Sunday 27 July 2014

မေတ္တာရှင်-ရွှေပြည်သာ၏ ရဟန်းဘဝမှ စွန့်လွှတ်ချင်းဆိုင်ရာ ဖြေရှင်းချက်များ


သာသနာပြု ဆရာတော်တပါး ဆုံးရှုံးခဲ့ရပြီ....

လေယျဉ်ပျက်သတင်း.. ကမ္ဘာတဝှမ်း အနိဋ္ဌာရုံ သတင်းတွေထက်..

သာသနာပြု ဆရာတော်တပါး ဆုံးရှုံးရခြင်းကို ပိုမို နှမြောတသ မိပါသည်..

အကြောင်းအရာမျိုးစုံတို့ ကို.. အငြင်းပွားနေကြသော်လည်း.. အခြေခံအားဖြင့် သာသနာပြု ခရီးမှာ သာမန်သူများထက် ပိုမို စွမ်းဆောင်နိုင်ခဲ့သော သာသနာ့ဝန်ထမ်းတဦး ဆုံးရှုံးခဲ့ရခြင်းအတွက်.. နှမြောတသမိပါသည်...

ဘယ်လိုသော အကြောင်း အရာများ ပေါ်ပေါက်နေသော်လည်း.. ဦးစိုးမြင့်အား စိတ်ဓါတ် မကျဘဲ .. အိမ်ထောင်သည်ဘဝဖြင့် ရှေ့ဆက် လုပ်ငန်းဆောင်တာများ ဆက်လက် လုပ်ဆောင်နိုင်ရန်.. နွေးထွေးသော လက်များဖြင့် လူ့အသိုင်းအဝိုင်းမှ ကြိုဆိုပါသည်.. သာသနာအတွက် ဆက်လက် လုပ်ဆောင်သွားနိုင်ရန်လည်း..ဆန္ဒပြုပါသည်..

မြန်မာ ပြည်တွင်း၊ ပြည်ပ ရှိ သူတော်ကောင်းများသည်လည်း ဤ ဖြစ်ရပ်ကို နမူနာယူ၍ မိမိတို့ ကိုးကွယ်သော နီးစပ်ရာ ဆရာတော်များကို သာသနာ၌ ပျော်မွေ့ရန် ဝိုင်းဝန်း စောင့်ရှောက်ကြစေလိုပါသည်.. အမျိုးသမီးများသည်လည်း သဒ္ဒါတရား လွန်ကဲစွာ ဆရာတော်များအား ချဉ်းကပ်မှုများကိုလည်း ဝိုင်းဝန်းစောင့်ထိန်းကြစေလိုပါသည်..

အားလုံး ကျန်းမာ ချမ်းသာကြပါစေ....
--------------------------------------------------
(Credit to Ashin Zawana - copy the following info from there)
ဦးစိုးမြင့်(မေတ္တာရှင်-ရွှေပြည်သာ)၏
ရဟန်းဘ၀မှစွန့်လွှတ်ရခြင်းဆိုင်ရာရှင်းပြချက်များကို
24-7-2014 စံတော်ချိန်သတင်းစာတွင် ဖေါ်ပြပြီးဖြစ်ပါသည်။
ထိုဖေါ်ပြချက်များသည် သတင်းစာစာမျက်နှာအခက်အခဲကြောင့်
ပြည့်စုံစွာဇေါ်ပြနိုင်ခြင်း မရှိခဲ့ပါ။
ယခုအခါ စာဖတ်ပရိသတ်အပေါင်း အဖြစ်မှန်များကို သိရှိနိုင်ရန်အတွက် ဆရာဦးစိုးမြင့်နှင့်အင်တာဗျူးအစီအစဉ်ကို
မူရင်းအတိုင်းပြည့်စုံစွာ ပြန်လည်ဖေါ်ပြလိုက်ပါသည်။

--------------------------------------------------

စာရေးဆရာ မေတ္တာရှင်-ရွှေပြည်သာ၏ ရဟန်းဘဝမှ စွန့်လွှတ်ခင်းဆိုင်ရာ ဖြေရှင်းချက်များအား
တွေ့ဆုံမေးမြန်းခြင်း

ဆရာတော် မေတ္တာရှင်-ရွှေပြည်သာသည် ရဟန်းဘဝဖြင့် စာအုပ်ပေါင်း ခြောက်ဆယ်ကျော်
ရေးသားခဲ့ပြီး တရားပွဲပေါင်းများစွာကို မြန်မာပြည်အနှံ့ ဟောပြောခဲ့ပြီးနောက် ယခုအခါ ရဟန်းဘဝမှ
စွန့်လွှတ်သည့်သတင်းကို ကြားရသည့်အတွက် ပရိသတ်များအနေနှင့် များစွာစိတ်ဝင်တစား ဖြစ်ခဲ့ရပါသည်။
ထို့ကြောင့် ယခုအခါ စာရေးဆရာ မေတ္တာရှင်-ရွှေပြည်သာအဖြစ် မြန်မာပြည်သို့

