Tuesday 10 June 2014

ရိုးသားခြင်းဆိုတာ ဂုဏ်တစ်ခုပါ




တစ်ချို့က “ရိုးလွန်းရင် အ တယ်”လို့
ပြောတတ်ကြပါတယ်။မအ ပါဘူး။
ရိုးသားခြင်းဆိုတာ ”ဂုဏ်” တစ်ခုပါပဲ။

အမှန်တော့ မရိုးမသား လည်တဲ့သူကသာ
တကယ်အ တာပါ။ တစ်ချို့ ရိုးသားမှုမရှိ
ကိုယ့်ကိုကိုယ် အဟုတ်ထင်ပြီး လုပ်ချင်သလို
လုပ်ကာ အများအမြင်မှာ လည်တယ်လို့
ထင်ခံနေကြရတဲ့ သူတွေဟာ
ကိုယ့်လုပ်ရပ်နဲ့ကိုယ် ဝဋ်ပြန်လည်တာ၊
သံသရာပြန်လည်တာ စတာတွေ ဖြစ်လာပြီး
ရိုးဂုဏ်ပျောက်ကာ တန်ဘိုးဂုဏ်မှောက်
ကုန်ကြတော့တာ ဖြစ်ပါတယ်။
မရိုးမသား လည်လွန်းအားကြီးတဲ့
သူတွေကသာ တကယ့် “လူအ”တွေပါ။

ရိုးသားမှု ရှိနေတဲ့သူအတွက်ကတော့
အများအမြင်မှာ ဘယ်လိုပဲ အ တယ်
ထင်ထင် သူ့အသွင်နဲ့သူ၊ သူ့ယုံကြည်မှုနဲ့သူ၊
သူ့ဂုဏ်နဲ့သူ ရှိနေပြီးသား ဖြစ်တဲ့အတွက်
မဟုတ်တာလည်းမလုပ်၊ ရှိတာလေးနဲ့
ရိုးကုတ်ပြီး အဖိုးအထုပ် အပြည့်နဲ့
အကျင့်တရားကို အခြေခံ အဖြေမှန်အောင်
ကြိုးစားပြီး ဝဋ်လည်မယ့်အလုပ်၊
သံသရာလည်မယ့် အလုပ်တွေကို
မလုပ်ဖြစ်တော့ပါဘူး။

အဲဒီလို ဝဋ်တွေ၊ သံသရာတွေကို
မလည်စေချင်လို့ ရိုးသားမှုနဲ့ ဘဝကို
တည်ဆောက်ထားတဲ့ သူတွေမှသာ
တကယ့်ကိုလည်တဲ့ လူလည်တွေပဲ
ဖြစ်ပါတယ်။

စိတ်ဓာတ်နဲ့ လုပ်ရပ်မလည်၊
အကျင့်သိက္ခာပုဒ်ကို အလယ်မှာထိန်း၊
ရိုးသားခြင်းဆိုတဲ့ ဂုဏ်တွေကိန်းနေမှတော့
ဒီလူတွေလောက် လည်တဲ့သူတွေ
လောကမှာ ရှိမယ်တောင် မထင်တော့ပါဘူး။
ရိုးသားတဲ့သူတွေကသာ
တကယ့်လူလည်တွေပါ။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
 
 
 Dr Shwe Tun facebook မှ သိသမျှ ။
 
 

No comments:

Post a Comment