Sunday 6 July 2014

မေတ္တာဆိုတာ


မေတ္တာဆိုတာ အကျိုးလိုလားခြင်းပါပဲ။ သတ္တဝါတွေရဲ့  ကောင်းကျိုးကိုလိုလားတာ၊
တစ်ဦးတစ်ယောက်ရဲ့  အကျိုးကိုလိုလားတာဟာ မေတ္တာရဲ့  သဘောပဲ ဖြစ်ပါတယ်။ အဲဒီ မေတ္တာဟာလည်း ကာယကံ မေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံ မေတ္တာဆိုပြီး သုံးမျိုးသုံးစားလုံးမှာ အကျိုးပြုပေးလို့ ရနိုင်တာ ဖြစ်ပါတယ်။

တစ်ယောက်ယောက် အပေါ်မှာ စစ်မှန်တဲ့ အကျိုးလိုလားတဲ့ စိတ်ကလေးနဲ့ အဝေးရောက်နေပေမယ့် အာရုံပြုပြီး မေတ္တာတွေ ပို့ပေးနေတာ မနောကံ မေတ္တာရဲ့  သဘောပဲ ဖြစ်ပြီး နှုတ်၏စောင်မခြင်း၊ ကိုယ်၏စောင်မခြင်းတွေဟာလည်း ဝစီကံမေတ္တာ၊ ကာယကံမေတ္တာရဲ့  သဘောမျိုးပဲ ဖြစ်ပါတယ်။

ကိုယ့်ဘက်ကသာ ရိုးသားတဲ့ စိတ်ထား၊ စစ်မှန်တဲ့ နှလုံးသွင်းမှု၊ အကျိုးလိုလားတဲ့ စေတနာမှန်မှုမျိုး ရှိနေကြမယ်ဆိုရင် အားလုံးအပေါ်မှာ မေတ္တာတွေ သက်ရောက်နေတော့တာဖြစ်ပြီး ကိုယ့်စိတ်စေတနာနဲ့ မေတ္တာသာ မှန်မယ်ဆိုရင် ကိုယ့်အတွက်လည်း အကျိုးတရားဆိုတာ မမျှော်လည်းပဲ ရောက်လာတော့တာ ဖြစ်ပါတယ်။

ဒီတော့ကား နေရတဲ့ တဒင်္ဂအခိုက်အတန့်လေးမှာ သတ္တဝါတွေဟာ တစ်ဦးနဲ့တစ်ဦး အကျိုးလိုလားတဲ့ စိတ်လေးတွေနဲ့ ချိုသောစကားပြောဆိုတာ၊ တတ်နိုင်သမျှ ကူညီစောင့်ရှောက်တာ၊ စိတ်စေတနာကောင်းလေးနဲ့ ဆုတောင်းမေတ္တာ ပို့ပေးနေတာလေးတွေဟာ ဘာမှအပန်းမကြီးဘဲ
လုပ်လို့ရတဲ့ မေတ္တာရဲ့  သဘောတွေပဲ ဖြစ်တဲ့အတွက် သတ္တဝါတိုင်း အကျိုးလိုလားတဲ့ စိတ်စေတနာလေးတွေနဲ့ ကိုယ်၏စောင်မခြင်း၊ နှုတ်၏စောင့်မခြင်း၊ စိတ်၏စောင်မခြင်းများနဲ့ စောင့်ရှောက်နေထိုင်ကြဖို့ပဲ ဖြစ်ပါတယ်။

စိတ်နှလုံးသွင်းသာ မှန်မယ်ဆိုရင် လှုပ်ရှားမှုတိုင်းမှာ မေတ္တာဓာတ်လေးတွေ ပါနေတတ်တဲ့အတွက် အမှတ်မဲ့မပြော၊ အမှတ်မဲ့မကြံ၊ အမှတ်မဲ့ မလုပ်ကြပဲ အကျိုးလိုလားတဲ့ စိတ်လေးများနဲ့သာ ပြုမူ၊ ပြောဆို၊ ကြံစီကြဖို့ပဲ ဖြစ်ပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ





No comments:

Post a Comment