ခေတ္တပြန်ရောက်သည့် ပြည်တော်ပြန်ခရီးတွင် မေတ္တာရှင်-ရွှေပြည်သာ၏ လူဝတ်လဲရခြင်းနှင့်
ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ချက်များကို ပရိသတ်များ သိစေဖို့အတွက် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
မေး။ ဆရာမေတ္တာရှင်-ရွှေပြည်သာအနေနဲ့ ရဟန်းဘဝစွန့်ခြင်းရဲ့ ရည်ရွယ်ချက်နှင့်
လက်ရှိကျန်းမာရေးအခြေအနေကို ပြောပြပေးပါလားခင်ဗျား။
ဖြေ။ တစ်အချက်က ကျန်းမာရေးအရင်လို မကောင်းတာကြောင့်ပါ။ နှစ်အချက်က
ကမ္ဘာ့ဗဟုသုတမျိုးစုံနဲ့ လူ့ဘဝကို အခြေခံတဲ့ ဂန္ထဝင်ဝတ္ထုရှည်ကြီးတွေကို ဘာသာရေးအသိ
ပါးပါးလေးအုပ်ပြီး အင်္ဂလိပ်လို ရေးနိုင်ချင်ပါတယ်။ လူ့လောကရောက်မှ လူ့ဘဝအကြောင်းကို ပီပြင်အောင်
ရေးနိုင်မှာပါ။ ဒါကြောင့် ရဟန်းဘဝကို ခေတ္တ စွန့်လိုက်တာပါ။
လည်ချောင်းကတော့ တရားမဟောတော့တဲ့အတွက် အတော်ကြီးကောင်းနေပါပြီ။
ခါးရိုးနာတာကတော့ နည်းနည်းကျန်ပါသေးတယ်။
မေး။ ဆရာဖြတ်သန်းခဲ့တဲ့ ရဟန်းဘဝ၊ တရားဟောဓမ္မကထိက ဘဝနဲ့ ရဟန်းစာရေးဆရာ
မေတ္တာရှင်-ရွှေပြည်သာအနေနဲ့ အောင်မြင်ကျော်ကြားလာပြီးတဲ့အချိန်ကျခါမှ ရုတ်တရတ်
လူဝတ်လဲတဲ့သတင်းကို ကြားရတဲ့အချိန်မှာ ပရိသတ်တချိုကအနေနဲ့ ယူကျုံးမရ ဖြစ်ကြတာတွေ
ရှိတယ်လေ။ အဲဒီအတွက် ဆရာရှေ့ဆက်မဲ့ ပရဟိတလုပ်ငန်းနဲ့ ပတ်သတ်တဲ့အစီအစဉ်တွေကို ပြောပြလို့
ရမလား။
ဖြေ။ ဆရာရဲ့ညီ ဦးစိုးတင့်က ဟိုအရင်ကတည်းက ဆရာကိုယ်စား တာဝန်ယူလုပ်ဆောင်နေတာ
ဆယ်နှစ်လောက် ရှိပါပြီ။ အသားကျနေပြီဖြစ်တဲ့အတွက် ဆရာလူ့ဘဝရောက်သွားလည်း
ပရဟိတလုပ်ငန်းတွေက အရင်အတိုင်း လည်ပတ်နေမှာပါ။
မှော်ဘီသုဒ္ဓဝိပဿနာရိပ်သာမှာလည်း သံဃာလေးဆယ်ခန့်နဲ့ သီလရှင်၊ ဘိုးဘွား၊ လူနာအပါဝင်
လူရှစ်ဆယ်လောက်ကို နေ့စဉ်ကျွေးမွေးဖို့၊ ဆေးဝါးကုသဖို့တွေအတွက် ငွေပဒေသာပင်တွေ
လုပ်ပေးထားပါတယ်။
မန္တလေးနဲ့ရန်ကုန်က စိတ်ချရတဲ့ ဒကာရင်းတွေက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ
ထည့်သုံးပေးကြပါတယ်။ သူတို့ပေးတဲ့ သင့်တင့်တဲ့အတိုးနှုန်းနဲ့ ထောက်ပံ့နိုင်အောင် စီစဉ်ထားပါတယ်။
တရားစခန်းဖွင့်ရင်လည်း အရင်ကလို ယောဂီ ဆွမ်းစရိတ် ပေးစရာမလိုဘဲ အားထုတ်နိုင်အောင်
စီစဉ်ပေးထားပါတယ်။
2
မေး။ ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတယ်၊ အင်္ဂလိပ်စာသင်မယ်။ သင်ပြီးရင် ကမ္ဘာကို
ကိုယ့်ရဲ့စာပေတွေကို ဖြန့်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ပရိသတ်တွေအနေနဲ့ ကြားရတဲ့အချိန်မှာ
မြန်မာစာပေနဲ့ သမိုင်းအတွက် ကြိုဆိုစရာပါ။ ဒါပေမယ့် ရဟန်းဘဝနဲ့ရော
အင်္ဂလိပ်စာသင်မယ်ဆိုရင်ရော
မရနိုင်ဘူးလားခင်ဗျား။
ဖြေ။ ဗုဒ္ဓစာပေသက်သက်ကို ရေးဖို့ဆိုရင်တော့ ရဟန်းဘဝနဲ့အင်္ဂလိပ်စာသင်လည်း ရပါတယ်။
အခုဟာက ဗုဒ္ဓစာပေသက်သက်အတွက် မဟုတ်ပါဘူး။ လူ့ဘဝကို ဂန္ထဝင်ရသမြောက်အောင်
ရေးဖို့အတွက်ပါ။
နီဂရိုးတွေ အမေရိကန်မှာ ကျွန်ဖြစ်ရခြင်းရဲ့ အကြောင်းကို ရသ၊ ဝတ္ထုပုံစံနဲ့ ရေးနိုင်ဖို့အတွက်
နီဂရိုးစာရေးဆရာလေးဟာ ကမ္ဘာအနှံ့ ခရီးသွားပြီး ကိုယ်တွေ့လေ့လာရပါတယ်။ မှတ်တမ်းစာအုပ်တွေ
ရာနဲ့ချီ ဖတ်မှတ်ခဲ့ရပါတယ်။
ဒီစာအုပ်တစ်အုပ်တည်းနဲ့ ကမ္ဘာကျော်စာရေးဆရာ ဖြစ်သွားပါတယ်။ ဒါပေမယ့်
အဲဒီစာအုပ်ရေးချိန်ဟာ (၁၂)နှစ်ခန့် ကြာမြင့်ပါတယ်။ အဲဒီလို ကမ္ဘာတခွင် လှည့်လည်သွားလာနေထိုင်ရာမှာ
သင်္ကန်းဝတ်နဲ့ မသင့်တော်ပါဘူး။ ဒါကြောင့် လူဝတ်လဲရတာပါ။ စာအုပ်နာမည်က “ဇစ်မြစ်”ပါ။
မောင်ထွန်းသူ ဘာသာပြန်ပါတယ်။
မေး။ ရဟန်းဘဝမှာ ရေးခဲ့တဲ့စာပေအများစုထဲက လူတွေရဲ့ဘဝတွေ
တိုးတက်ပြောင်းလဲလာတာတွေ ရှိခဲ့ပါတယ်။ တချို့ဆိုရင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့အထိ
ရည်ရွယ်တာတွေ တစ်ပါးသူကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် ဆုံးဖြတ်ခဲ့တာတွေကိုတောင်
မေတ္တာရှင်(ရွှေပြည်သာ)ရဲ့ စာအုပ်တချို့ကိုဖတ်ပြီးမှ ပြောင်းလဲသွားတာတွေရှိခဲ့တယ်လို့ ဖတ်ဖူးခဲ့ပါတယ်။
“ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်”ဆိုတဲ့စကားလည်း ရှိတယ်မဟုတ်လား။ အခုချိန်မှ ရုတ်တရတ်
လူထွက်လိုက်တော့ အတုယူခဲ့တဲ့လူတွေရဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေ ပျောက်သွားနိုင်တယ်လို့
ဆရာမထင်ဘူးလား။
ဖြေ။ စာဖတ်နည်းသုံးမျိုးရှိတဲ့အကြောင်း စာရေးဆရာနဲ့ ရင်ဘောင်တန်း၍ စာဖတ်သူများအကြောင်း
စာအုပ်ထဲမှာ ရေးထားပါတယ်။ စာရေးဆရာရေးသလောက်ပဲသိတဲ့ စာရေးဆရာနောက်ကလိုက်ဖတ်တဲ့
နံပါတ်သုံးစာဖတ်သူမျိုးကတော့ ဦးတည်ချက်တွေ၊ ရည်ရွယ်ချက်တွေ ပျောက်သွားနိုင်ပါတယ်။
စာရေးဆရာရဲ့ရည်ရွယ်ချက်နဲ့ စေတနာကိုပါ သိတဲ့စာရေးဆရာနဲ့ ရင်ဘောင်တန်းပြီးဖတ်နိုင်တဲ့
နံပါတ်နှစ်စာဖတ်သူမျိုး ဘာစာကိုဖတ်ဖတ် သစ္စာစိုက်အောင်၊ အနတ္တပေါက်အောင်
ဖတ်နိုင်တဲ့စာရေးဆရာကို ကျော်ဖတ်နိုင်တဲ့ နံပါတ်တစ်စာဖတ်သူမျိုး နှစ်မျိုးကတော့ ဦးတည်ချက်၊
ရည်ရွယ်ချက်တွေ မပျောက်နိုင်ပါဘူး။
မေး။ ဆရာတော်မေတ္တာရှင်-ရွှေပြည်သာဘဝမှာ လူတွေကို ကူညီခဲ့တာတွေ၊ မရှိတဲ့သူတွေကို
ပေးကမ်းစွန့်ကြဲခဲ့ဖူးတာတွေကို ကြားခဲ့ဖူးပါတယ်။ အခုလို လူဝတ်လဲတဲ့အချိန်မှာ အကူညီယူခဲ့တဲ့
3
လူတွေအနေနဲ့ ဝမ်းနည်းအားငယ်တာတွေ ရှိခဲ့ပါတယ်။ အဲဒီအတွက် ဒုက္ခရောက်ခဲ့သူတွေကို
ဆက်ပြီးဘယ်လို ကူညီဖို့များ စဉ်းစားထားပါသလဲ။
ဖြေ။ မေတ္တာရှင်-ရွှေပြည်သာဖောင်ဒေးရှင်းအတွက် သိန်းထောင့်ငါးရာ
ဘဏ်မှာအပ်ပေးထားပါတယ်။ စာအုပ်တွေလည်း ဆက်ရေးနေမှာဆိုတော့ စာအုပ်ရောင်းရငွေတွေနဲ့လည်း
ဆက်ပြီး ထောက်ပံ့ကူညီနိုင်မှာပါလို့ ပြောပါရစေ။
မေး။ နောက်ပြီး ဆရာအနေနဲ့ပေါ့နော်၊ ရဟန်းဘဝမှာ ပါရာဇိက ကျခဲ့တာများ ရှိခဲ့ပါသလား။
ဖြေ။ ဝိနည်းနားမလည်တဲ့ ဒုလ္လဘရဟန်းတွေတောင် သိက္ခာချပြီးမှ အိမ်ထောင်နဲ့ပြန်နေရတယ်။
သိက္ခာမချဘဲ အိမ်ထောင်နဲ့ပြန်နေရင် ပါရာဇိကကျတယ်ဆိုတာ သိပါတယ်။ ပါရာဇိကကျတယ်ဆိုတာ
သာသနာတော်က ဆုံးရှုံးသွားတဲ့အတွက် ရဟန်းဘဝကို တစ်သက်လုံး ပြန်မရတော့တာကို ပြောတာပါ။
ဝိနည်းနားမလည်တဲ့ ဒုလ္လဘရဟန်းတွေတောင် ပါရာဇိက မကျအောင် သိက္ခာချဖို့ သတိရသေးရင်
ဝိနည်းနားလည်တဲ့ ဆရာတို့လို ငယ်ဖြူရဟန်းတွေက ဘယ်မှာသိက္ခာချဖို့ သတိမရဘဲ နေပါ့မလဲ။ ပြီးတော့
သိက္ခာချတယ်ဆိုတာ အမြင့်က ခုန်ချတာ။ သူတစ်ပါးအကူညီ သိပ်မလိုဘူး။
အနားမှာ သိတတ်တဲ့အရွယ် လူတစ်ယောက်ရှိရင် ရပြီ။ ငါရဟန်းတွေကျင့်ရတဲ့ သိက္ခာပုဒ်တွေကို
စွန့်တယ်၊ ငါ့ကို လူလို့ မှတ်လိုက်တော့လို့ ပြောပြီးတာနဲ့ သိက္ခာချပြီးသား ဖြစ်သွားတယ်။
မေး။ လူ့ဘဝဖြတ်သန်းချိန်မှာ ပြည်ပနိုင်ငံမှာပဲ နိုင်ငံခြားစာနဲ့ မြန်မာစာပေကိစ္စတွေ
ပရဟိတလုပ်ဖို့အတွက်တွေ ကြိုးစားတော့မယ်ဆိုတော့ ဆရာတစ်ယောက်တည်း
ဘယ်လိုမျိုးဖြတ်သန်းမလဲ။ ဘဝအဖော်မွန် ရှာဖို့ရော စိတ်ကူးရှိပါသလား။ ရှိခဲ့မယ်ဆိုရင်ရော
ဘယ်လို“လူမျိုး”ကို ရွေးချယ်မှာပါလဲ။
ဖြေ။ ဘဝအဖော်မွန်ရှာတွေ့လို့ လက်ထပ်ပြီးပါပြီ။ စိတ်ကောင်းရှိပြီး စာပေအလုပ်ကို
ရာနှုန်းပြည့်ကူညီနိုင်မဲ့ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတစ်ယောက်ပါ။
မေး။ ဆရာအနေနဲ့ ရဟန်းဘဝရဲ့ နောက်ဆုံးစာအုပ်ဖြစ်တဲ့ ဘဝကိုအသေသတ်သောစိတ်စာအုပ်
ထွက်ပြီလို့ သိရပါတယ်။ ဒီနောက်ပိုင်း လူဘဝမှာ ဖန်တီးမယ့် ရသစာအပ်တွေရှိရင်ရော ပြောလို့ရမလား။
ရဟန်းဘဝက စာအုပ်တွေရော ထွက်ဖို့ရှိပါသေးလား။ ရှေးဆက်ပြီး ဘယ်လိုစာပေအမျိုးအစားတွေကို
ဖန်တီးထုတ်လုပ်မယ်လို့ စီစဉ်ထားပါသလဲ။
ဖြေ။ လက်ရှိ ရသ၊ သုတ၊ ဒဿန သုံးမျိုးလုံးပါမယ့် စာအုပ်တွေ ဆက်တိုက်ထွက်မှာပါ။
စာအုပ်တွေထဲကမှ
၁။ ရေးသားခြင်းဆိုင်ရာ အတွေ့အကြုံများ ငါးတွဲ။
၂။ အသာစံခြင်းနဲ့အနာခံခြင်း ငါးတွဲ။
၃။ လောကဓံရင်ဆိုင်နည်းစာအုပ်တွေ ဆက်ထွက်လာပါလိမ့်မယ်။ ရေးသားခြင်းဆိုင်ရာ စာအုပ်ကတော့
(၇၀)ရာခိုင်နှုန်း ရေးပြီးနေပါပြီ။ ကျန်တဲ့စာအုပ်တွေကတော့ ခေါင်းထဲမှာပဲ ရေးရပါသေးတယ်။
4
မေး။ ဆရာအနေနဲ့ လူပုဂ္ဂိုလ်ဖြစ်သွားပြီးတဲ့နောက် တရားပြဆရာကြီး ဦးလှသိန်းတို့လို
ပခုက္ကူဆရာကြီး ဦးကြင်ရွှေတို့လို တရားပြဆရာအဖြစ် ဆရာတည်ထောင်ခဲ့တဲ့ တရားစခန်းကြီးတွေ၊
ရိပ်သာကြီးတွေမှာ ပြန်ပြီးဟောပြောဖို့ အစီအစဉ်များရှိပါသလား။
ဖြေ။ စာပေရည်ရွယ်ချက်တွေ အောင်မြင်သွားပြီးတဲ့နောက်မှာတော့ တရားစခန်းတွေမှာ
ပြန်ဟောပြောဖို့ အစီအစဉ်ရှိပါတယ်။
မေး။ ဆရာအနေနဲ့ ဆရာတော်ဘဝမှာ တော်ရုံပုဂ္ဂိုလ်မျိုး ဖန်တီးလို့မဖြစ်နိုင်တဲ့ အောင်မြင်မှုမျိုး
ရခဲ့တယ်။ ကမ္ဘာသိပုဂ္ဂိုလ်တစ်ဦးပေါ့။ အဲဒီလို အောင်မြင်ပြီးခါမှ အခုအခြေနေကြီးကို
ပြောင်းလဲပစ်လိုက်တာဟာ တချို့ကလည်း စိတ်မခိုင်ဘူးလို့ အမနာပ ပြောကြတယ်။ တချို့ကလည်း
ခိုင်မာတဲ့ပန်းတိုင်ရှိတယ်ဆိုပြီး ဝိရောဓိငြင်းခုံမှုတွေ ရှိကြပါတယ်။ ဆရာ ဘယ်လိုသတ္တိမျိုးနဲ့
ပြောင်းလဲသွားတယ်ဆိုတာကို ပြောပြပေးပါလား။
ဖြေ။ ကိုယ့်ထက် အောင်မြင်နေတဲ့သူတွေကို မော့ကြည့်လိုက်ရင် ကိုယ်ဘာမှမဟုတ်တော့ဘူးဆိုတဲ့
အဆုံးအမကြောင့် အခုလို ပြောင်းလဲရဲတာပါ။ နှစ်ပေါင်းသုံးဆယ်အားထုတ်မှ ရခဲ့တဲ့ အောင်မြင်မှုကြီးကို
စွန့်လွှတ်ပြီး လမ်းသစ်တစ်ခုကို ရဲရဲကြီးလျှောက်ပြီဆိုမှတော့ အခုအောင်မြင်မှုထက် ပိုမိုမြင့်မားတဲ့
အောင်မြင်မှုကြီးတစ်ခုကို မြင်နေရလို့ဆိုတာ တွေးကြည့်ရင် သိနိုင်မယ်ထင်ပါတယ်။
မေး။ နောက်ပြီး နိုင်ငံရေးအသိုင်းအဝိုင်းက ကြားထားတဲ့ ကောလာဟလတွေ ရှိပါတယ်။
ဆရာတော်ဘဝနဲ့လူထွက်တာဟာ ရဟန်းဝတ်နဲ့ နိုင်ငံရေးလုပ်ရင် ဝိနည်းနဲ့မညီမှာစိုးလို့ လူထွက်ပြီး
နိုင်ငံရေးလောကထဲ ဝင်မယ်ဆိုတာမျိုးပေါ့။ ဆရာနိုင်ငံရေးခံယူချက်လေးရှိရင် ပြောပြပေးပါလား။
ဖြေ။ နိုင်ငံရေးလောကထဲ ဝင်ဖို့တော့ လုံးဝရည်ရွယ်ချက်မရှိပါဘူး။ တကယ့်စာရေးဆရာတွေရဲ့
သဘာဝကို ဖြစ်ရပ်လေးတစ်ခုနဲ့ ပြောပါရစေ။ အိန္ဒိယနိုင်ငံမှာ တကယ်တော်တဲ့
စာရေးဆရာကြီးတစ်ယောက်ဟာ အင်မတန်အကျိုးများမယ့် စာအုပ်ကြီးတစ်အုပ်ကို ရေးနေပါတယ်။ ဘာမှအလုပ် လုပ်ချိန်မရလို့ မိန်းမဖြစ်သူ ကုန်စိမ်းရောင်းကျွေးတာလေးနဲ့ပဲ အသက်ဆက်နေရတယ်။
တဖြေးဖြေးဆင်းရဲလာလိုက်တာ မူလနေရာကအိမ်ကိုရောင်းပြီး ပိုဆင်းရဲတဲ့ရပ်ကွက်လေးထဲမှာ
အိမ်စုတ်လေးတစ်လုံး ဝယ်ပြီးနေကြတယ်။ တစ်ရက် ဒီသတင်းကိုကြားသွားတဲ့ ဘုရင်ကြီးက
စာရေးဆရာရှိရာကို လိုက်လာပြီး လိုအပ်တာကိုပြောပါ၊ သူကူညီပါရစေလို့ပြောလာတယ်။
စာရေးဆရာက သူလိုတာ တကယ်ပေးနိုင်မှာလားဆိုတော့ ဘုရင်က ပေးနိုင်ပါတယ်
ပြောပါဆိုတော့ စာရေးဆရာက ပြောလိုက်တယ်။ ဘုရင်ကြီး ကျွန်တော့်အိမ်ကို
နောင်ဘယ်တော့မှမလာခဲ့ပါနဲ့တဲ့။ တဆက်တည်း မိန်းမကို ဆက်ပြောတယ်။ မိန်းမရေ နောက်တစ်နေရာ
ပြောင်းကြဦးစို့၊ ဒီနေရာက လူသိများသွားပြီးတဲ့။
အဲဒါ စာရေးဆရာရဲ့ သဘာဝပါ။ စာပဲ ရေးချင်တာပါ။ ကျန်တာ ဘာမှ မလုပ်ချင်ကြပါဘူး။
မေး။ ပြည်ပမှာ ပညာသင်ကြားတဲ့အခါမှာ ဘယ်ဘာသာရပ်ကို အဓိကထား ဆည်းပူးမှာပါလဲ၊
ပြီးတော့ ဘယ်နိုင်ငံမှာ အဓိကအခြေချပြီး သင်ယူမှာပါလဲ။
5
ဖြေ။ ဘယ်ဘာသာရပ်ကို အဓိကထားရမယ်ဆိုတာ ဟိုရောက်မှ ဆုံးဖြတ်နိုင်မှာပါ။ ဂျာမဏီမှာ
အခြေချဖို့ စိတ်ကူးထားပါတယ်။
မေး။ အခုလို ရုတ်တရက် ရဟန်းဘဝက စွန့်လွှတ်လိုက်ခြင်းဟာ ဘယ်အချိန်ကတည်းက
စိတ်ကူးထားတာပါသလဲ။
ဖြေ။ နိုင်ငံခြားက မြန်မာတွေကို တရားဟောတဲ့အခါ ဇီးသီးသည် မဗျိုင်းကို ဥပမာပေးပြီး
ဟောလေ့ရှိတယ်။ ဇီးသီးသည် မဗျိုင်းဟာ တော်ကောက်ခံရသလို မိဖုရား ဖြစ်သွားတယ်။ တစ်ရက်တော့
ဘုရင်ကြီးက မိဖုရားကြီးကိုကြည့်ပြီး ငယ်ဘဝအလွမ်းပြေအနေနဲ့ ဇီးသီးသည်တစ်ယောက်ကို နန်းတော်ထဲခေါ်လိုက်တယ်။
ဗန်းထဲက ဇီးသီးတွေကို ကိုင်ကြည့်ပြီး မဗျိုင်းက ဘုရင်ကြိးကို မေးလိုက်တယ်။ မောင်တော်ဘုရား
ဒါဘာသီးတွေလဲတဲ့။ ဇီးသီးကို ကျေးဇူးကန်းလို့ ဘဝမေ့တဲ့အတွက် ဘုရင်ကြီးက မဗျိုင်းကို
မိဖုရားအရာကနေ ဖြုတ်ချပစ်လိုက်တယ်။
နိုင်ငံခြားမှာအလုပ်လာလုပ်တဲ့ မြန်မာတွေကလည်း ကိုယ်နိုင်ငံခြားကို လာခဲ့ရတဲ့ရည်ရွယ်ချက်နဲ့
ဘဝကို မမေ့စေချင်ပါဘူး။ အလုပ်လုပ်ရမယ်၊ ငွေစုရမယ်၊ လုံလောက်အောင်ရရင် မြန်မာပြည်ပြန်ရမယ်၊
ဒီရည်ရွယ်ချက်တွေပျောက်ပြီး သောက်စားမူးယစ်ပျော်ပါးနေရင် အရင်ဘဝကထက်တောင်
ပိုဆိုးသွားနိုင်ပါတယ်။
ဒီတရားကိုဟောတဲ့အခါ ဒီဒကာ၊ ဒကာမတွေဆီလာတာ အလှူခံဖို့ မဟုတ်ဘူး။
ဒီအသိတရားတွေပေးဖို့လာတာ။ နိုင်ငံခြားက မြန်မာတွေဟာ မြန်မာပြည်ကမြန်မာတွေထက်
အလုပ်လုပ်ရတာ ပိုပင်ပန်းပါတယ်။ ဒါကြောင့် အလှူတောင် မခံရက်ပါဘူး။
အဲဒီတရားကိုဟောရင်းနဲ့ ရဟန်းဘဝစွန့်ပြီး ကိုယ်တိုင်ရှာဖွေလှူရရင်
ဘယ်လောက်ကောင်းမလဲစိတ်ကူးမျိုး ပေါ်ခဲ့ဖူးပါတယ်။
မေး။ တခြားရဟန်းတွေ လူဝတ်လဲတာတွေ အများကြီးတွေ့ခဲ့၊ ကြားခဲ့ဖူးပါတယ်။ ဆရာ မေတ္တာရှင်
လူဝတ်လဲကာမှ သတင်းစာထဲမှာ လူသိရှင်ကြား ဘာကြောင့် ကြေညာရတာပါလ။ဲ
ဖြေ။ ရိုးသားချင်လို့ပါ။ လူမသိအောင် လူဝတ်လဲထားပြီး ရဟန်းအမှတ်နဲ့ မှိန်းပြီးလက်ခံရင်
မရိုးသားတော့ပါဘူး။ လူဝတ်လဲပြီးတာကို သိရက်နဲ့ မေတ္တာ၊ ကရုဏာဆိုတာ နာမ်တရားသဘောတရား သက်သက်လေးပဲလေ။ ရုပ်တရားမှ မဟုတ်ပဲ။
ဒါကြောင့် အဝတ်ပြောင်းရုံနဲ့ နှစ်ပေါင်းများစွာ ပွားများလာတဲ့ မေတ္တာတရားဟာ
ပျောက်မသွားနိုင်ဘူးလို့ တွေးခေါ်လက်ခံနိုင်သူများက အရင်အတိုင်း ပရဟိတအတွက် လှူလာလို့
လက်ခံရင် ရိုးသားရာရောက်ပါတယ်။ ဒါကြောင့် ကြေညာရတာပါ။
6
