ်ပြည့်ရှင်မင်းများသည် ဘုရားကျောင်းကန်များ ဆောက်လုပ်လှူဒါန်းကြပြီး သာသနာ့  ဒါယိကာအဖြစ်ကို ဂုဏ်ယူမြတ်နိုးစွာ ခံယူကြလေသည် ။ ပုဂံပတ်ဝန်းကျင်ရှိ ဘုရား၊စေတီ၊ပုထိုးများကို နှစ်အနည်းငယ်းအတွင်း အင်တိုက် အားတိုက်တည်ထားခဲ့ သလောဟုမေးခဲ့လျှင် ။ ပုဂံခေတ်မှာ အနှစ် ၄၀၀ ကျော်ကြာမြင့် ခဲ့ရာ ဤမျှလောက်များပြားသော စေတီပုထိုး တည်နိုင်ရန် အချိန်ကောင်းကောင်းရနိုင်ပါသည်။ လှည်းဝင်ရိုးသံ တညံညံ ဟူ၍ ၄၄၄၆၇၃၃ ဆူတော့မရှိ၊ ရှေး ဟောင်းသုတေသန ဌာနမှရေတွက်ထားသဖြင့် ၂၂၁၇ ဆူ အတိအကျရှိပါသည်။ကမ်းပါးမှာ ကျောက်ကမ်းပါး ဖြစ်၍ ကမ်းပြို သောကြောင့် ရေဆင်းသွားသောစေတီဟူလည်းမရှိနိုင်ပေ ။ စေ တီအချို့မှာ အပျက်အစီးများ၍ အချို့မှာ အပျက်အစီး သိပ်မရှိပေ။ စေတီ တို့မှာစုစုပေါင်း မြေဧရိယာ ၁၆ စတုရန်းမိုင် အတွင်း ဖြန့် ကျက်လျှက် တည်ရှိနေပေသည်။စေတီ၊ ပုထိုးများကို မည်သည့်မင်းတည်ခဲ့သည် ဆိုသည်ထက် တည်ထားပုံ လက်ရာ နှင့်သဏ္ဍာန်ဖြင့်ခွဲခြားလျှင်ပို အဆင်ပြေမည်ဖြစ်၍ အကျမ်းဖျင်း ဖော်ပြရသော်
(၁)။ ခရစ်နှစ် ၁၀ ရာစု တည်ထားသော ရှေးအကျဆုံးစေတီ (ထူပါ) သည် အိန္ဒိယ ဆန်ချီ (ထူပါ) ပုံသဏ္ဍာန်အတိုင်း စက်ဝိုင်း ထက်ခြမ်း၊ ကြက်ဥပုံလုံးလုံး တည်ထားကိုးကွယ်ကြသည်။
(၂)။ ထူပါပုံသဏ္ဍာန် မုန်းပေါင်းပုံကုန်းကြီးကို ခါးရှည်ပေးလျှက် မီးပြောင်းပုံ လုံးလုံးရှည်ရှည် နှင့် ပျူ၊သရေခတ္တရာပုံစံယူလျှက် တည်ထားကိုးကွယ်ကြသည်။( ဥပမာ။ ဗူးဘုရား၊ငကျွဲနား တောင်း၊ လောကနန္ဒာ)
(၃)။ နောက်ပိုင်း တွင် သပိတ်မှောက်၊သင်္ကန်းပတ်တို့ ကိုခေါင်း လောင်းပုံ / ဘဲဥပုံ အသွင်နှင့် စေတီများကို တည်ထားကိုးကွယ် ကြသည်။ ( ဥပမာ။ ရွှေစည်းခုံ၊ ရွှေဆံတော်၊ မင်္ဂလာစေတီ။)
(၄)။ မူလ ဟိန္ဒူကျောင်းကို အလားတူ ပုံစံပြန်လည်ပြုပြင်၍ ဂန္ဓကုဋီတိုက် အဖြစ် ကိုး ကွယ်သည်။( ဥပမာ။ စေတနာကြီး။)
(၅)။ သီဟိုဠ်ကျွန်း( သီရိလင်္ကာ ) ပုံစံကို တိုက်ရိုက်ယူပြီး တည် ထားကိုးကွယ်ကြသည်။( ဥပမာ။ ဆပဋနှင့် ပေပင်ကျောင်း)
(၆)။ ဂူဟဆိုတဲ့ တောင်ကြောပေါ်က သဘာဝလှိုင်ဂူကို အတုယူ ပြီး ဗုဒ္ဓရုပ်ပွားတော် ကိန်းဝပ်စံပယ် ဖို့ တည်ထားကိုးကွယ်ခဲ့ ကြသည်။
(၇)။မြောက်အိန္ဒိယ လက်ရာအတိုင်း တည်ထားကိုးကွယ်ကြ သည်။( ဥပမာ။ အာနန္ဒာ)
