Monday 29 October 2012

ကိုရင်နဲ့သီလရှင် တွေကို အင်္ဂလိပ်စာ တိုးတက်အောင်သင်ကြားပေးနေတဲ့ စန္ဒီချို

သရုပ်ဆောင်နိုင်းနိုင်းရဲ့ဇနီးစန္ဒီချိုက အင်းစိန်က အင်္ဂလိပ်စာသင်ကြားချင်တဲ့ လူငယ်များကို သင်ကြားပေးနေသလို၊ ကလေးဝတောရ ကျောင်းတိုက်မှာလည်း ကိုရင်နဲ့ သီလရှင် ၁၈၂ပါးကို အင်္ဂလိပ်စာ ပညာ ဒါနသင်တန်း ဖွင့်လှစ်သင်ကြား ပေးနေတာ အခုဆိုရင် ၁လကျော်ရှိသွား ပြီဖြစ်ပါတယ်။ အခုလို သင်ကြားတဲ့အတွက် အတွေ့ အကြုံ သစ်တစ်ခုရသလို၊ နယူးယောက်မှာ ကျောင်းတက်နေတဲ့ကာလတွေမှာ သူ တတ်ခဲ့တဲ့ ပညာတွေကို ဒီက အင်္ဂလိပ်စာ မတတ်တဲ့ မိဘမဲ့ကလေးတွေ၊ ကိုရင်တွေ၊ သီလရှင်တွေကို သင်ပေးရတဲ့ အတွက် ဝမ်းသာပီတိဖြစ်ရကြောင်းကို စန္ဒီချိုက “စန္ဒီ့ဘဝမှာ ဒီလိုမျိုးတစ်ခါမှ မလုပ်ဖူးပါဘူး။ အလှူဒါနဆိုရင် ပိုက်ဆံလှူတာပဲ ရှိပါတယ်။ ဒီလိုမျိုး ကိုယ့်ပညာကိုလှူတာ တစ်ခါမှ မလုပ်ဖူးဘူး။ အခုက ပထမဦးဆုံးအကြိမ်ပါပဲ။ စန္ဒီလည်း သင်ချင်တဲ့စိတ်ရှိတယ်။ သူတို့ကလည်း လိုက်လေ့လာချင်တဲ့ စိတ်ရှိတော့ သင်ရတာ စိတ်ချမ်းသာတယ်။ အင်္ဂလိပ်စာအားနည်းတဲ့ ကလေးတွေကို သင်ပေးရတော့ ပိုပြီးအကျိုးရှိတာပေါ့”လို့ ပြောပါတယ်။ အင်္ဂလိပ်စာ သဒ္ဒါပိုင်းနှင့် နေ့စဉ်သုံး အခြေခံအင်္ဂလိပ် စကားပြောကိုပါ သင်ကြားပေးတာဖြစ်ပြီး လူငယ်တွေဖြစ်တဲ့အတွက် ပျော်ပျော်ရွှင်ရွှင်နဲ့ စာတတ်အောင်သင်ကြားပေးတဲ့ အကြောင်း စန္ဒီချိုက ပြောပါ တယ်။ ကိုရင်တွေ၊ သီလရှင် တွေကို
သင်ကြားတဲ့အခါ မှာတော့ ”ကိုရင်တွေ၊ သီလရှင်တွေကို သင်ရတဲ့အတွက်လည်း တခြားကလေးတွေနဲ့ ဘာမှမကွာပါဘူး။ ဆရာတော် ကြီးကတော့ စာသင်တာ အဆင်ပြေအောင် ခွင့်ပြုထားပါတယ်။ အန်တီတို့၊ ကျွန်မတို့လည်း နာမ်စားသုံးခွင့်ပေးထားတယ်။ တပည့်တော်တို့ ကိုရင်လေးတို့၊ ဆရာလေး တို့လို ပြောရင်လည်း ရှုပ်တယ်တဲ့။ စန္ဒီလည်း အတတ်နိုင်ဆုံး ကြိုးစားပြီးသင်ပါတယ်။ သူတို့အင်္ဂလိပ်စာ ပိုပြီးတိုးတက်အောင်လို့ ကြိုးစားသင်ပေးတာပါ။ ဒီလိုသင်ပေးတာ ကို တစ်ခါမှ အတွေ့အကြုံမရှိသေးပါဘူး။ သင်ပေးရတဲ့အတွက် တအားဝမ်းသာတယ်၊ ပီတိဖြစ်ပါတယ်။ အတွေ့အကြုံလည်းပိုရတယ်။ ကုသိုလ်လည်းရပါတယ်”လို့ စန္ဒီချိုက ပြောပါတယ်။

ပေါ်ပြူလာ မြန်မာ မှ သိသမျှ ။

No comments:

Post a Comment