နောက်တစ်ချက်က ရဟန်းဘဝက ပစ္စည်းငွေကြေးတွေကို ရဟန်းဘဝမှာပဲ ထားခဲ့သင့်တယ်။
သို့မဟုတ် အများအကျိုးအတွက် လှူခဲ့သင့်တယ်ဆိုတဲ့ အတွေးအခေါ်လေးကို လူဝတ်လဲသူတိုင်း
ရစေချင်လို့လဲ ကြေညာရတာပါ။
တချို့သောရဟန်းတွေက လူဝတ်လဲရင် ဝတ္ထုငွေကြေးမပြောနဲ့ ဘုန်းကြီးကျောင်းကိုတောင်
ရောင်းစားသွားတတ်လို့ စံနမူနာပြဖြစ်ချင်လို့လည်း အခုလို ကြေညာရတာပါ။
မေး။ ဆရာအနေနဲ့ Facebook တွေ၊ အင်တာနက်တွေမှာ ဆရာ့ကို တိုက်ခိုက်နေတာဟာ
ဘာကြောင့်လို့ မြင်ပါသလဲ။ အဲဒီတိုက်ခိုက်သူတွေနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။ ရှင်းပြပေးပါ။
နောက်ပြီး လက်ရှိ အင်တာနက်နဲ့ Facebook စာမျက်နှာတွေပေါ်မှာရော ဆရာ့အမြင်လေးများရှိရင် ပြောပြပေးပါလား။
ဖြေ။ ဓမ္မဓိဋ္ဌာန်ပြောရင် ဝိပဿနာသဘောသက်ဝင်တာကြောင့် ကုသိုလ်ဖြစ်ပါတယ်။
ပုဂ္ဂလဓိဋ္ဌာန်ပြောရင် လောဘနဲ့ဒေါသပါတတ်လို့ အကုသိုလ်ဖြစ်ပါတယ်။ ဥပမာအားဖြင့်
ဦးနီဆိုတဲ့လူတစ်ယောက်က သူတစ်ပါးငွေကို လိမ်ညာယူခဲ့ရင် -ဦးနီက လူယုတ်မာကြီးလို့ပြောလိုက်ရင်
ပုဂ္ဂိုလ်ကို ဦးတည်တဲ့အတွက် ပုဂ္ဂလဓိဋ္ဌာန်ဖြစ်ပါတယ်။ ဒေါသပါတဲ့အတွက် အကုသိုလ်ဖြစ်တတ်ပါတယ်။
ဦးနီးရဲ့သန္တာန်မှာဖြစ်တတ်တဲ့ လောဘဓာတ်ကြီးက ယုတ်မာလိုက်တာလို့ပြောခဲ့ရင်
ဓမ္မ(သဘောတရား)ကို ဦးတည်တဲ့အတွက် ဓမ္မဓိဋ္ဌာန်ဖြစ်ပါတယ်။ နာမ်တရားလို့ အမှန်ကိုသိရတဲ့အတွက်
ကုသိုလ်ဖြစ်ပါတယ်။ ဒါကြောင့် ကုသိုလ်ဖြစ်ချင်ရင် ဝိပဿနာရှု့တတ်ချင်ရင် အာရုံနဲ့တိုက်ဆိုင်တိုင်း
ဓမ္မဓိဋ္ဌာန်ကြည့်တတ်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့် ဖြစ်ရပ်မှန်ကို ရှင်းပြတဲ့အခါ ဘယ်သူ့ကိုမှ ဘယ်ပရဟိတလုပ်ငန်းကိုမှ
မထိခိုက်စေချင်တဲ့အတွက် နေရပ်လိပ်စာ၊ နာမည်တွေမထည့်ဘဲ ဓမ္မဓိဋ္ဌာန်ပဲ ပြောပါမယ်။ မှားပြောတာပါရင်
အချိန်မရွေး မျက်နှာချင်းဆိုင် လာရှင်းနိုင်ပါတယ်။ နောင်တစ်ချိန်မှာ ဒီအကြောင်းအရာတွေကို
စာအုပ်တစ်အုပ် ရေးထုတ်မှာပါ။
၂၀၀၉-ခုနှစ်လောက်တုန်းကပေါ့၊ ဆရာ့ဆီကို ဖုန်းထဲကနေ ရဟန်းတစ်ပါးက
သိန်းနှစ်ဆယ်လောက် အလှူခံတယ်။ ဘာအတွက်လဲဆိုတော့ သူဟာ ရဟန်းသီလရှင်တွေအတွက် ကွန်ပျုတာအခမဲ့သင်တန်း ဖွင့်ထားတယ်။ လူထွက်သွားတဲ့ ဘုန်းကြီးတစ်ပါးက သူ့ကျောင်းမြေခွဲရောင်းတာကို ဒီရဟန်းငယ်က ဝယ်ပြီး ကျောင်းတည်ထားတာပါ။
သူက အရေးကြီးကြီး မကြီးကြီး အမြဲတမ်း လိမ်ညာပြောတတ်လို့ သူ့နာမည်ကို ဦးကလိမ်လို့ပဲ
မှတ်ထားရအောင်။ တကယ်တော့ သူဟာ လူမျိုးခြား ရဟန်းတစ်ပါးပါ။ အဲဒီအချိန်က သူ့အသက်ဟာ(၂၅)နှစ်လောက်ပဲ ရှိသေးတာပါ။ သူက အင်တာနက်ကနေတဆင့် သြစတေးလျက ကိုမျိုးဆိုတဲ့သူဆီကို
အိမ်သာသုံးလုံးတွဲလှူဖို့ လှမ်းအလှူခံပါတယ်။
ကိုမျိုးက လိုအပ်တဲ့နေရာမှာ တကယ်လှူပေးနေတဲ့ မေတ္တာရှင်-ရွှေပြည်သာထံမှာ အလှူခံပါလို့
ပြန်ပြောပြီး ဆရာ့ရဲ့ ဖုန်းနံပါတ်ကို ပေးလိုက်ပါသတဲ့။ ဖုန်းထဲကနေမေးကြည့်တော့
7
သူဝယ်တဲ့မြေကွက်ထဲမှာ အိမ်သာသုံးခန်းတွဲက ပါပြီးသား။ ဒါပေမယ့် မြေကွက်ရောင်းချတဲ့
ဘုန်းကြီးကျောင်းက သီလရှင်တွေက လောဘတက်ပြီး မြေကိုသာရောင်းတာ အိမ်သာမပါဘူးဆိုပြီးဖြတ်ယူဖို့ ကြိုးစားနေတာကြောင့် ကူညီပါလို့ အသနားခံလာပါတယ်။
တကယ်ဟုတ်ရင် လှူမယ်ဆိုပြီး ဆရာကိုယ်တိုင် လိုက်ကြည့်တဲ့အခါ အိမ်သာသုံးခန်းတွဲကို
တကယ်တွေ့ရတယ်။ ဒါက အမှန်တရားပေါ့။ ဒါကြောင့် သိန်းနှစ်ဆယ် လှူပေးလိုက်တယ်။ ဒါပေမယ့်
အမှားတရားကလည်း ပါနေပြန်တယ်။ အဲဒီလို လှူပြီးမှာပဲ မြေရောင်းတဲ့သီလရှင်တွေကလာပြီး
ဆရာ့ကိုပြောပါတယ်။ ဒီကလိမ်က အခုလို လိမ်ပြီး အလှူ ခံနေကြပါ။ တကယ်တော့ မြေရောင်းကတည်းက အိမ်သာပါထည့်ပေးလိုက်ပြီးသားပါ။ သက်သက်လိမ်ပြီး အလှူ ခံနေတာပါတဲ့။
ဦးကလိမ်မျက်နှာ ကွက်ခနဲ ပျက်သွားတာကို မြင်လိုက်ရတယ်။ ဒါပေမယ့်ဦးကလိမ်က ကြိုတင်ပြီး
ဒီသီလရှင်တွေ စိတ်ယုတ်မာရှိတဲ့အကြောင်း ဆရာ့ကိုပြောထားတဲ့အတွက် သေချာမစစ်ဆေးတော့ဘဲ
မနာလိုလို့ပြောတာ နေမှာပါဆိုတဲ့မှတ်ချက်နဲ့ ဒီအမှုကို သိမ်းပစ်လိုက်တယ်။
တကယ်တော့ ဦးကလိမ်ဟာ ဆရာ့ကို တွေ့စဉ်ကတည်းက ပရဟိတကို ဗန်းပြပြီး
လိမ်ညာခဲ့တာပါ။ ဖြူ စင်တဲ့သူဟာ သူတစ်ပါးကိုလည်း ဖြူ စင်မယ်လို့ပဲ ထင်တတ်တယ်။
လိမ်တဲ့သူဟာလည်း သူတစ်ပါးကို လိမ်မယ်လို့ပဲ ထင်တတ်တယ်။ ဆရာဟာ ဦးကလိမ်ကို
ဆရာလိုဖြူ စင်မယ်လို့ပဲ ယုံကြည်တယ်။ တကယ်တော့ ငွေတစ်မတ်ထက် ကျော်လွန်ပြီး တစ်နည်းနည်းနဲ့ခိုးယူခဲ့ရင်ပဲ ပါရာဇိကကျတာ မဟုတ်လား။