(၈)။ ဗဟိုအိန္ဒိယ လက်ရာအတိုင်း တည်ထားကိုးကွယ်ကြ သည်။( ဥပမာ။ မဟာဗောဒိ)
(၉)။ တောင်အိန္ဒိယ လက်ရာအတိုင်း ပြသာဒ်များဖြင့် တည်ထား ကိုးကွယ်ကြ သည်။( ဥပမာ။ ကန်တော့ပလ္လင်၊ စူဠာမုနိ)
(၁၀)။ အဇန္တပုံစံကို အတုယူ၍ ဥမင် လို့ခေါ်တဲ့ ကမ္မဌာန်းထိုင် နိုင်သော ပုံစံဖြင့် တည်ထား ကိုးကွယ်ကြ သည်။( ဥပမာ။ ကျောက်ကူးဥမင်၊ ကျန်စစ်သားဥမင်)
(၁၁)။ ပိဋကတ် သုံးပုံအဖွင့်ကျမ်း များထားသိုရန်ရည်ရွယ်၍ သီမ (သိမ်) ၊ပိဋကတ်တိုက် ပုံစံဖြင့် တည်ထား ကိုးကွယ်ကြ သည်။
(၁၂)။ ကိစ္စတစ်မျိုးထက် ပို၍အသုံးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် တည်ထား ကိုးကွယ်ကြ သည်။( ဥပမာ။ သဗ္ဗညုဘုရားဟာ ဘုန်း ကြီးကျောင်း၊ ပိဋကတ်တိုက်၊ ဘုရားကျောင်း၊ စေတီ စသည်ဖြင့် လေးမျိုးအသုံးပြုနိုင်ပေသည်။)
(၁၃)။ အလင်း၊ အမှောင်၊ မလင်းမမှောင် အခြေအနေဖြင့် စေတီကို တည်ထား ကိုးကွယ်ကြ သည်။( ဥပမာ။ ပုဂံ ခေတ်ဦး ဘုရားကျောင်းအတွင်းပိုင်းဟာမှောင်နေတတ်သည် ( အဘယ်ရတနာ)၊ ခေတ်နှောင်း ဘုရားကျောင်း အတွင်းပိုင်းများ တွင် မြင်သာထင်သာ လင်းလင်းထင်းထင်း ရှိသည် ( သဗ္ဗေညု) ကြားကာလ ဘုရားတွင်တော့ မလင်းမမှောင်ပုံစံရှိသည် (အာနန္ဒာ) )
(၁၄)။ စေတီအကြီး ပြိုကျ၍ ပေါ်တော်မူ ဟုလူသိများသော ပုဂံ ခေတ် မူလဟန် အပြည့်အဝရှိသော စေတီလေးများ လည်းရှိ သည်။
ဘုရားထီး/ မကိုဋ်သည် မြန်မာတို့၏ မူပိုင်တီထွင်မှု ဖြစ်ပြီး ခရစ်နှစ် ၁၄ ရာစုနှစ်ရောက်မှ ဘုရားစေတီ တို့တွင် အသုံးပြု သည်ဟုမှတ်သားရပါသည်။ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း များကို အုတ်သက်သက်နှင့် အပြင် ၊ အုတ်နှင့် ကျွန်းသစ်ရော၍ လည်း တည်ဆောက်လေ့ရှိပါသည်။ ပိဋကတ် ပရိယတ္တိကိစ္စကို ဦးစားပေးလေ့ရှိပြီး စာသင်ကျောင်းများကို ကျောင်းဦးစေတီ၊ ပိဋ ကတ်တိုက်၊ ဓမ္မသာလ ခေါ် ရဟန်းတို့တရားဟောပြောရာနေ ရာ၊ ရဟန်းတွေ ဥပုသ်ပဝရနာ ပြုသောသိမ် ကျောင်းထိုင်သီတင်း သုံးရာကျောင်း တိုက်တို့ကို တံတိုင်းတထပ်ဖြင့် ဝန်းရံထားသည်။ အပြင်တံတိုင်းအတွင်း စာသင်ရဟန်းငယ်တို့အတွက် သီးခြား အရန်ကျောင်းဆောင်များကို ဆောက်ပေးထားသည်။ တရား တော်များကျင့်ကြံရန် ပဋိပတ္တိ ကျောင်းများကို နောင်တွင် တည် ဆောက်လာခဲ့သည်။

