မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဖွင့်ပွဲ၊ ပိတ်ပွဲ အစီအစဉ်များကို တင်ဒါခေါ်ယူထားရာ တရုတ်ကုမ္ပဏီတစ်ခုမှ ရရှိဖွယ်ရှိကြောင်း အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကပြောသည်။
“ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ ပိတ်ပွဲ အစီအစဉ် အားလုံးကိုလည်း တတ်ကျွမ်းတဲ့ ကုမ္ပဏီတွေ၊ အထူးသဖြင့် ဈေးလည်းသက်သာ၊ အလုပ်လည်းဖြစ်တာကတော့ တရုတ်ကုမ္ပဏီတွေ များပါတယ်။ အားလုံးပြီးခဲ့တဲ့ ရက်ကလည်း တင်ဒါခေါ်ပြီး ဆောင်ရွက်ထားတာ ရှိပါတယ်။ ဒီတင်ဒါ အောင်မြင်ဖို့ကလည်း တရုတ်ကုမ္ပဏီတွေထဲကလို့ ယူဆရပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ယခု ၂၃ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး အားကစားသမားဆုများ ချီးမြှင့်ခြင်း အခမ်းအနားတွင် ပြောကြားသည်။နေပြည်တော်တွင် ပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲ ပိတ်ပွဲအစီအစဉ်များအတွက် နည်းပညာများ ပံ့ပိုးမှုအတွက် တင်ဒါခေါ်ယူခဲ့ရာတွင် ပြည်တွင်း ပြည်ပကုမ္ပဏီ
၁၁ ခုလျှောက်ထားပြီး GMS (game management system) အတွက်ကိုမူ ကုမ္ပဏီ ၉ ခု လျှောက်ထားမှု ပြုလုပ်ထားကြောင်း အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။
“သြဂုတ် ၁ ရက်က တင်ဒါပိတ်ပြီး ဖြစ်ပါတယ်။ ၁၆ ရက်ကစပြီး တင်ဒါတွေကို ဖွင့်ပြီးတော့ သက်ဆိုင်ရာ ဌာနအကြီးအကဲတွေနဲ့ ကျွမ်းကျင်တဲ့ ပညာရှင်တွေက ဖွင့်ဖောက် စစ်ဆေးနေပါပြီ။ မကြာမီ ပဏာမရွေးချယ်တဲ့ ကုမ္ပဏီတွေကို ခေါ်ပြီးတွေ့ဖို့နဲ့ ခိုင်မာမှုအခြေအနေ အထောက်အထားတွေ စစ်ဆေးဖို့ ရှိပါတယ်”ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်။
တခြားနိုင်ငံများက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ ပိတ်ပွဲ အစီအစဉ်များမှ သင်ခန်းစာများစွာ ရရှိပါကြောင်း၊ ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ ပိတ်ပွဲ အခမ်းအနားတွင် ပုံမှန်အစီအစဉ်များ၊ မြန်မာ့ရိုးရာအက ဖျော်ဖြေမှုများအပြင် ခေတ်မီကကွက်များလည်း ပါဝင်မည်ဖြစ်ကြောင်း၊ အထူးပြုလုပ်ချက်များ အပါအ၀င် အသက်သာဆုံးနှင့် အကောင်းဆုံးဖြစ်အောင် အစီအစဉ်များ ရေးဆွဲပြီးဖြစ်ကာကုန်ကျစရိတ်နှင့်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက
ပြောသည်။၂၀၁၃ ဆီးဂိမ်း ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများ လက်ခံကျင်းပမည့် နေပြည်တော်တွင် တည်ဆောက်နေသည့်ပရိသတ်သုံးသောင်းဆံ့ဝဏ္ဏသိဒ္ဓိအားကစားကွင်းသည်၈၅ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီးအခြား
အားကစားရုံများသည် ရာခိုင်နှုန်းထက်ဝက်ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလက အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် (၂၆)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဖွင့်ပွဲ ပိတ်ပွဲ အခမ်းအနားများ တင်ဆက်မှုသည် နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြု၍ ၎င်းတို့နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ ကိုယ်စားပြု ပုံရိပ်များကို ပုံဖော်ဖျော်ဖြေခဲ့သဖြင့် ကြည့်ရှုသူပရိသတ်အများစု ကြိုက်နှစ်သက်ခဲ့ကြသည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အင်ဒိုနီးရှား ဆီးဂိမ်းပြိုင်ပွဲတစ်ခုလုံး၏ ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကျော် ရှိခဲ့ကြောင်း သိရသည်။
ယင်းပြိုင်ပွဲအတွက် အင်ဒိုနီးရှားအစိုးရ၏ ပြင်ဆင်မှုမှာ ၂ နှစ်နီးပါး ကြာမြင့်ခဲ့ကြောင်း သိရသည်။
7 Day news Jounal မှ သိသမျှ ။
No comments:
Post a Comment