ငယ်ဖြူရဟန်းတစ်ပါးအနေနဲ့ ပါရာဇိကကျအောင် ဘယ်တော့မှ ခိုးခြင်း၊ လိမ်ခြင်းလုပ်မှာ
မဟုတ်ဘူးလို့ ထင်ထားတာဟာ ဆရာ့ရဲ့အားနည်းချက်ပါပဲ။ ဦးကလိမ်ဟာ (၂၀၀၉)ကနေ (၂၀၁၄)အထိ
ဆရာ့နားမှာကပ်ပြီး လိမ်ခွင့်ခိုးခွင့်ရသွားတာဟာ ဒီအထင်ကြောင့်ပဲပေါ့။ ဦးကလိမ်နေတဲ့မြို့က
မန္တလေးနဲ့ကပ်လျက်ပါ။ သူ့ကျောင်းကို သွားကြည့်ပါ။ မေတ္တာရှင်-ရွှေပြည်သာလို့
စာလုံးကြီးကြီးနဲ့ရေးထားတဲ့ သုံးခန်းတွဲအိမ်သာကြီးကို ယခုအချိန်တိုင်အောင် တွေ့နိုင်ပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်းကျည်စုရွာ၊ မြို့သစ်မြို့နယ်၊ ပုဂံညောင်ဦးမြို့နယ်၊ ရေနီရွာ၊
မတ္တရာစတဲ့ နေရာတွေမှာ အဝီစိတွင်း(၆)တွင်းလောက် တူးလှူ ဖူးပါတယ်။ ဦးကလိမ်ကို ငွေအပ်ပြီး
ဘာစာရင်းမှ မစစ်ဘဲ လုပ်ခိုင်းခဲ့တာပါ။ သူကလည်း ဘာစာရင်းမှ မပြပါဘူး။ တကယ်ကတော့
ဒီကစာရင်းမတောင်းတောင် သူကတော့ မှန်ကန်မယ်ဆိုရင် စာရင်းဇယားအတိအကျကို
ပြသင့်တယ်ထင်ပါတယ်။
တစ်တွင်းသိန်း(၁၂၀)ကျတယ်ပြောရင် (၁၂၀)တစ်ခါတည်း ပေးလိုက်တာပါ။ လိမ်မလိမ်ကတော့
ဦးကလိမ်က အသိဆုံးနေမှာပါ။ အချီ ကြီးကြီးလှူတဲ့ ပရဟိတတိုင်းမှာ သူဟာ ဘယ်တော့မှ စာရင်းရှင်းတာမတွေ့ရပါဘူး။ ဒီလိုနဲ့ ဦးကလိမ်ရဲ့ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးရုပ်ကြီးပေါ်ဖို့ အကြောင်းဖန်လာပါတယ်။
8
ကမ္ဘာဂန္ထဝင်ရသစာပေတွေ များစွာဖတ်ဖူးတဲ့ အမျိုးတစ်ယောက်ဟာ အမေရိကန်ကနေ
မြန်မာပြည်ကို ရောက်လာပါတယ်။ အကြောင်းကတော့ မြန်မာပြည်ကို သိပ်ချစ်တဲ့ သူ့ဖခင်ဟာ
အမေရိကန်မှာ ကွယ်လွန်ခဲ့ပေမယ့် သူ့ရဲ့အရိုးပြာကို မြန်မာပြည်မှာပဲ အုတ်ဂူသွင်းဖို့ မှာထားတာကို လုပ်ဆောင်ပေးဖို့ပါပဲ။
တစ်ရက်မှာ ရွှေတိဂုံဘုရားသွားဖူးရင်း ဆရာရေးတဲ့ အရှုံးမရှိသော ဒဿ န စာအုပ်ရယ်၊
မေတ္တာဖြင့်စီပွားရှာခြင်းစာအုပ်ဖတ်ပြီး ဆရာ့ကို ကြည်ညိုလေးစားသွားတယ်။ သူ့ဖခင်အတွက်
လပတ်ဆွမ်းကျွေးလုပ်ဖို့လာပင့်ရင်း စတင်သိကျွမ်းခဲ့ကြတယ်။
ဆရာ့ရဲ့စာအုပ်တွေကိုဖတ်ပြီး ဖတ်သူရဲ့နှလုံးသားကို ထွင်းဖောက်နိုင်အောင် ရေးနိုင်တဲ့
ဒီလိုစာရေးဆရာတစ်ယောက်ဟာ မြန်မာပြည်တစ်ခုထဲအတွက် မဖြစ်သင့်ဘူး။ အင်္ဂလိပ်စာတတ်တဲ့ တစ်ကမ္ဘာလုံးက လူတွေအတွက်ပါ ဖြစ်သင့်တယ်။ ဆရာသာ ဂန္ထဝင်ဝတ္ထုကြီးတွေကို အင်္ဂလိပ်လို ကောင်းကောင်းရေးနိုင်ရင် အင်္ဂလိပ်စာတတ်တဲ့
ဘာသာမျိုးစုံ၊ လူမျိုးစုံကလူတွေဟာ ဗုဒ္ဓဘာသာဝင်တွေ
ဖြစ်လာနိုင်တယ်။ ဗုဒ္ဓဘာသာရဲ့အနှစ်ကို အကြောင်းတိုက်ဆိုင်တိုင်း ထည့်သွားမှာကိုး။
အနောက်နိုင်ငံတွေမှာက စာပေပြိုင်ပွဲတစ်ခုဝင်လို့ ဆုရရင်လည်း ပရဟိတအတွက် အများကြီး
ထောက်ပံ့လှူ ဒါန်းနိုင်တယ်။ စာပေဆု တစ်ခုခုလောက် ဆွတ်ခူးနိုင်ရင် ဆုကြေးက အနည်းဆုံး
ဒေါ်လာတစ်သန်းပဲ။ ဒါရိုက်တာတွေကကြိုက်လို့ ရုပ်ရှင်ရိုက်ပြီးဆိုရင်တော့ ဒေါ်လာသန်းနဲ့ချီပြီရတာ။
ဒီလိုဆိုရင် မြန်မာပြည်က ပရဟိတတွေအတွက် ကြိုက်သလောက်လှူပေးတော့ပေါ့။
ပြီးခဲ့တဲ့(၂)နှစ်လောက်ကတည်းက အနောက်နိုင်ငံတစ်ခုမှာနေပြီး အင်္ဂလိပ်လိုစာရေးနိုင်ဖို့
ကြိုးစားမယ်လို့ စိတ်ကူးဖူးတယ်။ ဒါပေမယ့် အကောင်အထည် မပေါ်ခဲ့ဘူး။ အခုတော့
အနောက်နိုင်ငံတစ်ခုမှာနေရင် မိမိရဲ့ စားဝတ်နေရေးတစ်ခုကိုသာမက စာပေအတွက်ပါ
ပါရမီဖြည့်ပေးမဲ့သူကို တွေ့ရတော့ အားလည်းတက်ခဲ့မိတယ်။
ဒီလိုနဲ့ ဦးကလိမ်ကို တိုင်ပင်ကြည့်တော့ ဦးကလိမ်က အားပေးတယ်၊ ကူညီတယ်။ ပထမ
နိုင်ငံခြားတရားပွဲတွေဟော၊ နောက် ဥရောပမှာလည်၊ ပြီးမှ တိတ်တိတ်လေး လက်ထပ်ဖို့ အကြံပေးခဲ့တာ။
ဒီအချိန်မှာပဲ ဖြစ်ချင်တော့ (၂၀၁၃)ခုနှစ်တုန်းက လည်ချောင်းနာရောဂါ ပြန်ပေါ်လာခဲ့တယ်။ ဒါကြောင့်ဦးကလိမ်ရဲ့ အစီစဉ်တိုင်းမလုပ်ဘဲ ပြည်ပထွက်ပြီး လူဝတ်လဲ လက်ထပ်ဖြစ်ခဲ့တယ်။ ပြည်ပနိုင်ငံမှာ
ချော်လဲရင်း ခါးရိုးထိတဲ့ဒဏ်ရာကလည်း ဖြစ်လာပြန်တော့ လူ့ဘဝမှာ ရေရှည်လက်တွဲဖို့အတွက်
ပါရမီဖြည့်ဖက် ရွေးခဲ့ရတော့တာပေါ့။
မိန်းကလေးနဲ့ယောက်ျားလေး ရေစက်ဆုံရခြင်း အကြောင်းနှစ်ချက်ကို ဓမ္မပဒမှာ ဘုရားရှင်
ဟောကြားထားပါတယ်။ အရင်ဘဝတွေက အတူကုသိုလ်ပြုခဲ့ဖူးခြင်း၊ ယခုဘဝမှာလည်း
တစ်ယောက်ကောင်းကျိုးတစ်ယောက် သယ်ပိုးခြင်းတို့ဟာ ရေစက်ဆုံမိခြင်းရဲ့ အကြောင်းတရားတွေပါပဲ။
9
လက်ထပ်ဖို့ကိစ္စဟာ အစောကြီးကတည်းက ဦးကလိမ်သိပြီးသားပါ။ အခုမှသာ သူအရင်က
ဘာမှမသိသလို သွားခါနီးမှသိလို့ အပြင်းအထန်တားသေးတယ် မရလို့ပါဆိုတဲ့အပေါက်မျိုးနဲ့ လူအများစုကို