(ဆ)။ ပုဂံ ဘုရားကျောင်းများတွင် တွေ့ရတတ်သော တံဆိပ်လက္ခဏာ ရည်ညွှန်းချက်။

ပုဂံဘုရားကျောင်းများတွင် တွေ့ရတတ်သောအလှဆင်ပစ္စည်း များကို ပဒုမ္မာကြာဖြူ၊ ကောကနဒ ကြာနီပွင့် ၊ အရွက်၊ အရိုး၊ အခွေ၊ အလိပ် ပုံစံတို့ဖြင့် ဂူဘုရားနံရံ၊ မျက်နှာကြက်၊ မုခ်အဝင်၊ အထွက်ပေါက်တို့မှာ တွေ့ရပါသည်။ အလှသဘောနှင့် ရည်ညွှန်းရာ ယှဉ်တွဲနေပြီး ကြာပန်းဆိုသည် စင်ကြယ်ခြင်း၊ သန့် ပြန့်ခြင်း၊ မွှေးမြခြင်းအပြင် ကြာ၏ဂုဏ်သတ္တိ ရွှံ့ညွှန်ထဲမှ သန့်စင်ကြီးကြယ်သော အဓိပ္ပါယ်ကိုပါ ယူထားသည်။ ပန်းအခွေ အလိပ် " ဝလုံး " သည် အဆုံးမရှိသဘောကို ရည်ညွှန်းပါသည်။ မာန်နတ်၏သမီးသုံးယောက်သည် လောဘ၊ဒေါသ၊မောဟ၊ စင်္ကြာပုံသည် မြတ်စွာဘုရား တရားဦးဟောပုံ၊ ပလ္လင်၊ ဗောဓိ ၊ခြင်္သေ့၊ မီးတောက်မီးလျှံ၊သည် သဗ္ဗညုတဥာဏ်တော်ရပုံ၊နွားလားမှာ ဖွားမြင်ချိန်၊ ဆင်ဖြူတော်မှာ ပဋိသန္ဓေယူပုံ၊မြင်းပုံမှာ တောထွက်ခန်း၊ သိရီနတ်သမီးသည် ကျက်သရေ ဆောင်ရာ၊ဘီလူးသည် အစောင့်အရှောက်၊ အမိ၊အဖသည် အသိနှင့် လက်တွေ့၊ ဖောင်းရစ်သည် ဖြစ်ခြင်း၊ ပျက်ခြင်း စသည် ဖြင့် လက်လှမ်းမီရာ တံဆိပ်လက္ခဏာ ရည်ညွှန်းချက်ကို တင်ပြ လိုက်ပါသည်။ အိန္ဒိယအရင်းခံ ပုံပြင်၊ လက်ရာ များဖြစ်နေ၍ ခြေဟန်၊လက်ဟန်၊အဝတ်ကအစ အိန္ဒိယ အငွေ့အသက် မကင်းပေ။ လူသဏ္ဍာန်၏ လက်ဟန်၊ ခြေဟန်၊ အမူအရာ နှင့်လည်း သရုပ်ဖော် တတ်ပါသည်။

