Tuesday, 4 December 2012
အနုပညာကြေးတွေစုပြီး ကထိန်ခင်းခဲ့တဲ့ စန္ဒီမြင့်လွင်
စန္ဒီမြင့်လွင်က နိုဝင်ဘာ ၂၈ရက် တန်ဆောင်မုန်းလပြည့်နေ့မှာ မိဘ၊ အဘိုး၊ အဘွားဆွေမျိုးများနဲ့အတူ တိုက်ကြီး မြို့က ဂျိုးဖြူဘုန်းကြီးကျောင်းမှာ ကထိန်အလှူပြု လုပ်ခဲ့ပါတယ်။ အလှူမှာ ကထိန်ခင်းရင်း သံဃာတော်များကို နေ့ဆွမ်း ဆက်ကပ်ကာ ကထိန်သင်္ကန်းများ လှူဒါန်းခဲ့သလို၊ ရွှေ သင်္ကန်းတွေလည်း ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း၊ ရွာထဲက လူတွေအားလုံးကိုလည်း ထမင်းကျွေးခဲ့ကြောင်း စန္ဒီမြင့်လွင်က ပြောပါတယ်။ စန္ဒီမြင့်လွင်က အရင်ကလည်း ဂျိုးဖြူကျောင်းရဲ့စေတီနဲ့ တရားစခန်း တွေမှာ တံခွန်တိုင်တွေ လှူဒါန်းခဲ့ဖူးကြောင်း ပြောပါတယ်။ ဒီကထိန်အလှူကိုလည်းစန္ဒီမြင့်လွင်က ကမကထပြုလုပ်ပြီးလှူဒါန်းခဲ့တာဖြစ်ပြီး အခုလို လှူဒါန်းဖြစ်တဲ့ အကြောင်းကိုလည်း စန္ဒီမြင့်လွင်က ”ဒီးဒီက အမြဲအလှူတွေ လုပ်ဖြစ်တယ်။ မနှစ်ကတည်းက ဒီကထိန် အလှူလုပ်ချင်တယ်ဆိုပြီး ဘုန်းကြီးကို လျှောက်ထားတယ်။အခု ဒီနှစ်လုပ်ဖြစ်တယ်။ ကိုယ်က ကမကထလုပ်တာပေါ့။တခြား အလှူရှင်တွေလည်းပါပါတယ်။ ဒီးဒီက အမြဲတမ်း အလုပ်ကရတဲ့ ပိုက်ဆံတွေကို စုစုပြီး၊ ဖယ်ဖယ် ပြီးတော့ အမြဲလှူဖြစ်တယ်။ ဒီကထိန်အတွက်လည်း အမြဲတမ်း ဖယ်ထားတာဆိုတော့ ဒီးဒီရဲ့ တကယ့် ချွေးနဲစာစစ်စစ်ပဲလေ။ အဲဒါတွေ အကုန်လုံးကို ပြန်လှူပေးတာပါ”လို့ ပြောပါ တယ်။ ရှိုးပွဲရာသီဖြစ်တဲ့ အတွက် လတ်တလောမှာ ရှိုးပွဲမှာ သီဆိုတာ များနေပေမယ့်လည်း ဒီဇင်ဘာ၂ရက် နေ့မှာတော့ စန္ဒီမြင့်လွင်ရဲ့ သီချင်းနာမည် ဖြစ်တဲ့ ‘လာမချုပ်နဲ့’ ဒီဗီဒီကို
စတင်ရိုက်ကူးနေပြီဖြစ် ပါတယ်။ဒီဇာတ်ကားမှာ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ စန္ဒီမြင့်လွင်တို့ သရုပ်ဆောင် မှာဖြစ်ပြီး ဒါရိုက်တာကတော့ ကျော်ဇောလင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့သီချင်းဖြစ်တဲ့အတွက် ဇာတ်လမ်းတည်ဆောက်မှုတွေမှာလည်း သူကိုယ်တိုင်ပါဝင်ထားကြောင်းကို စန္ဒီမြင့်လွင်က ”ဒီဇာတ်လမ်းကို လာမချုပ်နဲ့ရဲ့ ဇာတ်လမ်းရော ဝတ္ထုနဲ့ရော ပေါင်းပြီးလုပ်မယ်လို့ ပြောတယ်။ ဇာတ်လမ်း တည်ဆောက်တဲ့ ထဲမှာဒီးဒီလည်းပါတယ်။ ဒီဇာတ်လမ်းကို ရိုက်မယ်လို့မကြီး (စိုးမြတ်သူဇာ)တို့ ပြောနေတာကြာပြီ။ တခြားကုမ္ပဏီတွေက ဒီနာမည်နဲ့ လာဝယ်တာရှိတယ်။ ဒါပေမဲ့ ဒီးဒီက ကိုယ်မပါဘူး။ မကြီးတို့ ရိုက်မယ်လို့ ပြောထားတဲ့ အတွက်ကြောင့် တခြား ဘယ်သူ့ကိုမှ မရောင်းခဲ့ဘူး။ ဒီသီချင်းကို ယူသုံးတာတွေလည်း ရှိတယ်။ ကိုယ်ရိုက်တဲ့ ဇာတ်ကားမှာပဲ ပေးသုံးမယ်ဆိုပြီး လုပ်ထားတာ။ ဒီးဒီသီချင်းတွေ တော်တော် များများက ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေရဲ့Title တွေ ဖြစ်သွားတတ်တာတော့ တော်တော်များတယ်။ ‘ငါ့ သမီးလေးတော်လိုက်တာ’ ကတည်းက စတာပဲ။ ‘အာဖျံကွီး’တို့၊ အခု ‘လာမချုပ်နဲ့’ တို့ဆိုပြီး ရိုက်တယ်။ ဗန်းစကားတွေလည်း ဖြစ်တယ်။ ဒီးဒီသီချင်းတွေကလူငယ်တွေကြိုက်တဲ့ သီချင်းတွေဖြစ်တဲ့ အတွက် ကြောင့် ဒီ Title တွေကို ပိုပြီးထည့်ကြတယ်လို့ ထင်တယ်။ ဒါပေမဲ့ အရှေ့ဇာတ်ကားတွေမှာ ဒီးဒီ တစ်ခါမှ မပါခဲ့ရဘူး။ ဒီဇာတ်ကားကတော့ ကိုယ့်နာမည်နဲ့ ရိုက်မယ်။ ပါချင်တယ် ဆိုပြီး ပြောထားတယ်။ သူတို့ကလည်း ဟာသဇာတ်လမ်းပုံစံလေး ရိုက်ကြမှာပါ”လို့ သူ့ရဲ့သီချင်းတွေ ဇာတ် ကား Titleတွေဖြစ်သွားတတ်တဲ့ အကြောင်းကို စန္ဒီမြင့်လွင်က ပြောပါတယ်။
POPULAR MYANMAR မှ သိသမျှ ။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment