Sunday 18 November 2012

အိုဘားမား၏ နာရီပိုင်းခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံမည်


နိုဝင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ၎င်း၏ နာရီပိုင်းခရီးစဉ်အတွင်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့အားတွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည့်အချိန်နှင့် နေရာကို မသိရသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ
အိုဘားမားတို့သည် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ တွေ့ဆုံမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။
သမ္မတအိုဘားမားသည် နိုဝင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ အရှေ့တောင်အာရှခရီးစဉ်အဖြစ်ထိုင်း၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က နိုဝင်ဘာ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိုဘားမားတို့နှစ်ဦးလုံး တက်ရောက်ကြမည် ဖြစ်သည်။
အမေရိကန်သမ္မတ ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲတွင် လောလောလတ်လတ် ပြန်လည် ရွေးကောက်ခံရသည့် သမ္မတ
အိုဘားမား၏ ယခု မြန်မာနိုင်ငံခရီးစဉ်မှာ မြန်မာနိုင်ငံသို့ လာရောက်သည့် ပထမဆုံး အမေရိကန်သမ္မတအဆင့် ခရီးစဉ်အဖြစ် သမိုင်းမှတ်တမ်းဝင်သွားမည်ဖြစ်သည်။
“ရွေးကောက်ပွဲအပြီး အောင်ပွဲခရီးစဉ်အဖြစ် အာရှကိုလာတာမှာ မြန်မာနိုင်ငံပါ ပါဝင်တဲ့အတွက် တကယ့်ကိုအားရစရာပါ။ နှစ်နိုင်ငံကြား ဆက်ဆံရေး ပြန်လည်မြှင့်တင်နေချိန်မှာ အခုခရီးစဉ်က
နာရီပိုင်းဆိုပေမယ့် တကယ့်ကို အကျိုးရှိမယ့် ခရီးစဉ်တစ်ခုပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် သမ္မတအိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။ “နေပြည်တော်မှာ တွေ့မလား၊ ရန်ကုန်မှာတွေ့မလားဆိုတာ ပြောလို့မရသေးပါဘူး။ကမ္ဘောဒီးယားက ပြန်လာပြီး သမ္မတနဲ့ တွေ့ကြမှာပါ” ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကပြောသည်။


7DAY NEWS မှ သိသမျှ ။

No comments:

Post a Comment