(ဇ)။ ပုဂံခေတ် လောကီဆိုင်ရာ အဆောက်အအုံ။

ပုဂံခေတ်တွင် အရှင်သခင် မင်းတရားစံတော်မူရာ အဆောက်အအုံကို အိမ်တော်ဟုခေါ်သည် ။ အိမ်တော်/ နန်းတော်ကြီး ကို ကျွန်းသစ်ဖြင့်သာ ဆောက်လုပ်လေ့ရှိသည်။အိမ်တော်သည် အရှင်ဘုရင် နေထိုင်ရာ အဆောက်အအုံဖြစ်၍ ကြီးကျယ်ခမ်းနားလှမည် ဟုထင်လျှင်မှားပေမည် ။ ၎င်းတို့ ဆောက်လုပ်လှူဒါန်းထားသော ဘုန်းကြီးကျောင်း များ လောက် ပင်ထည်ဝါမှုမရှိချေ။ အမိုးကိုလည်း ပျဉ် အုတ်ကြွပ်၊ မြေအုတ်ကြွတ်ဖြင့် မိုးပါသည်။ အိမ်တော်ကို တံတိုင်း ၊ ကျုံးဖြင့် ဝန်းရံသည်။တံတိုင်းတစ်ဖက်တွင် အဝင်ပေါက်နှင့် တံခါး သုံးခုစီ ထားလေ့ရှိသည်။ မြို့တော်၏ အဝန်းအဝိုင်းမှာ တစ်မိုင်စတုရန်းနီးပါးရှိသည်။ အိမ်တော်ကား ထိုအဝန်း အဝိုင်း ၏ အလယ်ဗဟိုတွင် ရှိသည်။ ထိလိုင်မင်း၏ နန်းတည်ကျောက် စာအရ နန်းတော်ကို ပစ္ဆရံငါးဆင့်၊ ဘုံငါးဆင့်နှင့် အလယ် ပြသာဒ် ကြီးတစ်ဆောင်၊ ဘုံသုံးဆင့်နှင့် လေးမျက်နှာ ပြသာဒ်ငယ် လေးဆောင် စသည်ဖြင့် တည်ဆောက် ထားသည်။ပြသာဒ်ငယ်လေးတွေနဲ့ ရေချိုးဆောင် ၊ပလ္လင်ဆောင်၊ဇေတဝန်ဆောင် ၊ အမိုး၏အလယ် ပေါ်တဆင့်ပါသော ဝင်းတံခါး လေးပေါက်တို့ ပါရှိပါသည် ။တံခါးနှင့် ပြတင်းတွေမှာ စုလစ် မွန်းချွန်များတန်ဆာ ဆင်ယင်ထားပါသည်။ ပင်မအဆောင်ကို တောင်မြောက် အကန့် နှင့်တကွ၊ ရာဇပလ္လင်ထားရှိရာ အရှေ့ခန်းနှင့် စုရုံးရာ အနောက် ခန်းတို့လည်း ပါဝင်ပေသည်။ ဤပြသာဒ် ကြီးကို အခြွေအရံ အ သင်းအပင်း တို့ နေစရာ အဆောင် ဆောင်နှင့် တွဲလျက် တည် ဆောက်ထား ပါသည်။ နံရံဆေးရေး ပုံအရဆိုလျှင် ပြသာဒ် ဆောင်မသည် ဘုံအဆင့်ဆင့်ဖြစ်၍ တဆင့်ထက် တဆင့် ငယ် သွားရာ ပြသာဒ်ထိပ်ဖျားသည် ချွန်သော သဏ္ဍာန်ဖြစ်နေပေ သည်။အရှေ့တောင်အာရှတွင် အတွေ့များသော ပုံသဏ္ဍာန် ဖြစ်ပြီး ခမ်းနားထည်ဝါမှုရှိလှပေသည်။ ဆောက်လုပ်ရေးတွင် ထိပ်တန်း အလေးထားကြသည်မှာ နတ်ကန်တော့ခြင်း၊ နေ့ကောင်း ရက်သာရွေးခြင်း နှင့် လောကအစီအရင် တို့ဖြစ်သည်။ ပုဂံခေတ်အတွင်း နန်း အသစ်တည်ဆောက်ခဲ့သော ဘုရင်မှာ ထိလိုင်မင်းနှင့် ဤတဝ် သျင် မင်းနှစ်ပါးဖြစ်သည်။ ပုဂံခေတ်ဆိုင်ရာ လူနေအဆောက်အ ဦးတို့မှာ သစ်၊ဝါး၊သက်ငယ် တို့နှင့်သာ တည်ဆောက်ထားပါ သည်။

