Monday 5 November 2012

၂ဝ၁၁ခုနှစ်အတွက် နာမည်အကြီးဆုံး ဇာတ်ကားကိုပြောပြလာသူ လူမင်း


၂ဝ၁၁ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆု စာရင်းဝင်ဇာတ်ကားများထဲမှာ ‘ထာဝရ အလင်းတန်းများ’ ဇာတ်ကားလည်းပါဝင်ပါတယ်။ ဒီ ဇာတ်ကားမှာ ဇာတ်ပို့အဖြစ် ဇာတ် ကားတစ်ကားလုံးကို ပံ့ပိုးပေးခဲ့တဲ့ လူမင်းကိုလည်း အကယ်ဒမီဆုရနိုင်တယ်လို့ ပရိသတ်တွေရော၊ ရုပ်ရှင် နယ်ပယ်ကပါ ပြောကြပါတယ်။ ဒါကြောင့်လည်း လူမင်း ရဲ့ အကယ်ဒမီမျှော်လင့်ချက်နဲ့ပတ်သက်ပြီး မေးကြည့်တော့”ဒီကားမှာက ဇာတ်ပို့ နေရာပါ။ ဒါရိုက်တာချပေးတဲ့ ဇာတ်ရုပ်မှာ ဒါရိုက်တာသင်တဲ့ အတိုင်းသရုပ်ဆောင် ခဲ့တာပါ။ ဒါရိုက်တာကလည်း ဇာတ်ကားတစ်ကားလုံးကို ဇာတ်ညွှန်းအစ၊ ရိုက်ချက် အထိအသေးစိတ်ပြင်ဆင်ပြီးမှ ရိုက်တဲ့သူပါ။ ရွာမှာ ခပ်ကြမ်းကြမ်း လူကြီးတစ်ယောက် က ကျောင်းကို ကလေးတွေ တက်ချင်အောင် လိုက်စည်းရုံးတဲ့သူတစ်ယောက်လုပ်ရတာပါ။ ကိုယ်ရိုက်တဲ့ ကားတိုင်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတာပဲ။ အကယ်ဒမီဆိုတာ မလိုချင် ဘူးမရှိပါဘူး။ လိုချင်ပါတယ်။ အဲဒီကားမှာရခဲ့မယ်ဆိုရင် ပထမဆုံးဇာတ်ပို့ဆုဖြစ်မှာပေါ့။ အခုထင်ကြေးပေးတယ်ဆိုကတည်းက ထင်ကြေး ပဲရှိသေးတာ။ လွဲနိုင်တဲ့ ရာခိုင်နှုန်းလည်း အများကြီးရှိပါတယ်။ အဓိကသရုပ် ဆောင်အနေနဲ့ပဲဆုတွေရဖူးတော့ဇာတ်ပို့ဆုလေး
ထူးထူးခြားခြား ရမယ်ဆိုရင် တကယ်ဝမ်းသာမိမှာပါ”လို့ ပြောပြပါတယ်။
ဒီဇာတ်ကားရိုက်ကူးခဲ့စဉ် အမှတ်တရနဲ့ အကယ်ဒမီခန့်မှန်းချက်ကိုလည်း လူမင်းက”ဒီကားရိုက်တုန်းက တအားပင်ပန်းတယ်။ ကလေးတွေ ရေနစ်တဲ့အခန်းဆို နေချစ်ချစ်တောက်ပူတဲ့အချိန် အေးစိမ့်နေတဲ့ ရေထဲမှာ ရိုက်ခဲ့တာ။ ကလေးတွေရော၊ ဒါရိုက်တာ၊စက်အဖွဲ့ရော တအားပင်ပန်းတယ်။ ဒါရိုက်တာကလည်း သူလိုချင်တဲ့ အရုပ်မရမချင်း ရိုက်တာ၊ ဒီကားကောင်းတယ်ဆိုလည်း ဒါရိုက်တာကြောင့်ပါတယ်။ ဒါရိုက်တာကို ရစေချင်တာကြာပါပြီ။ ‘ငါ့ဓား၊ငါ့သွေး၊ငါ့ဧရာဝတီ’လို ဇာတ်ကားမှာ လည်း သူမရခဲ့ဘူး။ ဒီကားက ရည်ရွယ်ချက်လည်း ကောင်းတယ်။ ဒီနှစ် နာမည် အကြီးဆုံးက ‘ပန်းကြာဝတ်မှုန်’ ဇာတ်ကားပေါ့။ အဲဒီကားလည်း ဆုအများဆုံးရ လိမ့်မယ်လို့ အများစုက ခန့်မှန်းနေကြပါတယ်။ ကိုယ်တိုင်ကတော့ မကြည့်ရသေး ဘူး။ ဒီနှစ်အကယ်ဒမီက စပ်ကူးမပ်ကူးကာလလေးပေါ့။ အစည်းအရုံးက ဦးစီး ပြီးပေးတာလည်း မဟုတ်သေး ဘူး။ ပြန်ကြားရေးဝန်ကြီးဌာနက ခါတိုင်းလို ပေးတယ်ဆိုပေမယ့် အစည်းအရုံးရဲ့ အကြံပြုချက်တွေ ကို တော်တော်လေး လိုက်လျောဖြည့် ဆည်း အကဲဖြတ်ထားတဲ့ အကယ်ဒမီပေးပွဲလို့ ခေါင်းစဉ်တပ်လို့ ရတယ်”လို့ ပြောပြခဲ့ပါတယ်။

POPULAR MYANMAR မှ သိသမျှ ။

1 comment:

  1. အနုပညာအသိုင်းအ၀ိုင်းအကြောင်းလေးလာရောက်ဖတ်ရှုသွားပါတယ်

    ReplyDelete