လူ့ဘဝဟာ တိုတောင်းလှတယ်လို့ ပြောစမှတ်ရှိတယ်။ ဘယ်လောက်တောင် အချိန်တိုတောင်း နည်းပါးသလဲ ဆိုတာကို ပေါ်လွင်အောင် ပြောတဲ့ စကားတွေ ထဲမှာ ‘ရေပွက်ပမာ’ ဆိုတာ က အပေါ်လွင်ဆုံးပါပဲ။ ‘ရေပွက်ပမာ၊ တစ်သက်တာ’ တဲ့။ ရေပြင်ပေါ်ကို ပွက် ခနဲ (ဒါမှမဟုတ်) ဘွားခနဲ တက်လာ တဲ့ ရေပွက်ကလေး တစ်ခုရဲ့ တည်ရှိကြာ ရှည်တဲ့ အချိန်ဆိုတာ ဘယ်လောက်များ ရှိလို့လဲ။ ဂယက်ထပြီးရင် တဖြည်းဖြည်း နဲ့ ရေပြင်ဟာ အရင်အတိုင်းပြန်ဖြစ် သွားတယ်။ လူ့ဘဝသက်တမ်း ဆိုတာ လည်း အဲဒီလောက် ပါပဲတဲ့။ ကမ္ဘာကြီး ဖြစ်ပေါ်လာတဲ့ သက်တမ်းနဲ့ နှိုင်းတာ လား၊ စကြဝဠာကြီးရဲ့ သက်တမ်းနဲ့ တိုင်းတာလား၊ ဘဝပေါင်းများစွာ ဖြစ်ခဲ့ ပျက်ခဲ့တာနဲ့ နှိုင်းတာလား၊ ဘာနဲ့ပဲနှိုင်း နှိုင်း၊ လူ့သက်တမ်း ကာလ ဆိုတာဟာ တိုတိုလေးဆိုတာ ငြင်းရခက်တဲ့စကား ပါ။ ဘဝကို ခင်တွယ်နေကြ သူတွေ အတွက် လူ့သက်တမ်းဟာ တိုသလိုရှိ ပြီး ဘဝကို စိတ်ပျက်နေသူတွေ အတွက် (အသက်ရှင်ရတဲ့ နှစ်ချင်းတူရင်တောင်) သက်တမ်း ကာလရှည်သလို ဖြစ်နေ တတ်ပါတယ်။
အဲဒီလို ဘဝတိုတဲ့အကြောင်း စဉ်း စားမိတဲ့အခါ သတိရလိုက်တဲ့ စာစကား နှစ် ခုရှိတယ်။ တစ်ခုက ‘ဘဝတာတိုတိုမှာ အရသာချိုချိုကို ရှာမယ်’…တဲ့။နောက်တစ်ခုက ကဗျာစာပိုဒ်လေး ပါ။’လောကအတွက် ထမ်းရွက်နိုင် သမျှ ထမ်းရွက်ကြပါ ဘဝဆိုတာ တိုတို လေး’..တဲ့။ ဒါကလည်း အမြင်မတူပုံ ပါပဲ။
► တစ်ရာထဲက တစ်မှုနဲ့
အဲဒီလိုဘဝတိုတိုလေးမှာ နေရတဲ့ အခိုက်အတန့်နဲ့ ပတ်သက်ပြီး ပြောကြ တဲ့ စကားကိုလည်း သတိရမိသေးတယ်။ ‘အသက်တစ်ရာ မနေရပေမယ့်၊ အမှု တစ်ရာတွေ့ရတတ်တယ်’…တဲ့။ ဒီ နေရာမှာ ပြောတဲ့ အမှုဆိုတာ ရုံး ရောက်၊ ဂါတ်ရောက်တဲ့အမှုမျိုးဖြစ်ချင် မှ ဖြစ်မှာပါ။ ပြဿနာ၊ အခက်အခဲ၊ အကျပ်အတည်းတွေကို ရည်ညွှန်းတာ လို့ ပြောရင်ရပါလိမ့်မယ်။ အဲဒီအမှုတစ် ရာထဲမှာပဲ ရုံးတွေ၊ ဂါတ်တွေ ရောက် ပြီး ထောင်ကျလောက်တဲ့ ‘ပြဿနာ’ မျိုး လည်း ပါနိုင်ပါလိမ့်မယ်။ ထောင်ကျ တယ်ဆိုတာကို ကိုယ့်အမှားကြောင့်လို့ ယေဘုယျပြောလေ့ရှိပါတယ်။ အဲဒီ အမှားဟာလူ့အဖွဲ့အစည်းက မကောင်း မှု၊ အပြစ်ရှိမှု၊ ဥပဒေအရ အပြစ်ဒဏ်ခံ သင့်တဲ့ အမှုမျိုးထဲ အကျုံး ဝင်ရင်တော့ ထောင်ကျလောက်တယ်လို့ ဆိုနိုင်ပါ တယ်။ ‘ကိုယ်ကောင်းရင် ခေါင်း မရွေ့ ဘူး’ လို့ဆိုတဲ့စကားရှိတယ်။ ကိုယ် ကောင်းနေရင် မမှားဘူး။ မမှားရင် အပြစ်မရှိဘူး။ အပြစ်မရှိရင် ထောင်ကျ စရာ အကြောင်းမရှိဘူးဆိုတာ အထိ တွေးယူလို့ ရနိုင်ပါတယ်။