(စ်)။ ပုဂံခေတ် ဘာသာစကားနှင့် စာအရေးအသား ။

အနိရုဒ္ဓလက်ထက်က နိုင်ငံသုံး၊ မင်းသုံး ဘာသာစကားမှာ သက္က တ၊ ပါဠိ နှင့် မွန် ဖြစ်ပါသည်။ ဝဇြာဘရဏ(စောလူး) လက်ထက် တွင် ပါဠိ ကိုအသုံးများသည်။မွန် ဘာသာဖြင့်လည်း အနည်းအ ပါးရေးသည် ။ ထိလိုင်မင်း( ကျန်စစ်သား) လက်ထက်တွင်တော့ မွန်ဘာသာကို ထူးထူးခြားခြား အသုံးများ သည်။ ထိလိုင်မင်း၏ သားတော် ရာဇကုမာရ်ကတော့ မွန်၊ မြန်မာ၊ ပျူ၊ ပါဠိ လေးမျိုး သုံးခဲ့သည်။ ထိလိုင်မင်း၏ မြေးတော် ပထမစည်သူ( အလောင်း စည်သူ) လက်ထက်တွင် ပါဠိ ဘာသာကို ကောင်းမွန်ခံ့ညား အောင် စီကုံးရေးစေ၍ သက္ကတဖြင့် နိဂုံးရေးသည်။ မွန်ဘာသာ ကိုလည်း လက်မလွှတ်သေး၊ မြန်မာစာနှင့် ကျောက်စာများ လည်းတွေ့နိုင်သည်။ ဒုတိယစည်သူ လက်ထက်တွင်တော့ မြန်မာဘာသာကို အဓိက အလေးပေးခဲ့သည်။ ပျူဘာသာ ကွယ်ပျောက်သွားပြီး၊ မွန်ဘာသာကတော့ ပျောက်လုနီးပါး ဖြစ်နေပေပြီ။သက္ကတဘာသာကိုမူ သိသူရှားပါးလျက်ရှိပြီး၊ ပါဠိ ဘာသာသည်ကား ရဟန်းတို့သာ အသုံးပြုကြတော့သည်။
စာအရေးအသား ကိုလေ့လာရလျှင်လည်း ပျူ၊ မွန်၊ မြန်မာ စာတို့ သည် ဗြဟ္မီ အက္ခရာ ပုံစံကို ယူပြီးရေးသားခြင်းဖြစ်၍ ဗြဟ္မီစာ ရေး သလို ဘယ်ဘက်မှ ညာဘက်သို့ရေးသား သည်ကိုတွေ့နိုင်ပါ သည်။ပျူစာရေးနည်းကို ပုဂံခေတ်အထိ မတိမ်ကောပဲ ဆက် လက်သုံးစွဲလျက်ရှိသည်။ သို့သော် မြန်မာစာရေးနည်းကိုမူ တောင်ပိုင်းအိန္ဒိယ ကာည္စိပူရရေး နည်းကို မဲနမ်မြစ်ဝမ်း၊ ဒွါရဝတီ ဖက်မှသွင်းလာသော မွန်စာရေးနည်း ကိုဆက်ခံပါသည်။ စာလုံး ပေါင်းရာမှာ အက္ခရာကိုသုံးပြီး အသံထွက်အတိုင်း ရေးရခြင်း ဖြစ်၍ အိန္ဒိယ အက္ခရာနှင့် လိုချင်တဲ့ ပုံစံရအောင် ရေးယူရာမှာ လို အပ်၍ တည်ထွင်ရခြင်း မျိုးလည်း ရှိပေသည်။ ရိုးရာဓလေ့ကို ရှေး အခါက သားစဉ် မြေးဆက် နှုတ်တက်အာဂုံဆောင် ထိမ်းသိမ်း လာပြီး ခရစ်နှစ် ၁၃ ရာစုရောက်မှ စာနှင့် ချရေးခဲ့ပေသည်။ကနဦးတွင် မွန်ယဉ်ကျေးမှု လွှမ်းမိုးမှု ကို သိသာထင်ရှားစွာ တွေ့ နိုင်ပြီး နောက်ပိုင်းတွင် သီရီလကာင်္ နန်းတွင်း၏ သြဇာအာဏာ အတော်ပင် သက်ရောက်ခဲ့  သည်ကို လေ့လာတွေ့ ရှိရ ပေသည်။

(ည)။ ပုဂံခေတ် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု။

တိုင်းပြည်၏ ပဓာနစီးပွားရေးမှာ စိုက်ပျိုးရေးဖြစ်သည်။ ဆည်ရေ သောက်လယ်များသည် အဓိက ပင်မစီးပွားရေးလုပ်ငန်းဖြစ်၍ အထွက်ပိုလျှံလာသောအခါ စားသုံးရမကုန်နိုင်ပဲ စီးပွားရေး အမြင်ဖြင့် ရောင်းချရန်ဟူသော သဘောများဝင်လာနိုင်သည်။ ရေလုပ်ငန်း၊ဆားလုပ်ငန်း၊ ကျောက်သံ ပတ္တမြားတူးဖော်ရေး လုပ်ငန်း၊ငွေ၊ခဲ၊ကြေးနီ ထုတ်လုပ်ရေး လုပ်ငန်းများလည်း လုပ် ကိုင်ဟန်ရှိပေသည်။ အနိရုဒ္ဓါလက်ထက်တွင် နိုင်ငံတကာနှင့် ဆက်ဆံရေးပြေပြစ်ခဲ့ပေသည်။ ထိုမင်းလက်ထက်တွင် မြန်မာတို့သည် တောင်ဘက်မလေး၊ အနောက်ဘက်အိန္ဒိယ ၊ အိန္ဒိယမှတဆင့် အာရေဗျ ၊ မြောက်ဘက် တရုတ်၊ အရှေ့ဘက် ဖုနန်(ကမ္ဘောဇ) အထိ ကုန်းလမ်း၊ ရေလမ်း အဆက်အသွယ်ပြု လျက် ရှိနေပေပြီဖြစ်သည် ။မြစ်ဝကျွန်းပေါ်ဒေသကို အလိုပြည့် ရာမှ သီဟိုဠ်နှင့်လည်း ဆက်ဆံရန် အခွင့်အရေး ရခဲ့ပေသည်။ အိန္ဒိယ မှ ဆေးဘက်ဝင် ပစ္စည်းများကို တင်သွင်းလျက်ရှိနေပေပြီ ဖြစ်သည် ။ ထိလိုင်မင်း လက်ထက်တွင် လည်း မွန်-မြန်မာ ချစ်ကြည်ရေးကို ဦးစားပေး ခဲ့၍ မွန်သွေးပါ သော မြေးတော်ကို နန်းမွေပေးခဲ့ပေသည်။ခရစ်နှစ် (၁၀၀၄) နှင့် (၁၀၀၆)တွင် တရုတ်တို့နှင့် သံအဆက်ဆံပြု ခဲ့ပါသည်။ပုဂံခေတ် အကပညာ သည်ပျူတို့ ထက်သာ လွန်သည် ။လူကိုယ်တိုင်ကပြဖျော်ဖြေသ လိုအရုပ်ကို ကြိုးဆွဲ၍လည်း ဖျော်ဖြေတတ်ကြသည်။မင်းခမ်း မင်းနားများတွင် ပျူဆိုင်းဝိုင်း၊ မွန်ဆိုင်းဝိုင်း၊ မြန်မာဆိုင်းဝိုင်း များနှင် အသုံးတော်ခံလေ့ရှိပေသည်။

