Thursday, 22 November 2012

သက်ကြီး လူရွှင်တော်များ ရန်ပုံငွေ အတွက် ရည်ရွယ်ဖျော်ဖြေတဲ့ ဗညားဟန်ရဲ့ မြန်မာသံ တစ်ကိုယ်တော်ပွဲ


ခေတ်ပေါ် ဂီတစင်မြင့် ဖျော်ဖြေပွဲတွေ ရန်ကုန်မြို့ပေါ်မှာ များပြားနေတဲ့ ကာလမှာ ရှားရှားပါးပါး မြန်မာသံ တစ်ကိုယ်တော် စင်မြင့် ဖျော်ဖြေပွဲကို ဟာသ သရုပ်ဆောင် ကျော်ထူး တို့ရဲ့ စီစဉ်မှုနဲ့ အတူ တေးသံရှင် ဗညားဟန်က နိုဝင်ဘာလ ၁ဝရက်နေ့၊ ညနေ၆နာရီခွဲ အချိန် အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ ပါတယ်။  ဗညားဟန်နဲ့ အတူ သက်ကြီး လူရွှင်တော်များ ရန်ပုံငွေ အနေနဲ့ ပြုလုပ်တဲ့ပွဲမှာ ရုပ်ရှင်၊ ဂီတ၊သဘင်စတဲ့ အနုပညာ နယ်ပယ် အသီးသီးက အနုပညာရှင်တွေ ကလည်း ဝိုင်းဝန်း အားဖြည့် ကူညီကြပါတယ်။ ရန်ကုန်မြို့ပေါ်မှာ ရှားရှားပါးပါး မြန်မာသံ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်ဖြစ်တဲ့ ဗညားဟန်ရဲ့ပွဲမှာ ပရိသတ် အင်အား ကတော့ ရုံပြည့် ရုံလျှံ မဟုတ်ပေမယ့် မြို့ကြီးပေါ်က မြန်မာသံ ပရိသတ်ရဲ့ အားပေးမှုကလည်း အားရစရာပါပဲ။ ဗညားဟန်ကသူ့ရဲ့ ထွက်ရှိပြီး အောင်မြင် ကျော်ကြားပြီး သား သီချင်းတွေထဲက အပုဒ် ၃ဝ နီးပါးကို တေးသရုပ်ဖော်များနဲ့ အပိုင်း၃ ပိုင်းခွဲ ဖျော်ဖြေခဲ့ပြီး တစ်ပိုင်းနဲ့ တစ်ပိုင်းအကူး အပြောင်းမှာတော့ ပြဇာတ်တိုလေး များနဲ့ ရုပ် ရှင်သဘင် အနုပညာနယ်ပယ်က
ညီအစ်ကို မောင်နှမများက ဝိုင်းဝန်း အားဖြည့်ခဲ့ပါတယ်။ ဗညားဟန်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲမှာတော့ ရန်ကုန်က ပရိသတ်များ အပြင် တခြားနယ်များ က ပရိသတ်များပါ လာရောက် အားပေးကြတာ ကိုတွေ့ရပြီး ဆုတော်ငွေ များလည်း ချီးမြှင့်ခဲ့ ကြကာ သူတို့ချစ်တဲ့ ဗညားဟန်ကို ချီးမြှောက် အားပေးကြတာကိုလည်း တွေ့ရပါတယ်။ ဘာပဲ ပြောပြော ဗညားဟန်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကတော့ မြန်မာသံ ဖျော်ဖြေပွဲ ရှားပါးတဲ့ အချိန်မှာ မှတ်တိုင်စိုက် ထူနိုင်ခဲ့ တဲ့ပွဲတစ်ပွဲပဲ ဖြစ်ပါတော့တယ်။


POPULAR MYANMAR မှ သိသမျှ ။

No comments:

Post a Comment