Monday 8 April 2013

နှစ်သစ်အပျော်ရှာသူ နှင့် သင်္ကြန်ဝမ်းစာရှာသူများ


သင်္ကြန်ကာလလို အများ ပြည်သူများ အေးအေးချမ်းချမ်း ပျော်ရွှင်စွာ နှစ်သစ်ကူးကြမည့် အချိန်အခါတွင်  အများနည်းတူ မပျော်ရွှင်နိုင်အားဘဲ နေ့စဉ်စား ဝတ်နေရေးအတွက် ရုန်းကန် လှုပ်ရှားအလုပ်လုပ်ကြရမည့် ကလေးငယ်များ၊ လက်လုပ် လက်စားဈေးသည်များနှင့် နိုင်ငံတာဝန် ချိန်ခါမပြတ်ထမ်း ရွက်ကြသော နိုင်ငံ့ဝန်ထမ်းများ က ယခုနှစ် သင်္ကြန်နေ့ရက်များ ကို မိမိတို့နှင့်ဆိုင်ရာအလုပ်များ လုပ်ကိုင်ရင်းဖြတ်သန်းကြရ မည်ဖြစ်သည်။နေ့စဉ်လမ်းမ ပေါ်၌ ဘိလပ်မြေအိတ်ခွံလေး များကိုင်ကာ ပလတ်စတစ်၊ ကော် အပိုင်းအစ၊ရေသန့်ဘူးခွံ၊ ဘီယာ ဘူးခွံ၊ အရက်ပုလင်း စသည်တို့ ကို လိုက်ကောက်နေကြရသော ကလေးငယ်တစ်စုကို တွေ့ရှိ သောကြောင့် မေးမြန်းကြည့် ရာ…

“သားတို့က မြို့ထဲက မဟုတ်ဘူး။ ဟိုးတောင် ဒဂုံက နေလာတာ။ အကုန်လုံးက တစ် ရပ်ကွက်တည်းကပဲ။ အဲဒီလို နေ့တိုင်းလမ်းပေါ်မှာ လျှောက် သွားနေရတာပျော်တယ်။ ည နေပြန်ရင်လည်း ရထားစီးပြီး ပြန်တယ်။သင်္ကြန်လား။ သင်္ကြန် ရောက်ရင် ရေသန့်ဘူးတို့၊ ဘီ ယာဘူးခွံတို့ လိုက်ကောက်မှာ ပေါ့။ အဲဒါတွေက ပိုက်ဆံတွေ အများကြီးရတယ်။ မဏ္ဍပ် အောက်တွေမှာ လိုက်ကောက်ရတာ ပျော်စရာကြီး”ဟု မိမိတို့ လုပ်ကိုင်နေရသောအလုပ်ကို ပျော်စရာအလုပ်တစ်ခုအဖြစ် ထိုကလေးငယ်တို့၏ ဦးနှောက် ထဲတွင်စွဲထင်ရစ်နေပြီဖြစ်ကြောင်း သူတို့ပြောသောစကားက
သက် သေခံလျက်ရှိသည်။

