Monday 12 November 2012

သြစတြေးလျက ပြန်လာတာနဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးမယ့် ခင်လှိုင်


သြစတြေးလျ ဖျော်ဖြေရေး ခရီးစဉ် ထွက်ခွာသွားတဲ့ ခင်လှိုင်က ၃ရက်နေ့မှာ ပါ့ခ်မြို့မှာ စတင် ကပြဖျော်ဖြေမှာ ဖြစ်ပြီး မဲလ်ဘုန်း၊ ဆစ်ဒနီနဲ့ ကန်ဘရာ မြို့၎မြို့ ကို ဖျော်ဖြေမှာ ဖြစ်ကြောင်း ပြောပါတယ်။ အခု သြစတြေးလျ ခရီးစဉ်က သူ့ရဲ့ ဒုတိယအကြိမ်မြောက် ခရီးစဉ် ဖြစ်ပြီး အရင် တစ်ခေါက် သွားတာနဲ့ မတူအောင် ပြင်ဆင် သွား ကြောင်း ပြောပါတယ်။
“အရင် အခေါက်တွေတုန်းက အငြိမ့်နဲ့ နှစ်ပါးသွားနဲ့ သတ်သတ်စီခွဲ ကတယ်။ သီချင်းဆိုတယ်။ အငြိမ့်ကလည်း ပြက်လုံးပြက်တာ ပဲ။ နှစ်ပါးသွားက လည်း ပြက် လုံးပြက်တာပဲ။ တူနေတဲ့ အခါကျတော့ အငြိမ့်အစား ဟာသ ပြဇာတ်လေး တစ်ခု ထည့်လိုက်တယ်။ လူရွှင် တော်တွေ ချည်းပဲ မဟုတ်ဘူး။ မင်းသား နှစ်ယောက် ကလည်း လူရွှင်တော် ကကြမှာ ဆိုတော့ သူတို့လည်း အဆင်ပြေအောင် ပြဇာတ် တိုက်လိုက်တယ်။ ဟာသပြဇာတ် အတို ၁နာရီ စာကြာတယ်။ ဟိုမှာက ၅နာရီ ၆နာရီလောက် ကြာအောင် ကရတာ ဆိုတော့ ပြဇာတ်က ၁နာရီ၊ သီချင်း ဆိုတာကလည်း ၁နာရီကျော် ကျော်လောက် အချိန်ပေးလိုက်တယ်။ ကျန်တာကတော့ နှစ်ပါးသွား ကမှာပေါ့။ ပြီးခဲ့တဲ့ တစ်ခေါက်က သွားခဲ့တော့  ပရိသတ်တွေရဲ့ အထာတော့ သိနေပြီ။ အရင်က ခေတ်သီချင်း ဆိုတာ များတယ်။ ဟိုမှာက မြန်မာသံ
ပိုကြိုက်တယ်။ ကျွန်တော်နဲ့ ဒိန်းဒေါင် ကတော့ မြန်မာ သံစဉ်ပဲ ဆိုမယ်။ အဝတ်အစားတွေ ကိုလည်း တိုက်ပုံနဲ့ ဒီဇိုင်းပန်းတွေ လုပ်ပြီး အကယ်ဒမီ ပွဲတက်သလိုမျိုး ဒီဇိုင်းတွေနဲ့ တိုက်ပုံကာ လာစုံ၊ ပုဆိုးတွေ ကာလာစုံနဲ့ ထုံးစံအတိုင်း ကျွန်တော်တို့ ဆင်တူ ဝတ်နေသလိုပဲ ဖိနပ်က အစပန်းတွေ ထိုးထားတယ်။ မြန်မာသံစဉ်ကို သူတစ်ပိုဒ်ဆို၊ ကိုယ်တစ်ပိုဒ် ဆိုနဲ့ စုံတွဲ ဆိုကြမယ်။ ပြက်လုံးတွေကို အတတ်နိုင်ဆုံး ဆန်းသစ်သွားတယ်။ စိတ်ပူတာ တစ်ခုတော့ ရှိတယ်။ လူရွှင်တော်တွေ ချည်းပဲ ကရတာအကြောင်း မဟုတ်ဘူး။ မင်းသားနှစ်ယောက် ကို လူရွှင်တော်နေရာမှာ ထည့်ကမှာ ဆိုတော့ အခက်အခဲ ဖြစ်မှာစိုးလို့ သူတို့အတွက်တော့ စိတ်ပူတယ်” လို့ သြစတြေးလျခရီးစဉ် အကြောင်း ပြော ပါတယ်။ သြစတြေးလျက ပြန်လာပြီး ၁လပိုင်းလောက် မှာတော့ ဒါရိုက်တာ မောင်သီက ခင်လှိုင်နဲ့ ဒိန်းဒေါင်ကို “သဝေထိုးနဲ့ လုံးကြီးတင်” ဆိုတဲ့ တီဗီ ဇာတ်လမ်းတွဲ ရိုက်ကူးမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီဇာတ်လမ်းတွဲကို ၃လ ရိုက်ကူး မှာဖြစ်ပြီး စမ်းသပ်ရိုက်တဲ့ ၃လ အတွင်းမှာ ရပ်ကွက်ထဲမှာ လူပျိုတွေ ဘဝနဲ့ အိမ်ထောင်ကျတဲ့ အထိ ဗရုတ် သုတ်ခတွေနဲ့ သူငယ်ချင်းနှစ်ယောက် မတည့်တဲ့ အကြောင်း ရိုက်ကူးမှာ ဖြစ်ပြီး ဒီဇာတ်လမ်းတွဲ အောင်မြင်ရင်တော့ ကလေးတွေ ရတဲ့အကြောင်း ဆက်ပြီး ရိုက်ကူးမှာ ဖြစ်ကြောင်း ခင်လှိုင် ကပြောပါတယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးတဲ့အပေါ် ခင်လှိုင်ရဲ့ အမြင်ကိုမေးတော့ “ဇာတ်လမ်းတွဲတွေက မြန်မာပြည်မှာ ရိုက်တော့ ရိုက်နေကြတယ်။ ဒါပေမဲ့ သိပ်မအောင်မြင် ကြသေးဘူးလေ။ ဒါကျတော့ ပရိသတ်နဲ့ အမြဲ ထိတွေ့နေနိုင်တယ်။ အခွေကျတော့ ရိုက်ထားပေမယ့် တစ်ခါတစ်လေ အကြောင်းကြောင်းကြောင့် မထွက်ဖြစ်တာတွေ၊ မထွက်သေးတာတွေနဲ့ ကိုယ်ရိုက်ပေမယ့် ချက်ချင်း ပရိသတ်တွေကြားထဲ မရောက်သေးတာတွေ အများကြီးပဲလေ။ တချို့ဆို ရိုက်ထားတာ ကြာပြီ။ တော်တော် ကြာမှ ထွက်လာတဲ့ အတွက် ကျွန်တော်တို့ လုပ်ထားတဲ့ ပြက်လုံးတွေက Current မဖြစ်တာ တွေရှိတယ်။ ဇာတ်လမ်းတွဲ ကျတော့ အခုလုပ် ပြတာကို ချက်ချင်း ပရိသတ်တွေဆီရောက် သွားနိုင်တယ်။ ဒါပေမဲ့ ဗီဒီယို ကလည်း ဖျက်လို့မရဘူး။ ဗီဒီယိုလည်း သူ့ဘာသာသူ ဈေးကွက် တစ်ခု ရှိနေမှာပေါ့။ တီဗီ ဇာတ်လမ်း တွဲကလည်း သူ့ဘာသာသူ  လိုင်းတစ်လိုင်း ဖောက်သွားနိုင်တာပေါ့။ မြန်မာ ဇာတ်လမ်း တွဲတွေ သိပ်မအောင်မြင်သေးတော့ ကျွန် တော်တို့ ဟာသ ဇာတ်လမ်းတွဲ ဆိုရင် ဖြစ်နိုင်မလား ဆိုပြီး ဒါရိုက်တာ မောင်သီက လက်တည့်စမ်း လိုက်တာပါ။ ကျွန်တော် တို့ကလည်း စမ်းသပ် ကြည့်တဲ့ သဘော အနေနဲ့ လမ်း အသစ် တစ်ခု ဖောက်ကြည့်တာပါ” လို့ ပြောပါတယ်။

POPULAR MYANMAR JOURNAL မှ သိသမျှ ။

No comments:

Post a Comment