ဒါပေမဲ့ လူ့အဖွဲ့အစည်းမှာ ကိုယ်ကောင်းနေပါလျက်နဲ့ ခေါင်းရွေ့ခဲ့ ရတာ၊ ကိုယ်မှန်နေပါလျက်နဲ့ အပြစ်ဖြစ် ခဲ့ရတာ၊ ကိုယ်ကတရားနေပါလျက်နဲ့ အမှားလို့ သတ် မှတ်ပြီး ပြစ်ဒဏ်ပေးခံ ရာတာတွေလည်း
ရှိတတ်ပါသေးတယ်။ ရှိလည်းရှိခဲ့၊ ဖြစ်လည်းဖြစ်ခဲ့ပါတယ်။အဲဒါမျိုးတွေက မတရားမှု ကြီးစိုး တဲ့ခေတ်၊ တောတွင်းသားဥပဒေ (နိုင် ရာစားဥပဒေ) လွှမ်းမိုးတဲ့ခေတ်၊ အာ ဏာရှင်တွေရဲ့ ထင်ရာစိုင်းအမိန့်တွေနဲ့ အုပ်ချုပ်တဲ့ခေတ်တွေမှာ ပိုပြီး ဖြစ်လေ့ ရှိတယ်။
အမှန်တွေကမှားပြီး အမှားတွေ က မှန်နေတဲ့ ဓမ္မပြောင်းပြန်လှန်ထားတဲ့ ခေတ်တွေမှာ အဲဒါမျိုးတွေက အဖြစ် ဆုံးပါပဲ။ ဓမ္မပြောင်းပြန်လှန်ထားတော့ လည်း အဓမ္မအလံတွေချည်းပဲ လေထဲ မှာ လွင့်ပျံနေတော့တာပဲပေါ့။ မဝေး သေးတဲ့ အတိတ်က အဓမ္မအလံတွေ လွှင့်ထူခဲ့ကြတာ အခုထိအောင် အဲဒီ အလံတွေက လေထဲမှာ တလူလူလွင့် နေတုန်း။ မတရားမှု၊ အနိုင်ကျင့်မှု၊ ဗိုလ် ကျစိုးမိုးမှု၊ ဥပဒေပြဋ္ဌာန်းပြီး အပြစ်ဒဏ် မခံရအောင် ခံတပ်ဆောက်ထားမှုများ။
► ကောင်းမှုကို ပြစ်မှု … တဲ့
ကျွန်တော်က ဘဝတာတိုတိုမှာ အရသာချိုချိုကို မက်မောချင်ပေမယ့် လောကအတွက် ထမ်းရွက်နိုင်သမျှ ထမ်းရွက်ချင်တဲ့စိတ်ကအလေးသာသွား ခဲ့တာကြောင့် တလူလူလွင့်နေ တဲ့ အဓမ္မ အလံတွေကို ရိုက်ချိုးကြသူတွေထဲက တစ်ယောက်ဖြစ်ခဲ့တယ်။ အသက်တစ် ရာမနေရပေမယ့် အမှုတစ်ရာတွေ့ခဲ့ သလားဆို တာကို ပြန်မ စဉ်းစားဖြစ်ပေ မယ့် လောကအတွက် ကောင်းမှု တစ်ခါ တော့ လုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က အဲဒါကို ကောင်းမှုလို့ ယုံကြည်တယ်။ လူအများစု က လည်း ကောင်းမှု ဆိုတာကို သဘောတူလက်ခံတယ်။ ဒါပေမဲ့ သူတို့ က ပြစ်မှုလို့ သတ်မှတ်တယ်။ အဲဒါနဲ့ပဲ ကျွန်တော်လည်း ထောင်ထဲရောက်သွား ပါတော့တယ်။ အဲဒီကာလက ကျွန် တော်တို့ တိုင်းပြည်မှာ လောကကောင်း ကျိုး၊ တိုင်းပြည်ကောင်းကျိုး၊ ပြည်သူလူ ထု ကောင်းကျိုးလုပ်ခဲ့မိလို့ ထောင်ကျခဲ့ တဲ့လူပေါင်း သောင်းနဲ့ချီပြီး ရှိတယ်။ ကောင်းမှုကို ပြစ်မှုလို့ သတ်မှတ်ပြီး ထောင်ချခဲ့ကြတဲ့ သူတွေကတော့ ဘယ်သူရှိဦးမှာလဲ။ အဓမ္မအလံကို တလူလူလွှင့်ပြီး လူတွင်ကျယ်လုပ် ဗိုလ် ကျခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို မောင်း နှင်ခဲ့သူတွေပဲပေါ့။
သြော်…သူတို့ကတော့ ဘဝ တာတိုတိုမှာ အရသာချိုချိုကို မက်ပြီး ရက်စက်ခဲ့ကြသူတွေလေ။ သူတို့သေရင် သူတို့ မတရားရှာထားခဲ့တဲ့ အရသာ ချို ချိုတွေဟာ သူတို့နဲ့ပါသွားမယ်လို့ ထင် ခဲ့ကြသူတွေလေ။ နောက်ဘဝရှိတယ် ဆိုတာ ယုံကြည်သူတွေရဲ့ အမြင်မှာ တော့အခုဘဝမှာမတရားလုပ်ပြီး ကောင်း စားခဲ့သူတွေဟာ အခုဘဝအလွန်မှာ ငရဲနွံနစ်ရုံတင်မကဘဲ ဝဋ်ပါလည်မယ် လို့ သတ်မှတ်ကြမှာ သေချာပါတယ်။ တချို့ဆိုရင် နောက်ဘဝတစ်ခု ကို မကူးခင်ကာလမှာပဲ တင်ခဲ့တဲ့ အကြွေးကို ပြန်ဆပ်နေကြရပါပြီ။ သူတို့ တစ်တွေခမျာ ဘဝကူးတောင်မှ ကောင်း ရှာကြပါ့မလား။
► ဖျက်ဆီးပြီး ကြီးပွားသူ
ကျွန်တော် ထောင်က လွတ်လာပုံ ကို တခြားနေရာမှာ ပြောပြခဲ့ဖူးတယ်။ ထောင်ကျတော့ အကျဉ်းသားတိုင်း (ဘယ်သူမဆို) ခံစားခွင့်ရှိတဲ့ ထောင် ဥပဒေအရ ပေးထား တဲ့ လျှော့ရက်ကို မရခဲ့ဘူး။ အဲဒီကာလ (၁၉၉၇) မှာ ကျွန် တော်တစ်ယောက်တည်း မရတာတော့ မဟုတ်ပေမယ့် လူသိပ်မများသေးဘူး။ ဒါနဲ့ပဲ ထောင် ထဲမှာ ဆယ်နှစ်အပြည့် နေလိုက်ရတယ်။ ချုပ်ရက်အပါအဝင် ၁ဝ နှစ်ကျော်ကျော် ထောင်ထဲမှာ စာ မဖတ်ရ၊ သတင်းနားမထောင်ရဘဲ နေခဲ့ တဲ့ လူ(တချို့)ကို နိုင်ငံတော် အား နှောင့် ယှက်ဖျက်ဆီးသူများရဲ့ ဘေးအန္တရာယ် က ကာကွယ်တဲ့ဥပဒေ (ပုဒ်မ ၁ဝ-က) နဲ့ထပ်ပြီး ထိန်းသိမ်းထားတယ်။ လွတ် ရမယ့်ရက် မှာ ထောင်အပြင်ကို တောင် မထွက်လိုက်ရဘူး။ အုတ်တံတိုင်းအပြင် က လေတောင် မရှူလိုက်ရဘူး။ မအီ မလည်နဲ့ မန္တလေးထောင်ရဲ့တိုက်ခန်း ထဲကို ပြန် ဝင်သွားရတယ်။ အပြင်လော ကမှာ ဘာတွေဖြစ်နေသလဲဆိုတာကို ဘာမှမသိတဲ့လူက နိုင်ငံတော်ကို နှောင့် ယှက် ဖျက်ဆီးနိုင်မှာတဲ့လားဗျာ။ တကယ်ပဲ နိုင်ငံတော် (ပြည်သူလူထု) ကို နှောင့်ယှက်ခဲ့တာ ဘယ် သူတွေလဲ။ နိုင်ငံတော်ကြီးကို ဖျက်ဆီးပြီး ကြီးပွား သွားခဲ့သူတွေက ဘယ်သူတွေလဲ။ စာ ဖတ်သူတွေ သိပြီးသားမို့ နာမည်တပ်ပြီး ပြောမနေတော့ပါဘူး။ ရာထူးအာဏာ တွေကိုင်ပြီး ရိုးရိုးသားသားလုပ်ကိုင်ခဲ့တဲ့ အတွက် နောက်ထပ်ဆယ်ဘဝအထိ (လူဖြစ်နေသေးရင်) စားမကုန်အောင် ဖူလုံသွားတဲ့ လူတွေလို့ပဲ ဆိုပါစို့။
