Saturday 8 June 2013
ဘယ်လိုမှ အသုံးမကျတဲ့နှင်းဆီကို ထားရစ်ခဲ့ပြီ
အလွမ်းအဆွေးသီချင်းတွေကို ရေးဖွဲ့လေ့ရှိတဲ့သူ၊ အောင်မြင်မှုများစွာရရှိတဲ့သီချင်း များစွာကို ရေးသားခဲ့တဲ့သူ …
တေးရေးဆရာကေအေတီ၊ ကဗျာဆရာကျော်အောင်သစ် ….အနုပညာသမားတစ်ယောက်  …. သူ့အနုပညာတွေကို ချန်ရစ်ပြီး ဇွန်လ ၁ရက်နေ့က
လူ့လောကကို နှုတ်ဆက်သွားပါတယ်။
      သူ့အနုပညာခံစားချက်နဲ့ ဘ၀ပုံရိပ်တချို့ကို စာရေးဆရာမောင်ကိုကို(အမရပူရ) ရေးသားထားတဲ့ ဘာကိုမှမကြောက်သူများ စာအုပ်ထဲကနေ  ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
    သီချင်းရေးဆရာကေအေတီကို ရန်ကုန်မြို့မှာမွေးဖွားသည်။
ကေအေတီ၏ မွေးရက်စွဲမှာ ၁၉၆၆၊ ဧပြီ ၁၈။
ကေအေတီ၏ နာမည်ရင်းမှာ ကျော်အောင်။
ကေအေတီ၏ မိဘနှစ်ပါးမှာ မော်လမြိုင်ဇာတိ။
    ၁၉၈၂မှာ သူဆယ်တန်းအောင်၏။  ပထမနှစ်၊ ဒုတိယနှစ်ကို မုံရွာဒေသကောလိပ်မှာ တက်သည်။  တတိယနှစ်ကို မန္တလေးတက္ကသိုလ်မှာ ပညာသင်ကြားရ၏။  “၁၉၈၅ မှာ ကျွန်တော်မန္တလေးတက္ကလိုလ်စရောက် တယ်” ကေအေတီ ပြောသည်…။
         လူပုံအလယ်မနေချင် ငါတစ်ယောက်တည်းပဲ
        ရင်ခုန်သံအသေတွေကိုဖြန့်ကြဲပြီး အခန်းငယ်ထဲ
        ကလေးတစ်ယောက်ရဲ့ဘ၀မှာ  စိတ္တဇလိုရောဂါရင့်စေတယ်….
ကေအေတီသည် ကဗျာဖတ်ရင်း၊ ကဗျာစပ်ရင်း၊ ဂစ်တာတီရင်း၊
သီချင်းဆိုရင်း ဆယ်တန်းကျသည်။  သူ ဆယ်တန်းဒုတိယနှစ်သို့ ရောက်လာ၏။   ဂစ်တာတီးလျက်၊
သီချင်းဆိုလျက်၊ ကျောင်းစာကျက်တာမပျက်ကွက်။ 
“ကျွန်တော် ဆယ်တန်း ဒုတိယနှစ်မှာ ကိုယ်ပိုင်သံစဉ်သီချင်းတစ်ပုဒ် စရေးဖြစ်တယ်၊ ဘာရည်ရွယ်ချက်မှမရှိဘူး၊ ရေးဖြစ်တယ်”   ကေအေတီ ကပြောသည်။
               ရာစုများပြောင်းလဲသွား
              မံမီများမပြောင်းလဲ ရှိနေဆဲ
             အမြဲတမ်းချစ်ခြင်းများ
            ယုံကြည်ထားလိုက်တော့ ဟေ့
        ဒီချစ်ခြင်းများ ငါမပြောင်းလဲတော့ဘူး
        ငြိမ်သက်ခြင်းနဲ့အချစ်က
       မယာမရှိဘူး ပျောက်မသွားဘူး……
သူကဗျာဖတ်ရင်း ၊ ကဗျာစပ်ရင်း ဆယ်တန်းဒုတိယနှစ်မှာ အောင်မြင်သွားသည်။
“ကျွန်တော့်နာမည်ရင်းက ကျော်အောင်။  ရွှေမန်း ကျော်အောင်ရှိသလို၊ စာရေးဆရာကျော်အောင်လည်း ရှိတယ်။  ဒါကြောင့်ကလောင်နာမည်ကို ကျော်အောင်သစ်လို့ ကျွန်တော်ပေးလိုက်တယ်”
 Kyaw Aung Thit
 KAT
ကေအေတီ မန္တလေးတက္ကသိုလ်သို့ရောက်ချိန်မှာ လေးဖြူ၊ အငဲ၊ ၀ိုင်ဝိုင်းတို့နှင့် တွေ့ဆုံသည်။  သူငယ်ချင်း အမြန်ဖြစ်သွားကြ၏။  အလွန်ချစ်ကြသောသူငယ်ချင်းများ။
လေးဖြူ နှင့် ၀ိုင်ဝိုင်းတို့က အတီးနှင့်အဆိုမှာ အားသန်သည်။  အငဲက သီချင်းရေးသည်။  သီချင်းဆိုသည်။  ကေအေတီက ဂီတ အပေါင်းအသင်းများနှင့် နေထိုင်ရသည်ကို အလွန် ကျေနပ်၏။