သူလုပ်နေကြအတိုင်း လိမ်ညာပြီး ဆရာ့ရဲ့ဒကာတွေကို သူ့ဘက်မပါ ပါအောင် ဆွဲဆောင်ခဲ့တာပါ။
ဦးကလိမ်ရဲ့တပည့်တွေ ဆရာကို တိုက်ခိုက်ရခြင်းရဲ့ ပထမဆုံးအကြောင်းက သူတို့စီစဉ်ထားတဲ့
မလေးရှားတရားပွဲကို ဖျက်လိုက်လို့ပါ။ ဖျက်ရတဲ့အကြောင်းကလည်း မရိုးသားသောနည်းနဲ့ ဓမ္မပူဇာငွေကိုမလိုချင်လို့ပါ။ မလေးရှားတရားပွဲဟောရမဲ့ရက်မှာ ဆရာတို့က လက်ထပ်ပြီး လူ့ဘဝရောက်နေပါပြီ။
ဒါကြောင့် ပရိသတ်တွေကို လိမ်ပြီး မဟောပါရစေနဲ့လို့ တောင်းပန်တာကို ဦးကလိမ်က လက်မခံဘဲနည်းမျိုးစုံနဲ့ အကြပ်ကိုင်ပြီး ဟောခိုင်းတော့တာပဲ။
သင်္ကန်းပြန်ဝတ်၊ သိမ်ပြန်တတ်ပြီး ဟောလို့ရတယ်ဆိုပေမယ့် မရိုးသားတော့ဘူး။
အရင်ရဟန်းမဟုတ်တော့ဘူး။ နောက်ရဟန်းသစ်ဖြစ်နေပြီ။ ဒါကိုသိသွားရင် ပရိသတ်က
ဘယ်ခွင့်လွတ်ပါမလဲ။ ဆရာ့အနေနဲ့လည်း ကိုယ့်ကိုကိုယ် တစ်သက်လုံး လိပ်ပြာသန့်တော့မှာ မဟုတ်ဘူး။
ဒါကြောင့် မဟောဖြစ်တော့တာပါ။ မလေးရှားနဲ့တကွ နိုင်ငံခြားတရားပွဲ အကျိုးဆောင်တွေ၊ အလှူ ရှင်တွေကို ဒီနေရာကနေ တောင်းပန်ပါတယ်။ သံသရာမှာ ကိုယ့်ကိုကိုယ် အကြည်ညို မပျက်ဖို့အတွက် တရားပွဲတွေဖျက်လိုက်ရတာကို နားလည်ပေးကြပါလို့။
ဦးကလိမ် ဆရာ့ကို မုန်းရခြင်းရဲ့ ဒုတိယအချက်က လူဝတ်မလဲဘဲနဲ့ မိန်းမယူပါ။
သူဘယ်သူမှမသိအောင် ဖုံးထားပေးပါမယ်ဆိုတဲ့ စကားကို နားမထောင်ခဲ့လို့ပါ။
လူဝတ်လဲတာကိုသိသွားရင် ဆရာ့နာမည်နဲ့ အလှူ ခံလို့ မရတော့မှာကို သူတအားကြာက်နေတာကိုး။
ရဟန်းတစ်ပါး သိက္ခာချလူဝတ်လဲပြီး အိမ်ထောင်ပြုတာ ဘာအပြစ်မှ မရှိပါဘူး။ ဒါပေမယ့် လူဝတ်မလဲဘဲ အိမ်ထောင်ပြုနေတာကြတော့ အင်မတန် အပြစ်ကြီးပါတယ်။ သေရင်လည်း ငရဲအထိ ကျနိုင်ပါတယ်။
ဦးကလိမ်က ဆရာ့ကို ငရဲကျမဲ့အကြံကို ပေးခဲ့တာပါ။ ဒီလိုအကြံမျိုးပေးတယ်ဆိုတော့ သူကိုယ်တိုင်
ဒီအလုပ်မျိုး လုပ်နေကြ လက်ယဉ်နေသူလားလို့ တွေးစရာပါ။ အဲဒီအကြံဉာဏ်ကို ငြင်းလိုက်ပြန်တော့
ဒုတိယအကြံကို ပေးပြန်ပါတယ်။ လက်ထပ်ပြီး မြန်မာပြည်ရဲ့တစ်နေရာမှာ သူဖွတ်ထားပေးမယ်။
လူမသိအောင် ခြောက်လတစ်နှစ်လောက် သွားနေပါ။
သူက ဆရာတောထွက်ပြီး တရားအားထုတ်နေပါတယ်လို့ အင်တာနက်ကနေ
သတင်းလွင့်ပေးမယ်တဲ့။ ဒါ တစ်ပြည်လုံးကို လိမ်ဖို့ သွေးဆောင်စည်းရုံးတာပါ။ ဒါကိုလည်း ဆရာ
လက်မခံခဲ့ပါဘူး။
နိုင်ငံခြားရောက်တဲ့အချိန်မှာ ဦးကလိမ်က ဆရာ့ကို မုန်းဖို့အတွက် တတိယအချက်
ပေါ်လာပြန်ပါတယ်။ ဆရာက လူဝတ်လဲတဲ့သတင်းရယ်၊ ရစရာရှိတာတွေကို ထုခွဲရောင်းချပြီး
လှူ မယ့်သတင်းရယ်ကို တစ်ခါတည်းထည့်ချင်တယ်၊ ပြဿ နာက အဲဒီမှာစတယ်။
ဆရာလှူ ချင်တဲ့နေရာတွေက များတယ်။ ဓမ္မပူဇာငွေရတာလေးနဲ့ လှူ ဖို့မလောက်ဘူး။ ဒါကြောင့်
မြေကွက်တို့၊ တိုက်ခန်းတို့ကို ဝယ်ထားပြီး ပြန်ရောင်းတဲ့အခါ ငွေပိုထွက်လာတာပေါ့။ အဲဒီကိစ္စမျိုးတွေကို
ဒကာတွေ၊ တပည့်တွေက သူတို့နာမည်နဲ့ ဝိုင်းလုပ်ပေးကြတယ်။ အဲဒီအထဲမှာ ဦးကလိမ်က အများဆုံးပေါ့။
10
သူတာဝန်ယူပြီး မြေကွက်တစ်ကွက်၊ ကွန်ဒိုတိုက်ခန်းတစ်ခန်း (ငွေသွင်းဆဲ) တိုက်ခန်းနှစ်ခန်း၊
နောက်ပြီး မဝါဝါခိုင်မင်းဦးဆောင်ပြီး ဝယ်ထားတဲ့ တောင်ဒဂုံက မြေကွက်ထဲမှာ ရှယ်ရာလေးစု
သိန်း(၂၀၀)ရယ်ကို ထည့်ထားတယ်။ မြေကွက်ရောင်းပြီးတဲ့အခါ အမြတ်ထဲက ဆယ်ရာခိုင်နှုန်းကို
ပရဟိတအတွက်လှူပြီး ကျန်အမြတ်ကို ခွဲဝေလှူ ဖို့ အင်တာနက်ကတင်တာ အားလုံးတွေ့ကြမှာပါ။
စုပေါင်းလှူနိုင်ခွင့်ရလို့ အလွန်ကောင်းတဲ့ အစီစဉ်ပါ။ အဲဒီမြေကွက်ရောင်းပြီးလို့ ရတဲ့အရင်းနဲ့အမြတ်ငွေကို
မေတ္တာရှင်-ရွှေပြည်သာဖောင်ဒေးရှင်းကို ထည့်ပေးဖို့ ဦးကလိမ်ကို ပြောထားပါတယ်။
အဲဒီမြေကွက်ကတော့ စုပေါင်းဝယ်တာဆိုတော့ ရောင်းပြီးမှ အရင်းရော အမြတ်ရော ရမှာဆိုတော့
ထားဦးပေါ့။ စောင့်ရမှာပေါ့။ ကျန်တဲ့မြေကွက်နဲ့တိုက်ခန်းတွေကတော့ ဆရာရဲ့တစ်ဦးတည်းပိုင်ဖြစ်လို့ ဆရာလှူ ချင်ပြီဆိုရင် ဦးကလိမ်အနေနဲ့ ချက်ခြင်းလွဲပေးရမှာပါ။ ပြီးတော့ ဆရာဆီက ငွေသိန်း(၂၀၀)
ဦးကလိမ်က ချေးထားသေးတယ်။ သူ့အကိုရဲ့မိသားစုတွေနေဖို့ တိုက်ခန်းဝယ်ချင်လို့လို ဆိုပါတယ်။
မလေးရှားတရားပွဲပျက်တဲ့အတွက် ရောကြေးပုံစံအနေနဲ့ လေယာဉ်လက်မှတ်ခပေးရမယ်ဆိုပြီး
ဒေါ်လာ(၃၀၀၀)လည်း ယူသွားပါသေးတယ်။ တကယ်ရောက်မရောက် မလေးရှားက
တရားပွဲအကျိုးဆောင်တွေပဲ သိမှာပါ။ ဆရာက ပစ္စည်းတွေ ထုခွဲရောင်းချပြီး ပရဟိတလုပ်ငန်းတွေမှာ
ခွဲဝေလှူ ဒါန်းချင်ကြောင်း ပြောတဲ့အခါတုန်းက ဦးကလိမ်က တားတယ်။
မလှူ ပါနဲ့။ ဆရာတို့ လင်မယား မြန်မာပြည်ပြန်ရောက်တဲ့အခါ ဒါတွေ ထုခွဲရောင်းချပြီး
ချမ်းချမ်းသာသာနေရတာပေါ့တဲ့။ ဆရာတို့က ခါးခါးသီးသီးငြင်းတဲ့အခါ မလွဲပေးဘဲ အချိန်ဆွဲနေတာတစ်လလောက် ကြာသွားတယ်။ ဒီအချိန်မှာ ဆရာနဲ့လက်ထပ်တဲ့ အမျိုးသမီးက
ပရဟိတတွေလှူ ဒါန်းဖို့အတွက် သက်သေရအောင် အီးမေးလ်ပို့ထားမှဖြစ်မယ်ဆိုပြီး ပို့လိုက်တယ်။
အီးမေးလ်ပို့ပြီးတော့ သက်သေကရသွားပြီ၊ မပေးရင် မရတော့မှန်းသိမှ လွဲပေးပါမယ်လို့
ပြောလာတယ်။ အဲဒါ ဈေးစစ်လိုက်သေးတယ်။ သူ့ကို ချေးထားတဲ့ သိန်း(၂၀၀)ကို တစ်ခါတည်းလှူ ပါ။ ပညာရေးနဲ့ကျန်းမာရေးတွေမှာ အတိုးနဲ့ထောက်ပံ့ပေးပါမယ်လို့ ကတိပေးပါတယ်။ ဒါကြောင့် သတင်းစာမှာ လှူ မဲ့အတိုင်း လှူလိုက်တယ်။ ပညာရေးနဲ့ကျန်းမာရေးမှာ တကယ် လှူ မလှူ ကတော့ အားလုံး စုံစမ်းကြည့်ကြပေါ့။
ဆရာအနေနဲ့ကတော့ နောက်ကြောဓါးနဲ့ထိုးပြီး ငွေရှာတတ်တဲ့ တပည့်မျိုးနဲ့ ဘဝဆက်တိုင်း
လွဲရပါစေလို့ ဆုတောင်းမိတယ်။
မေး။ ဆရာအနေနဲ့ မိန်းမနဲ့ပတ်သတ်တဲ့ စွပ်စွဲမှုတွေ အင်တာနက်မှာ ပျံ့နေတာနဲ့ပတ်သတ်ပြီး
ဆရာဘာများ ပြောချင်လဲ။
ဖြေ။ အခြေအမြစ်မရှိဘဲ အင်တာနက်ကို အသုံးပြုပြီး ရန်ရှာတိုက်ခိုက်ကြတာကြောင့် အပြစ်မဲ့တဲ့
မအူပင် မိဘမဲ့ကျောင်း အကျိုးဆောင်လင်မယား ပြဿ နာ တက်နေရပါပြီ။ နော်လင်းလင်းမြတ်ထွန်းရဲ့
ဖခင်ဟာ အသည်းကင်ဆာနဲ့ ကွယ်လွန်မဲ့အချိန်ကို အားငယ်စွာ စောင့်နေရချိန်မှာ သမီးဖြစ်သူက
ထွက်သွားတော့ ဘယ်လောက်ခံစားရမလဲ။
11
မိဘမဲ့မိန်းကလေး(၁၅)ယောက်ဟာလည်း စောင့်ရှောက်သူမဲ့မည့်ဘဝမျိုးနဲ့ ညှိုးငယ်နေကြပါပြီ။ ဒီလိုအပြစ်မဲ့သူတွေ ဒုက္ခရောက်သွားတာကို အင်တာနက်မှာ အရမ်းကာရော ရေးသူတွေ ဝမ်းသာပါသလားလို့မေးချင်ပါတယ်။
တကယ်တော့ အခုလို စွပ်စွဲတဲ့ ရဟန်းနဲ့မာတုဂါမဇာတ်လမ်းတွေဟာ လူ့လောကမှာ အများအပြား
ရှိကြပါတယ်။ ဆရာရဟန်းဘဝမှာ အောင်မြင်လာပြီဆိုတော့ အမျိုးသားရော အမျိုးသမီးပါ ချဉ်းကပ်တာတွေ ရှိခဲ့တာပေါ့။ ဒါပေမယ့် ကိုယ်က မေတ္တာသမားဆိုတော့ အားလုံးကို စိတ်ချမ်းသာအောင် ပြောဆိုပေးခဲ့ပါတယ်။
ဆရာအနေနဲ့ နှုတ်နဲ့ပြောဆိုမှုတွေကြောင့် တစ်ပါးသူ ထိခိုက်မိမယ်လို့ မမြင်မိပါဘူး။ တစ်ဖက်
မာတုဂါမမှာလည်း ကိုယ့်ကို ရိုးသားစွာဆက်ဆံပြောဆိုတာနဲ့ တစ်ဖက်က သွားပုတ်လေလွင့်
ပြောဆိုမှုတွေကြောင့် အိမ်ထောင်ကွဲလောက်အောင် ဖြစ်တယ်ဆိုရင်လည်း ဒါဟာ တစ်ဖက်လူတွေရဲ့စိတ်ယုတ်မာမှုတွေပါ။ ဆရာအနေနဲ့ရော တစ်ဖက်စွပ်စွဲခံရသူတွေအနေနဲ့ပါ လိပ်ပြာလုံတယ်လို့ ဆရာပြောရဲတယ်။ တိုက်ခိုက်သူတွေရဲ့ အကုသိုလ်ဟာ လည်း ကြောက်စရာပါ။ နောက်ပြီးပြန်တွေးကြည့်တော့ ကိုယ်လိုမပြော နဲ့။ မြတ်စွာဘုရားလက်ထက်တော်ကပေါ့။ မြတ်စွာဘုရားဟာ ဝေသာလီပြည် မဟာဝုန်တောမှာ သီတင်းသုံးနေတဲ့အခါ ညီတော်အာနန္ဒာက
မြတ်စွာဘုရားကို လျှောက်တယ်။ ဒီအရပ်မှာ ခဲဖွယ်ဘောဇဉ်တွေ ပေါများတယ်ပေါ့။ ဒီတော့
မြတ်စွာဘုရားက ညီတော်အာနန္ဒာကို ဒီလိုခဲဖွယ်ဘောဇဉ်တွေပေါရင် စားကြွင်းတွေကို ပရဗိုဇ်မတွေကို
ပေးဖို့ မိန့်ကြားခဲ့တယ်။ ဒါနဲ့ ညီတော် အာနန္ဒာက မုန့်ဝေတဲ့အခါ ပရဗိုဇ်မတစ်ဦးဆီမှာ
မုန့်နှစ်ခုကပ်ပါသွားတယ်။ ဒါကို ဘေးက ပရဗိုဇ်မတွေက ညီတော်အာနန္ဒာနဲ့ ပရဗိုဇ်မကို
ပေးစားပြောဆိုကြတယ်။ နောက် နှစ်ရက်သုံးရက်လည်း ဒီလိုအဖြစ်မျိုး ထပ်ဖြစ်ပြန်တော့
ပိုစွပ်စွဲကြတော့တာပေါ့။ ညီတော် အာနန္ဒာက မသိလို့မှားပြီး လှူ ဒါန်းခဲ့တာကိုတောင် အဲဒီခေတ်မှာ
စွပ်စွဲခံရသေးတာပဲ။ ခေတ်အဆက်ဆက်မှာ ဒီလိုလူတွေတော့ ရှိနေမှာပါ။ ဒါကြောင့်လည်း
ဆရာရင်းရင်းနှီးနှီး ဦးစားပေးပြောဆိုဆက်ဆံသူတွေနဲ့ စွပ်စွဲကြတာပေါ့။
မေး။ ဆရာအနေနဲ့ ရဟန်းဘဝကို စွန့်လွတ်ချိန်မှာ အားလုံး ခွဲဝေလှူ ဒါန်းခဲ့တာဆိုတော့ လူ့ဘဝကို
ဘယ်ဝင်ငွေနဲ့ ဆက်လျှောက်လှမ်းမှာပါလဲ။
ဖြေ။ လူ့ဘဝရောက်ပြီတဲ့နောက် စာရေးလို့ရတဲ့ စာမူခနဲ့ ဘဝခရီးကို ဆက်လျှောက်ဖို့
စိတ်ကူးထားပါတယ်။
မေး။ နောက်ဆုံးအနေနဲ့ မေးချင်တာကတော့ တစ်ချိန်မှာ ရဟန်းဘဝကို ပြန်လာဖို့
စိတ်ကူးရှိပါသလား။
ဖြေ။ ဆရာရည်မှန်းချက်ကြီး အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ရဟန်းဘဝကို
ပြန်သွားမှာပါ။ အဆင်ပြေတဲ့အချိန်မှာ ရဟန်းပြန်ဝတ်ခွင့်ပြုမဲ့အကြောင်း ဇနီးဖြစ်သူကလည်း
ကတိပေးထားပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာ။
မြတ်မင်းမောင်


သိသမျှ ။

No comments:

Post a Comment