ပလေးဘွိုင်းသန်းနိုင်၏ ၆၂ နှစ် ပြည့်မွေးနေ့ Sweet 17 ပွဲကို ၀ါရင့် စတီရီယို အဆိုတော်များစွာဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် မြို့မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
“မနှစ်က ကျွန်တော့်ရဲ့ အသက် ၆၁ နှစ်ပြည့် မွေးနေ့တုန်းက Sweet 16 ဆိုတဲ့အမည်လေးနဲ့ ပွဲတစ်ပွဲလုပ် ဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ Sweet 17 ဆိုတဲ့ အမည်လေးနဲ့ လုပ်ဖြစ်ပါတယ်။ မနှစ်က လုပ်ခဲ့တဲ့ပွဲလေးမှာတော့ ပရိသတ်တွေ တော်တော်လေးကို လာအားပေးကြပေမယ့် ကျွန်တော့်အနေနဲ့ စိတ်ရှိသလောက် မဆိုနိုင်ခဲ့ဘူး။ ဒါကြောင့်မို့လို့ ဒီနှစ်ပွဲကိုတော့ အကြွေးဆပ်တဲ့အနေနဲ့ ထပ်လုပ်ဖို့
စီစဉ်ဖြစ်ခဲ့တာပါ” ဟု ပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ပလေး ဘွိုင်းသန်းနိုင်က ရှင်းပြခဲ့သည်။
ပလေးဘွိုင်းသန်းနိုင်၏ မွေး နေ့ Show ပွဲတွင် ထူးထူးခြားခြား အနေဖြင့် သီဆိုရန် ဖိတ်ကြားထားခြင်းမရှိဘဲ ပရိသတ်အနေဖြင့် လာရောက်ကြည့်ရှုသော အဆိုတော် အောင်ကိုလတ်က သီချင်းနှစ်ပုဒ်ဖြင့် သီဆိုဖျော်ဖြေခဲ့သည်။
“အခုပွဲမှာ ကျွန်တော် သီချင်း ၁၅ပုဒ်လောက် ဆိုနိုင်အောင် ကြိုးစားထားပါတယ်။ အစကတော့ ဒီပွဲလေး မှာ ကျွန်တော်နဲ့ခေတ်ပြိုင် အဆိုတော်ကြီးတွေနဲ့ပဲ လုပ်ဖို့စဉ်းစားထားပါတယ်။ ဒါပေမယ့် နောက်တက်လာတဲ့ လူငယ်အဆိုတော်တွေရဲ့ ဖျော်ဖြေ မှုတွေက အရမ်းကောင်းနေတာကြောင့် ဒီပွဲလေးမှာ သူတို့ကိုပါ ပါဝင်ဖျော်ဖြေနိုင်ဖို့ စီစဉ်ဖြစ်ခဲ့တာပါ” ဟုလည်း ဆက်လက်ရှင်းပြခဲ့သည်။
အဆိုပါ Sweet 17 Live Show ပွဲတွင် ပလေးဘွိုင်းသန်းနိုင်နှင့်အတူ ၀ါရင့်စတီရီယို အဆိုတော်ကြီးများ ဖြစ်ကြသည့် ဗစ်တာခင်ညို၊ စိန်ဝင်းထွန်း၊ စိုးပိုင်၊ ဘိုဘိုဟန်၊ ကံ့ကော်တောမျိုးအောင်၊ ကိုင်ဇာ၊ ဇော်ဝင်းရှိန်၊ တင်အောင်မိုး၊ ခင်မောင်ထူး၊ ပီတာဘသိန်း၊ ချစ်ကောင်းစသည့် အဆိုတော်တို့ အပြင် လေးနက်၊ သျှီ၊ ယုဇန၊ နီနီခင်ဇော်၊ ကေကေမိုးမြင့်၊ ထိုက်ထိုက်၊ ချာချာ၊ နဒီ၊ ကေကေမိုး၊ ထက်ထက်ဆုလှိုင်၊ မို့မို့လွင်၊ အိစက်ညက်ညော၊ Me N Ma Girls စသည့် အဆိုတော်တို့ဖြင့် ပါဝင်သီဆိုဖျော်ဖြေခဲ့ကြသည်။
ယင်းဖျော်ဖြေပွဲတွင် 21st Century Playboy Rock Band မှ တီးခတ် ပေးခဲ့ပြီး ပါကေးရှင်းမဂျူးနီက အားဖြည့်တီးခတ်ခဲ့ကာ ဟာမိုနီအဖြစ် ထရေစီနှင့်အဖွဲ့မှ ကူညီသီဆိုပေးခဲ့ကြောင်းလည်း သိရှိရသည်။
ELEVEN media group မှ သိသမျှ ။
သတင်းလေးလာဖတ်သွားပါတယ်ဗျာ...;-)
ReplyDelete