► ရေပုံးပဲ သိတာ
၁ဝ နှစ်နောက်မှာ အပိုဆောင်းတဲ့ (၁ဝ-က) နဲ့ ၃ နှစ်ခွဲနေပြီးတော့ ကျန်း မာရေး မကောင်းလို့ ပြန်လွှတ်ပေးလိုက် တယ်။ မန္တလေးကနေ ရန်ကုန်ကိုအပြန် မှာ တာဝန်ခံ စောင့်ရှောက်တဲ့သူနဲ့။ ရန်ကုန်ရောက်တော့ စစ်ထောက်လှမ်း ရေး (၆) ကိုအပ်၊ ထောက် (၆) က ကျွန်တော်နေတဲ့ မြို့နယ်အပိုင်စား ထောက်လှမ်းရေးတပ် (ရေတပ်)ကို တစ်ခါအပ်၊ ရေတပ်ထောက်လှမ်းရေးက ရပ်ကွက်ဥက္ကဋ္ဌနဲ့ ကျွန်တော့်အိမ်ကို လိုက်ပို့တယ်။
အဲဒီနောက်ပိုင်း ၇ လကျော်ကျော် ကြာတဲ့ အထိ ထောက် (၆) က ထောက် လှမ်းရေး နှစ်ယောက်က တစ်ပတ် နှစ် ခါလောက် ပုံမှန်လာတယ်။ မြို့နယ် ထောက်လှမ်းရေးက တစ်ပတ်တစ်ခါ ပုံမှန်လာတယ်။ ဒီကြားထဲမှာ မြို့နယ်စစ် ထောက်လှမ်းရေး တာဝန်ကျတစ် ယောက်က ကျွန်တော့်ကို ”ရန်ကုန်မြို့ထဲ သွားရင်တောင် သတင်းပို့ရမယ်” လို့ ပြောတာကြောင့် ဘုဆတ်ဆတ် ပြန် ပြောလိုက်ရတယ်။ သတ္တိရှိလို့ မဟုတ်ပါ ဘူး။ တရားလွန်လွန်းလို့ ကြောက် ကြောက်နဲ့ပဲ ပြန်ပြောခဲ့တာပါ။ အဲဒီလို ပြန်ပြော လိုက်တော့ ရှေ့တစ်လှမ်းထပ် တိုးမလာတော့ပါဘူး။
ဒီကြားထဲ ၂ဝဝ၅ မှာနဲ့တူတယ်။ ရန်ကုန်က ဒဂုံစင်တာအပါအဝင် နေရာ သုံးနေရာမှာ ဗုံးတွေကွဲပြီး အပြစ်မဲ့ ပြည်သူတွေ သေကြပြီး နောက်တစ်နေ့ မှာ အိမ်ကို ရဲတစ်ယောက် လာပြော တယ်။ ဘယ်သူကဆိုလား၊ တွေ့ချင်လို့ တဲ့၊ ရုံးကိုလာခဲ့ပါဆိုပြီး ပြောတာနဲ့ သူ့ ကို တစ်ခါတည်းပဲ ပြောလိုက်တယ်။ ‘ငါ့ဘာ သာ အေးအေးဆေးဆေး နေတာ ကို ပြဿနာလာမရှာနဲ့၊ တွေ့ချင်ရင် အိမ်လာခဲ့၊ ၁၅ မိနစ်စောင့်မယ်’ လို့ ပြောလိုက်တယ်။ အဲဒီ ရဲက ကျွန်တော် လည်း ကြားထဲ ကခေါင်းစားတယ်ဗျာလို့ တောင် ပြောသွားသေးတယ်။ ၁၅ မိနစ် စောင့်တာ မလာလို့ ကျွန်တော်လည်း လက်ဖက်ရည်ဆိုင် သွားထိုင်နေလိုက် တယ်။ ဗုံးကွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို လာကျစ်ဖို့၊ ရစ်ဖို့ လုပ် တာလေ။ ကျွန်တော်ကလည်း လူသေ စေတတ်တဲ့ လက်နက်ဆိုတာကို ဓာတ် ပုံနဲ့ ရုပ်ရှင်ထဲမှာပဲ မြင်ဖူးတာ။ ဗုံးဆိုလို့ ရေပုံးလောက်ပဲ သိတာ။ ဒါကိုသူတို့ သိ နိုင်လျက်နဲ့ ပြဿနာလာရှာတာလေ။
► ကျွန်တော့်လို တိုင်းပြည်
ကျွန်တော် ထောင်ပြင်ရောက်ပြီး နောက်ပိုင်းမှာ စစ်ထောက်လှမ်းရေး၊ ရဲ ထောက်လှမ်းရေး၊ ပြီးတော့ သတင်းပေး ပေါင်းစုံရဲ့ မျက်စိဒေါက်ေ ထာက် စောင့် ရှောက် မှုနဲ့ နေခဲ့ရတယ်။ ဒါကို ပုံကြီးချဲ့ ပြောနေတာမဟုတ်ပါဘူး။ ထောင်က လွှတ်ပေးလိုက်ပေမယ့် မလွတ်လပ်တဲ့ ဘဝမှာ နေခဲ့ရ (နေနေရ) တယ်ဆိုတာ ကို ပြောတာပါ။ ဒီလိုအခြေအနေမျိုးကို နိုင်ငံရေးမှုနဲ့ထောင်ကျခဲ့ပြီး အပြင် ရောက်နေသူတွေ ဘယ်နှယောက် တောင် ကြုံနေရသလဲ မသိဘူး။
ကျွန်တော် စဉ်းစားကြည့်မိတယ်။ ကျွန်တော့်ရဲ့ ထောင်အပြင်ဘဝဟာ မလွတ်လပ်သလို ကျွန်တော့်တို့တိုင်း ပြည်ရဲ့ ဒီမိုကရေစီအခွင့်အရေး ဆိုတာ တွေဟာလည်း တကယ်လွတ်လပ်မှု ရှိ နေပြီလားလို့ပါ။ ခဏလောက် လွှတ် ထားပေးပြီး (လိုချင်တဲ့အခြေအနေ ရ လာတဲ့အခါ) ပြန်ပြီး ထိန်းချုပ်ထားမှာ လားဆိုတာကို စဉ်းစားရင်းနဲ့ နောက်ထပ် တွေးမိတာ ရှိလာတယ်။ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပါတီ စုံနိုင်ငံရေး စနစ်နဲ့ ဈေးကွက်စီးပွားရေး စနစ်ဆိုတာမှာလည်း နိုင်ငံရေးဒီမိုကရေ စီနဲ့ စီးပွားရေးဒီမို ကေ ရစီ ရနေပါပြီ လား။ ဒီမိုကရေစီ ပေးခွင့်ကို ကိုင်ထား သူတွေက ဘယ်သူတွေလဲ။ ၂ဝဝ၈ ဖွဲ့ စည်းပုံလား၊ လူတွေလား။ အဲဒါတွေမှာ ရော ဒီမိုကရေစီ စိတ်သဘောထား ခိုင် ခိုင်မာမာ ရှိရဲ့လား။
► စိုးရိမ်တယ်
ဘဝတာတိုတိုမှာ အရသာချိုချိုကို ရတဲ့နည်းနဲ့ ယူချင်တဲ့သူတွေနဲ့ လောက ကောင်းကျိုးအတွက် ထမ်းရွက်နိုင်သမျှ ထမ်းရွက်ချင်သူတွေကြားမှာ ကွဲပြားနေ တတ်တာ ကိစ္စမရှိပေမယ့် ပဋိပက္ခကြီး ထွားပြီး နိုင်ရာစားဥပဒေနဲ့ ထင်ရာစိုင်း လူရိုင်းစိတ်တွေက ကောင်းမှုကို ပြစ်မှု လို့ သတ်မှတ်ပြီး အဓမ္မအလံတွေ ထပ် ပြီး တလူလူလွှင့်မှာကိုတော့ စိုးရိမ်နေ မိတုန်းပါခင်ဗျာ့။
နောင်ကျော်
Popular News Jourlan မှ သိသမျှ ။
No comments:
Post a Comment