ပုဂံခေတ် ဝတ်စားဆင်ယင်ပုံ။

အိန္ဒိယယဉ်ကျေးမှုကို ပင် လက်ခံ၍ အိန္ဒိယ အဝတ်တချို့ကို အခြေခံလျက် မြန်မာဓလေ့နှင့် ကိုက်ညီအောင် တီထွင်အသုံးပြု လာပါသည်။ ပုဆိုး၊ လုံချည် စသည်ဖြင့် တောင်ပိုင်း အိန္ဒိယ ဓလေ့ကို အတုယူခဲ့ ကြပါသည် ။ စလွယ်နှင့် ခြေနင်းတို့သည်မှာ လည်း ဤနည်းလည်းကောင်းပင်ဖြစ်သည်။ ပွဲလမ်းတက်ရောက်သောအခါ ဝတ်ဆင်ပုံ မှာတော့ တရုတ်ပုံစံ နှင့် ဆင်တူပေသည် ။ ပုဂံခေတ် အမျိုးသား တို့မှာကိုယ်အထက် ပိုင်း တွင် အဝတ်ရှည်တစ်ခုကို ကိုယ်လုံးတွင် ဘယ်ညာပတ်၍ ဘယ်ပုခုံးပေါ်တွင် ရှေ့စ နောက် စနှစ်ခုလုံးတင်ထား၍ အောက် ပိုင်းတွင် ပုဆိုးကိုခါးတောင်းကျိုက် ထားပါသည်။ အမျိုးသမီး တို့မှာ ရင်စည်းနှင့် ခါးစည်း နှစ်မျိုးသာ ဝတ်ဆင်ထားပေသည်။ အမျိုးသမီး ကိုယ်ဝတ်မှာ တို၍ ဗိုက်သား ပေါ်နေသည်။ အောက်ပိုင်း တွင် အဝတ်စတစ်ခုကို အိန္ဒိယ အမျိုးသမီး တို့ဝတ် သော ဒိုတီကဲ့သို့ဝတ်ဆင်ပေသည်။ ပွဲလမ်း များတွင် ပုဝါကိုရင်သိုင်း ၍ အစကို နောက်တွင်ချထား သောပုံစံ မျိုးဝတ် ဆင်ကြပေသည်။ မင်းတို့သည် သရဖူဆောင်း ၍ နားတွင် နားကင်း၊ နားတောင်း ပန်ထားသည်။ ဆံပင်ရှည်ကို အမျိုးသမီး ကဲ့ သို့ပင်ထုံးဖွဲ့ထားသကိုယ့်၌ရုံသော အဝတ်မှာ စောင်ကြီး တစ်ထည် ဖြစ်ပေမည်။ ပုဂံခေတ် မိဖုရားကဲ့သို့ ၊ အထက်တန်း အမျိုးသမီး တို့သည် ဇာနားပါသော လက်တို ခါးတို ကိုယ်ကျပ် အင်္ကျီဝတ်လျက် ထိုအင်္ကျီမှာ အောက်ဖက်ပိုင်းတွင် အလွန်တို ၏။ အောက်ပိုင်းအဝတ်မှာ ထမီနှင့်မတူပဲ ၊ဒိုတီကဲ့သို့ အဝတ်နှင့် ဆင်တူသည်။ ထိုအထက်တန်း အမျိုးသမီးမှာ ဆံပင်ကို နောက်တွဲချ၍ လှပသော ရတနာကျောက်မျက်ချယ် ရွှေနဖူးစည်း ဆင်ယင်ထားသည်။ ပန်းပွင့်ကြီးနှင့်တူသော နား တောင်းကိုပန် သည်။ လည်ဆွဲတန်ဆာ ကိုဝတ်ဆင်သည်။ လက် ကောက်များ စွာကိုလည်း ဆင်ယင်ထားသည်။ထူးခြားချက်မှာ အမျိုးသား၊ အမျိုးသမီး အားလုံးပင် လက်ဝတ်ရတနာများ ဆင်ယင်လျက် နံရံဆေးရေး ပန်းချီကားများတွင် တွေ့ရသည်။ သနပ်ခါးသွေး၍ လိမ်းသော အလေ့မှာ ပုဂံခေတ်ကပင် ရှိ သည် ကိုတွေ့ရပေ သည် ။

ပုဂံ နှင့်ဗဟုသုတအစုံစုံ။

ပုဂံ ခေတ်မှာ ခရစ် ၉ရာစုမှ ခရစ် ၁၃ ရာစုအထိ နှစ်ပေါင်း ၄၀၀ ကျော်ရှိပါသည်။ပုဂံခေတ်ဦးကို စာအထောက်အထား ရှိချိန်မှစ ပြီး ခရစ် ၁၁ ရာစုအထိ၊ ခေတ်လယ်ကို ခရစ် ၁၂ ရာစုနှစ်အထိ၊ ခေတ်နှောင်းကို ခရစ် ၁၃ ရာစုထိဟု အကြမ်းဖျဉ်း သတ်မှတ်နိုင် ပါသည်။ နိုင်ငံဟူသော ဝေါဟာရမှာ ပုဂံခေတ်တွင် စတင်လာ ခဲ့ပြီး တိုက်ခိုက်၍အောင်နိုင်သောမှ"နိုင်" ထိုအောင် နိုင်သော ဒေသ တို့မှ သမီးကညာဆက်၍ ရည်ငံ ရာမှ "ငံ"နှစ်ခုပေါင်း၍ နိုင်ငံဟူသော ဝါဟာရကို အသုံးပြုလာခဲ့သည်။ပုဂံ မင်းတို့သည် သက်ဦး ဆံပိုင်ဖြစ်၍ မင်းအလိုမှန်သမျှ ဥပဒေ ဖြစ်ပေသည် ။ မင်းတို့၏ အထူးကျင့် ဝတ်သည်ကား ဘုရားအလောင်းတော်ကဲ့ သို့ ကြင်နာခြင်း၊ သီလသမာဓိ ရှိခြင်း၊ ခွင့်လွှတ်ခြင်း အမှုတို့ အပြင် တရားစောင့် သော ပြည့်ရှင် မင်းတရား ဖြစ်ရပေမည် ။ ရဟန်း သံဃာတော်တို့နှင့် ဆက်ဆံရာတွင်မူ ဆန့်ကျင်ဖက် မဖြစ်ရန် သတိထားကြပါသည်။ သာသနာ သို့  မြေယာ အလှူပြုခြင်း များ ပြုလေ့ရှိပြီး ထိုမြေယာတို့ သည် မင်းထံသို့  အခွန်အခ ပေးဆောင် ရခြင်းမှ ကင်းလွတ် ခွင့်ရှိပေသည်။ ထိုသို့  အလှူပြုရာ စားပွဲသောက်ပွဲ ကြီးများ ကျင်းပလျက် ရှင်ဘုရင်ကိုယ်တိုင် ရေစက်ချရန် လာရောက် ချီးမြှင့်လေ့ရှိပေ သည်။ ထူးခြားချက်မှာ ပုဂံခေတ်နေ လူအ များမှာ ကွမ်းစားခြင်း၊ သေ(စိမ်ရည်) မှီဝဲ ခြင်းအလေ့ရှိကြ ခြင်း ပင်ဖြစ်သည်။ထို့ပြင် ရောင်းရေးဝယ်ရေး အောင်မြင်ချိန်နှင့် အမှုအခင်းတို့ ကျေအေးရာတွင် သေသားစား ခြင်း အလေ့လည်း မှတ်သားမိပါသည် ။

အထက်က အနိရုဒ္ဓ၊ထိလိုင် မင်း၊ ပထမ စည်သူ တို့၏ လုပ်ရည်ကိုင်ရည်အပြည့် နှင့် ပေါ်ထွန်းလာသော ပုဂံ ပြည်ကြီးတွင် အပယ်ရတနာ၊ ရာဇကု မာရ်၊ အစေါဝ်လတ် တို့အပြင် ရဟန်း သံဃာတွေ၊ ကျောင်းဒါယိ ကာ၊ ဒါယိကာမ တွေ ၏စွမ်းအားဖြင့် တည်ထောင်သွားသော ပုဂံ ပြည်ကြီးသည် နောက်ပိုင်းခေတ် လက်ရာများထက် သာလွန် လျက်ရှိနေသည် ကိုတော့ ငြင်းမရပေ။

သျှင်လေညင်း ။ (၉၊၅၂၀၁၃) ။

စာကိုး။ ။ ဒေါက်တာ သန်းထွန်း

(၁)။ ပုဂံခေတ် နိုင်ငံရေးသမိုင်း (ဇူလိုင် ၊ ၂၀၀၅)
(၂)။ တစ်နေ့ တစ်လံ ပုဂံဘယ်ပြေးမလဲ (၂၀၀၆)
(၃)။ မြန်မာ့ သမိုင်းအတိုအထွာ (ဇူလိုင် ၊ ၂၀၁၁)
(၄)။ သမိုင်းထဲက ဒီဇိုင်း (ဒီဇင်ဘာ ၊ ၂၀၀၅)
လူတွေရဲ့  အကျိုးကို ရှေးရှုပြီးရေးတဲ့  မြန်မာသမိုင်း (၂၀၀၃)

သမိုင်း သက်သေတည်ပါစေ။


myawady news facebook မှ သိသမျှ ။

No comments:

Post a Comment