    ကေအေတီတတိယနှစ်တွင်ဇေယျာဆောင်မှာနေသည်။ စတုတ္ထနှစ်(နောက်ဆုံးနှစ်)မှာရွှေပြည်အေး ဆောင်မှာနေသည်။  တက္ကသိုလ်မှာကျောင်းဖွင့်စ ဆိုလျှင် မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေရှိသည်။  ကျောင်းပိတ်ခါနီးတော နှုတ်ဆက်ပွဲတွေရှိသည်။ မေဂျာလိုက်တီးကြဆိုကြသော ဂီတပွဲတွေရှိသည်။
           လေးဖြူက မန္တလေးတက္ကသိုလ်မှာနာမည်ကြီးနေပြီ။ ကေအေတီတို့ကလည်း လေးဖြူပွဲတက်ဆိုလျှင်မလွတ်တမ်းအားပေးကြသည်။
ညမှာ အဆောင်နံဘေး လိုက်ဆိုလျှင်လည်းလေးဖြူ၊ အငဲ၊ ကေအေတီ၊ ၀ိုင်ဝိုင်း အတူတူ။
     “လေးဖြူက သီချင်းဆိုကို ကောင်းတာ၊ စိုင်းထီးဆိုင်ဆိုတော့လည်း ကောင်းတာပဲ၊ ခင်မောင်တိုးသီချင်း ဆိုတော့လည်း ကောင်းတာပဲ။ ကျွန်တော်တို့သူငယ်ချင်းတွေအားလုံးက လေးဖြူကို အဆိုတော်သိပ်ဖြစ်စေချင်ကြတယ်” ဟု ကေအေတီက ပြောသည်။
    ၁၉၈၇ မှာသူကျောင်းပြီးသည်။  ၁၉၈၈ မှာအရေးအခင်းကြီးဖြစ်သည်။ အရေးအခင်းပြီးသွားသည်။  သူသည်ငြိမ်ချမ်းရေးကိုကိုယ်စားပြု၍ သီချင်းတစ်ပုဒ်ဆိုရင်း မြင်းတစ်ကောင်လို စက်တပ်ယာဉ်လို စီးနင်းသွား၏။ သူ ဂီတနှင့်ပဲဆက်ပြေးသည်။  သီချင်းကို ၀ယ်သူရှိရှိ မရှိရှိ၊ ကေအေတီ သီချင်းရေးနေသည်။
    ကေအေတီက ငယ်ငယ်ကတည်းကပင် တစ်ကိုယ်ရည် အထီးကျန်နေရခြင်းကို ခုံမင်စွဲလမ်းသည်။  ခံစားချက်အားကောင်းလွန်းသော ခံစားတတ်လွန်းသော ကေအေတီသည် ချစ်တက်တဲ့စိတ် မရှိချင်ဘူး ၊ မိန်းကလေးတစ်ယောက်ကို ချစ်မိသွားသည်။
    “အတူနေ အမျိုးသမီးက အမေရိကားကိုထွက်သွားတော့ ကျွန်တော် အသည်းကွဲသီချင်းတွေရေးခဲ့ဖူးပါတယ်”
    “ကေအေတီ ဆိုရင် အလွမ်းအဆွေးသီချင်းလေးတွေနဲ့ လိုက်ဖက်တယ်လို့အသိအမှတ်ပြုပြီး အချစ်အလွမ်းအဆွေးတွေနဲ့ ကျွန်တော် နာမည်ရလာတယ်။  အဲဒီလို အချစ်အလွမ်းသီချင်းတွေရေးပေးဖို့ ထုတ်လုပ်သူတွေ၊ အဆိုတော်တွေက လာလာအပ်ကြတယ်”
    “ပြုလုပ်သူရဲ့စိတ်ရင်းအတိုင်း ပြန်လာတာ၊ ရိုးသားရမယ်၊ မနာလိုမှုတွေ၊ မစ္ဆရိယတွေ မရှိဘူး။ စေတနာ အပြည့်ထည့်ရမယ်၊ အဲဒါဆို ဘယ်အနုပညာမဆို အောင်မြင်မယ်”
ကေအေတီက သူ့အနုပညာအယူအဆကိုပြောပြ၏။ ……………………..
    စာရေးဆရာမောင်ကိုကို(အမရပူရ) ရဲ့ ကေအေတီနဲ့ပတ်သက်ပြီးရေးသားထားတဲ့ အကြောင်းအရာတစ်ချို့ဖြစ်ပါတယ်။
       ရိုစီ သင့်ကိုယူဆောင်လာသူလောကထဲ
         နာမည်လွယ်လွယ်ပျံ့နှံ့နေ
         သင့်ရဲ့ဆူးကိုဂန္တ၀င်ဆန်ဆန်ဖွဲ့သူတွေ
          နားမျက်စိတွေ ကန်းသွားပြီပဲ    ………
အဲဒါကတော့  တေးရေးဆရာကေအေတီရဲ့ အသုံးမကျတဲ့နှင်းဆီ လို့ အမည်ရတဲ့သီချင်းစာသားတစ်ချို့ပါ။ 
အခုတော့သူချစ်တဲ့သီချင်းတွေ၊ သူငယ်ချင်းတွေ…နဲ့အတူ အရာအားလုံးကို ထားခဲ့ပြီဖြစ်ပါတယ်။ 
ဧရာဝတီ ဘလော့ဂ် မှ သိသမျှ ။
No comments:
Post a Comment