ဗိုလ်ချုပ်လမ်းမပေါ်ရှိ အကြော်စုံ ရောင်းချလျက်ရှိ သော အမျိုးသမီးတစ်ဦးက သူ၏စားဝတ်နေရေး သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် သင်္ကြန် ကာလတွင်ဈေးရောင်းရမည့် အကြောင်းကိုလည်း…
“နှစ်တိုင်းတော့ထွက်ဖြစ်တယ်။ ဒီနှစ်တော့ ဘယ်လိုလာဦးမလဲ မသိဘူး။ အခြေအနေ သိပ် မကောင်းဘူးလို့ ပြောသံတွေကြား နေရတော့လေ။ ဒါပေမဲ့လည်း ဝမ်းရေးကရှိသေးတော့ ထွက် ဖြစ်မယ်ထင်တယ် “ဟု ပြောပြ သည်။၃၆လမ်းထိပ်ရှိ ကွမ်းယာ ရောင်းသူ ကိုဝကြီးကလည်း သင်္ကြန်အချိန်တွင် ဈေးရောင်း ရသည့် အတွေ့အကြုံကို ယခုလို ပြောပြခဲ့သည်။ “သင်္ကြန်မှာ ကွမ်းယာ ရောင်းလာတာ ဟိုး ၈၈အရေး အခင်းကတည်းကပဲ။ ဒီနှစ်လည်း ဆိုင်ထွက်ဖြစ်မယ်။ တအား ရောင်းရလားဆိုတော့ မရောင်း ရပါဘူး။ ပုံမှန်ပါပဲ။ သာမန်နေ့ တွေက ကိုယ့်ဖောက်သည်တွေ ရှိပြီးသား။ သင်္ကြန်ကျတော့ ပုံမှန် ဖောက်သည်တော့ မရှိဘူး ပေါ့။ တို့တွေက လက်လုပ်လက် စားတွေဆိုတော့ နေ့စဉ်ဝင်ငွေ ရှိမှ ဖြစ်မှာလေ” ဟု ပြောသည်။မိမိမှာ ပြည်သူ့ဝန်ထမ်း ဖြစ်သောကြောင့် မိမိတွင်လည်း တာဝန်ရှိကြောင်းကို မြူနီစပယ် အမျိုးသမီးဝန်ထမ်း မအေး ကြည်က သင်္ကြန်ကာလတွင် အခက်အခဲများရှိသော်လည်း အလုပ်လုပ်မည့်အကြောင်းကိုယခုလိုပြောပြခဲ့သည်။
“ကျွန်မတို့သင်္ကြန်မှာ အလုပ်က ဆင်းရမှာပဲ။ ဒါက တာဝန်ပဲလေ။ မဏ္ဍပ်တွေဘက် တော့မသွားရဘူး။ ကျွန်မက လမ်းမသန့်ရှင်းရေးပဲ တာဝန် ယူရတယ်။ အချိန်ပိုကြေးရယ်လို့ သီးသန့်ရ တာမျိုးမရှိပါဘူး။ ဗိုလ်တထောင်မှာတော့ သင်္ကြန် တွင်းနေဖို့ လိုင်းခန်းပေးထား တယ်”ဟု သင်္ကြန်တွင်း တာဝန် သိသိအလုပ်လုပ်မည့် အကြောင်း ပြောပြသည်။လက်ဖက်ရည်ဆိုင်တွင် စားပွဲထိုးလုပ်ကိုင်နေသော လူငယ်လေးတစ်ဦးကလည်း သင်္ကြန်အချိန်အခါတွင် လူ ငယ်ပီပီပျော်ချင်ပါးချင်သော် လည်း အလုပ်လုပ်ရဦးမည့်အ ကြောင်းကို ” သင်္ကြန်မှာ လျှောက်လည်ချင်တာ။ဒါပေမဲ့ ပိုက်ဆံ အခြေအနေကလည်း ရှိသေး တယ်လေ။မြို့ထဲကို သွားမယ်ဆို ရင် အနည်းဆုံး ၅ထောင်လောက် ရှိမှ စားနိုင်သောက်နိုင်မှာ။ ကျွန်တော်က တစ်လမှသုံး သောင်းတည်းရတာဆိုတော့ လည်ချင်ပေမယ့်လည်း မလည် နိုင်ပါဘူး။ အလုပ်လုပ်တာပဲ ကောင်းပါတယ်”ဟုဆိုပါသည်။မြောက်ဒဂုံ၊ ဆူးလေသို့ ပြေးဆွဲနေသော ၂၃၅ယာဉ် လိုင်းရှိ ယာဉ်နောက်လိုက်လူငယ် တစ်ဦးရဲ့ သင်္ကြန်ခံစားချက်က
” ဒီနှစ်သင်္ကြန်ကားပဲဆွဲ ဖြစ်မယ်။ ပျော်တော့ပျော်ချင် တာပေါ့။ဒါပေမဲ့ပိုက်ဆံမှ မရှိတာကိုး။ အိမ်မှာက အမေနဲ့ညီ လေးကရှိသေးတယ်။ ကားလိုက်ရင် မိသားစုဝင်ငွေ  မပူရတော့ ဘူးပေါ့”ကိုယ်ပျော်ချင်ပေမယ့် စား ဝတ်နေရေးကြောင့် မပျော်ရွှင် နိုင်ရသည့်ဘဝကို ပြောဖြစ်သည်။သင်္ကြန်မှာဝမ်းစာရှာဖွေ ရသည့် ကလေးငယ်များအကြောင်း ကို ဆရာမသန်းမြင့်အောင်က
” ဒီလို ဝမ်းစာရှာရတဲ့ ကလေးတွေအတွက်တစ်ခုခုတော့ လုပ်ပေးသင့်တယ်။ ဥပမာ Day Care စင်တာတို့လို ဖွင့်ပေးသင့် တယ်။ ဒီကလေးတွေက စားဝတ် နေရေးအတွက်  လမ်းပေါ်မှာ အလုပ်လုပ်နေရတော့ အသိ ဥာဏ်နိမ့်ပါးသွားမယ်။ ဒါကြောင့် ပရဟိတအဖွဲ့အစည်း တွေ၊ အသိဥာဏ်ရှိတဲ့ လူငယ်တွေက Day Care စင်တာတွေ ဖွင့်ပြီးတော့ လိမ္မာယဉ်ကျေးအောင၊် ပြည်သူ့နီတိတို့ကို နားလည် အောင် သင်ပေးသင့်ပါတယ်” ဟု ပြောသည်။သင်္ကြန်တွင် ကလေးငယ် များ သင်္ကြန်ဝမ်းစာရှာရခြင်း နှင့်ပတ်သက်ပြီး ဆောင်းပါးရေး သားဖူးသူ မိုးယံဇွန်က ယခုလို သုံးသပ်သည်။ ” မဏ္ဍပ်ဘေးတွေ၊ အောက် တွေမှာ အရက်ပု လင်းတို့၊ဘီယာ ဘူးခွံတို့ ရေသန့်ဘူးခွံတို့ လိုက် ကောက်တဲ့ ကလေးငယ်တွေတွေ့ရတာ စိတ်မကောင်းဘူး။  တခြား ကမ္ဘာလှည့်ခရီးသည် တွေလည်း ကျွန်တော်တို့ပွဲတော် မှာလာပြီး ပျော်တာမျိုး၊ ဖြတ်သွားဖြတ် လာမှတ်တမ်းမှတ်ရာ မျိုးပါသွား ရင် ကျွန်တော်ပွဲတော်အတွက် အမည်းစက်ဖြစ်တာပေါ့။  လူတိုင်းသားအဆင်ပြေ နေမယ် ဆိုရင် သူတို့လည်း ဒီအလုပ် လုပ်စရာအကြောင်းမရှိဘူးပေါ့ ” ဟု သင်္ကြန်ဝမ်းစာ ရှာဖွေကြသူ များအတွက် ဆုတောင်းစကား ပြောပေးခဲ့သည်။
နှစ်သစ်ကူးမည့် အတာ တန်ခူးတွင် ပျော်ရွှင်နိုင်ကြသူ များကလည်း  ငြိမ်းအေးစွာ ဖြတ်သန်းနိုင်ကြစေကြောင်းနှင့် သာမန်လက်လုပ်လက်စား ပြည် သူများအနေဖြင့်လည်း သင်္ကြန် ကာလအတွင်း ရုန်းကန်လှုပ်ရှား ကာ ဝမ်းစာရှာဖွေရင်း မင်္ဂလာပြည့် စုံခြင်းနေ့ရက်များ အဖြစ်ပိုင် ဆိုင်ဖြတ်ကျော်လှမ်းသိနိုင်ကြစေ ကြောင်း ဆုတောင်းရင်းနှင့် မကြာမီလာတော့ မည့် သင်္ကြန်ကို မျှော်တွေးကြည့်မိပါတော့၏။

 မျိုးမောင်

popular myanmar.com မှ သိသမျှ ။

No comments:

Post a Comment