Wednesday, 29 August 2012
တရုတ်နိုင်ငံမှ Chery ကားများတွင်ကင်ဆာဖြစ်စေနိုင်သည့်ဓာတုကျောက်မှုန့်သုံးထားမှုတွေ့ရှိ၍ သြစတျေးလျနှင့်စင်ကာပူနိုင်ငံများတွင် ကားများပြန်သိမ်းနေပြီး
တရုတ်နိုင်ငံထုတ် Chery ကား များတွင် ကင်ဆာ၊ တီဘီဖြစ်စေနိုင်သည့် ဓာတုကျောက်မှုန့် အသုံးပြုထားကြောင်းတွေ့ရှိရ၍ သြစတျေးလျနိုင်ငံတွင် Cheryကားများပြန်သိမ်းနေပြီး စင်ကာပူနိုင်ငံတွင်လည်း Chery ကားများကို စစ်ဆေးနေကြောင်း Straits Times သတင်းစာတွင် ဖော်ပြထားသည်။
Chery ကားများတွင် Asbestos (ကျောက်ဂွမ်း သို့မဟုတ် မီးခံကျောက်မှုန့်) များထည့်သွင်းအသုံးပြုထားပြီး အဆိုပါ Asbestos မှာ ကြာရှည်ရှုရှိုက်မိပါက အဆုတ်ကင်ဆာ ဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ထားသည်။
သြစတျေးလျနိုင်ငံတွင်စတင် တွေ့ရှိခြင်းဖြစ်ပြီး Chery J3 Sedan နှင့် Chery T11 SUV ကား အမျိုးအစားများကဲ့သို့ တန်ဖိုးမြင့်ကားများတွင် တွေ့ရှိရခြင်းဖြစ်ကြောင်းနှင့် အစီးရေ ၂၃၀၀၀ အား ပြန်သိမ်းနေကြောင်း ထုတ်ပြန်ထားသည်။
ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၅၀ ကျော်မှ Asbestos အသုံးပြုခြင်းအား ကန့်သတ်ထားပြီး သြစတျေးလျနိုင်ငံတွင် ၂၀၀၄ ခုနှစ်မှစ၍ ကားများ၌ Asbestos သုံးခြင်းကို တားမြစ်ထားကြောင်း၊
စင်ကာပူတွင်လည်း ၁၉၉၅ ခုနှစ်မှစ၍ ကား များတွင် Asbestos သုံးစွဲခြင်းကို တားမြစ်ထားကြောင်းသိရသည်။
စင်ကာပူနိုင်ငံ မောင့်ပယ်လီယာဆေးရုံမှ အသက်ရှုလမ်း ကြောင်းဆိုင်ရာ ဆရာဝန်တစ်ဦးက လည်း Asbestos မှာ အဆုတ်ထဲဝင်ရောက်မိပါက ပြန်လည်ချေဖျက်ရန် နှစ် ၂၀ မှ ၃၀ အထိကြာမြင့် ကြောင်းပြောကြားခဲ့သည်။
သြစတျေးလျနိုင်ငံမှ တရုတ်ကုမ္ပဏီ Chery အား ပြောကြားရာ တွင် Chery ကုမ္ပဏီတာဝန်ရှိသူက မှားယွင်းထည့်သွင်းပေးမိသည်ဟု ပြန်လည်ပြောကြားကြောင်းကိုလည်း Straits Times သတင်းစာတွင်ဖော် ပြထားသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံထုတ် Chery ကားများကို တင်သွင်းအသုံးပြုမှု များပြားလာကြောင်း၊ ကိုယ်တိုင် စီးနင်းခြင်းထက် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် အသုံးပြုမှု ပိုမိုများပြားလျှက်ရှိကြောင်း သိရသည်။
သို့သော် မြန်မာနိုင်ငံတွင် တင်သွင်းအသုံးပြုနေသည့် Chery ကား များတွင်မူ စစ်ဆေးမှုမရှိ၍ Asbestos ပါဝင်ခြင်းရှိမရှိကို မသိရှိနိုင်ပါ။
မြန်မာနိုင်ငံတွင် Asbestos အား ကန့်သတ်ထားမှုမရှိသေးသော်လည်း ယခုကဲ့သို့သော ဖြစ်စဉ်မျိုးကို အလေးမထား၍ မရကြောင်း၊ Asbestos မှာ မြန်မာနိုင်ငံတွင် မီးကြိုးအကာ၊ အုတ်ကြွပ်ပြားများ ထုတ်လုပ်သည့် နေရာများတွင်လည်း အသုံးပြုလျှက်ရှိပြီး အကာအကွယ်မဲ့စွာဖြင့် လုပ်သားများမှ သုံးစွဲနေရကြောင်း၊ ထို့အတွက် အလေးထားကာ လုပ်ဆောင်သင့်ကြောင်း ပညာရှင်များက ပြောသည်။
"ကျွန်တော့် ဆေးခန်းမှာ အုတ် ကြွပ်စက်ရုံက အလုပ်သမားတွေလာကုရင် တီဘီ၊ ကင်ဆာသမားတွေပဲများတယ်။ ဒါတွေကိုတော့ အလေးထားသင့်တယ်။ မီးခံကျောက်မှုန့်လို့ခေါ်တဲ့ Asbestos ကို သုံးပြီးလုပ်ကြလို့ပါ" ဟု အထွေထွေ ရောဂါကုဆရာဝန်တစ်ဦးက ပြောပြခဲ့သည်။
Eleven Media မှ သိသမျှ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment