Thursday 4 April 2013

မြန်မာ့ရိုးရာသင်္ကြန်ကို ပြည်သူတို့ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါ့မလား



မြို့နယ်၁၅မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေနဲ့အကြမ်းဖက်မှုတွေ ကြောင့်မကြာခင်မှာ ရောက်လာတော့
မယ့် မြန်မာနိုင်ငံရဲ့ အစည်ကားဆုံး မြန်မာ့ ရိုးရာသင်္ကြန်ပွဲတော်ကို အေးချမ်းစွာ ကျင်းပနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိနေကြတယ်လို့ ပြည်သူတွေက ပြောပါတယ်။
ကမာရွတ်မြို့နယ်မှာ နေထိုင်တဲ့ ကလေးသုံးယောက်မိခင် ဒေါ်ခင်အေးက “ဒီနှစ် ကလေးတွေကို ဘယ်မှမသွားခိုင်းဘူး၊ မှော်ဘီက အဘွားအိမ်မှာ သွားနေ မယ်၊ တိုင်းရေးပြည်ရေး အခြေအနေ မတည်ငြိမ်တော့ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းနေတာ ကောင်းမယ်”လို့ ပြောပါ တယ်။
သင်္ကြန်ပွဲတော် ကျင်းပနေချိန်အတွင်း ပဋိပက္ခဖြစ်ပွားပြီး အုပ်စုဖွဲ့ရိုက်နှက်မှုတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေ၊ ပစ္စည်းဖျက်ဆီးတာတွေ၊ အကြမ်းဖက်တာတွေ အပြင် အက်စစ်နဲ့ ပက်ကြလိမ့်မယ်ဆိုတဲ့ ကောလာဟလသတင်းတွေလည်း ပြည်သူတွေကြားမှာ ပျံ့နှံ့နေပါတယ်။
“သင်္ကြန်မှာ လူကြီးလူငယ်မရွေး သောက်စားထားပြီး ပျော်ရွှင်နေကြတာ၊ ဒီအချိန်တစ်ခုခုဖြစ်ရင် ထိန်းနိုင်မှာ မဟုတ်ဘူး”လို့ သုခလမ်းသွယ် (၂) မှာ နေထိုင်တဲ့ ဒေါ်မေဝင်းက ပြောပါတယ်။
မိတ္ထီလာမြို့ ရွှေဆိုင်မှစလိုက်တဲ့ ပဋိပက္ခဟာ လက်ရှိအချိန်မှာ မတ်လ ၂၀ ရက် နေ့ကနေ မတ်လ ၂၉ ရက်နေ့အထိ မြို့နယ် ၁၅ ခုထိ ပျံ့နှံ့သွားကာ အကြမ်းဖက်မှု ပေါင်း ၁၆၃ ကြိမ်၊ သေဆုံးသူ ၄၃ ဦး၊ ဒဏ် ရာရရှိသူ ၈၆ ဦး၊ အဆောက်အအုံ ၁၃၅၅ လုံး၊ ယာဉ်မျိုးစုံ ၂၉ စီး ပျက်စီးဆုံးရှုံးခဲ့ရပါ တယ်။ လူဦးရေ ၁၁,၃၇၆ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ပြစ်မှုကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးထားပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားပါတယ်။
မြို့နယ်အချို့မှာ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပေမဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် အများပြည်သူတွေ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
 

ဒေါ်မေဝင်းက “သင်္ကြန်မှာ အခွင့်ကောင်းယူနိုင်ပါတယ်၊ မြန်မာဗုဒ္ဓဘာသာတွေရဲ့ နှစ်ကူးလဲဖြစ်လို့ အေးအေးချမ်းချမ်း နဲ့ ပြဿနာမရှိဘဲ ဖြတ်သန်းချင်ပါတယ်၊ နှစ်ကူးမှာ အနိဋ္ဌာရုံတွေနဲ့ ဖြတ်သန်းရရင် ကျွန်မတို့အတွက် တစ်နှစ်လုံးမှာ အဆင်မပြေဘူးဆိုတဲ့ အယူအဆလဲ ရှိတယ်၊ အိမ်က သားကိုတော့ သင်္ကြန်တွင်းမှာ
အပြင်မထွက်ဖို့ တင်းတင်းကျပ်ကျပ် ပြောထားတယ်”လို့ ပြောပါတယ်။
ပြည်ထဲ ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ အများပြည်သူရဲ့ အသက်အိုးအိမ်ကာကွယ်စောင့် ရှောက်ရေးအတွက် မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ဆောင်မှုတွေ၊ ဆူပူအကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေကို တည် ဆဲ ဥပဒေတွေနဲ့ ထိရောက်စွာ အရေးယူ သွားမယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။
မြို့နယ် အချို့မှာ ဖြစ်ပွားနေတဲ့ ပဋိ ပက္ခတွေကို သင်္ကြန်ပွဲတော်မတိုင်ခင်မှာ ငြိမ်းအေးသွားစေချင်တယ်လို့ ပြည်သူ အချို့က ပြောကြပါတယ်။
ကမာရွတ်မြို့နယ်မှာနေထိုင်တဲ့ ဆက်သွယ်ရေးဝန်ထမ်း (အငြိမ်းစား)ဦးကျော်က “သင်္ကြန်ကအရေးကြီးဆုံးလေ၊ အဲဒီအချိန်မှာ အနှောင့်အယှက်ပေါ်လာမယ်ဆိုတာ မပြောနိုင်ဘူး၊ အခုဖြစ်နေတာ ခုချိန်မှာ ရပ်သွားရင် သင်္ကြန်ကျရင်ပိုပြီး ထိန်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်၊ တကယ်လို့ မရပ် ဘဲ ဆက်ဖြစ်နေမယ်၊ သင်္ကြန်ကာလ ရောက်တဲ့အထိ ဟိုနေရာ ဒီနေရာဖြစ်နေမယ်ဆိုရင် ဘယ်သူမှ အပြင်ထွက်ရဲမှာ မဟုတ်ဘူး၊ လူငယ်တွေကတော့ အပျော်အပါးမက်တယ်၊ လူကြီးတွေက ထိန်းပေးရမှာ”လို့ ပြောပါတယ်။
သင်္ကြန်ပွဲတော်ကာလက ဧပြီလ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ ကျရောက်မှာ ဖြစ်ပြီး လက်ရှိအချိန်မှာ ရန်ကုန်မြို့ကို ပဋိပက္ခတွေ မကူးစက်စေဖို့ ဘာသာရေးခေါင်းဆောင်တွေ စုပေါင်းပြီး ဆုတောင်းပွဲတွေ လုပ်နေသလို ဘာသာရေး ခေါင်းဆောင်တွေက အဓိကရုဏ်းတွေ မဖြစ်စေဖို့အတွက် အချင်းချင်းပြောဆိုမှုတွေ၊ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေကြပါတယ်။ လက်ရှိဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ အကြမ်းဖက်မှုတွေ ပါဝင်ခဲ့ပြီး ကြိုတင် သွေး ထိုးလှုံ့ဆော်မှုတွေ ရှိခဲ့သလို နောက်ကွယ် မှာ ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေ ရှိ တယ်လို့လည်း ကောလာဟလသတင်းတွေ ပျံ့နှံ့ခဲ့ပါတယ်။
ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း)က “ဘာသာရေးကို အကြောင်းပြခဲ့ရင် တောင် ဗုဒ္ဓဘာသာတိုးတက်ဖို့အတွက် ကိုယ့်ဘာသာကိုယ် တိုးတက်အောင် လုပ်ရမယ်၊ သူ များဗလီကိုဖျက်တာ ကိုယ့်ဘာသာ မတိုးတက်ဘူး၊ မလုပ်သင့်ဘူး၊ နိုင်ငံတော်နေနဲ့ သိကªာကျတယ်၊ ရန်ကုန်က လူတွေပါ အခုဆိုရင် ကျီးလန့်စာစားဖြစ်ပြီး မလုံမခြုံခံစား ရတယ်၊ဥပဒေနဲ့မညီတဲ့ ကိစ္စတွေကို အရေးယူဖို့ အဆောတလျင် လုပ်ရမယ်၊ တရား ဥပဒေစိုးမိုးရေးကို စိန် ခေါ်တဲ့ ကိစ္စတွေကို မြန်မြန်ဖြေရှင်းရမယ်”လို့ ပြောပါတယ်။
နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင် ခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာ သာဝင်တွေကြား ဘာသာရေးကို အကြောင်းပြပြီး အမုန်းတရားတွေ မကြီးထွားဖို့ ဘာသာရေးခေါင်းဆောင်တွေကလည်း လိုက်လံ ဖျောင်းဖျနေကြပါတယ်။
လှိုင်သာယာမှာနေထိုင်တဲ့ ဦးမျိုးချစ် က “ကျွန်တော်တို့က ကျွန်တော်တို့ ဘာသာရေး အဆောက်အအုံ ဖျက်ဆီးခံရမှာကိုပဲ စိုးရိမ်တာပါ၊ ကျွန်တော်တို့ဘက်က စပြီး ရန်ရှာတာလဲ မရှိပါဘူး၊ ကျွန်တော်တို့က အင်အားလဲ နည်းပါတယ်၊ ကျွန်တော်တို့ဘက်ကစပြီး အကြမ်းဖက်တာတွေ ဘာတွေ ဘယ်လိုမှ မလုပ်ပါဘူး၊ နယ်မြို့တွေမှာ ဖြစ်နေတာက လဲ ကျွန်တော်တို့နဲ့ ဘာသာရေးကို အကြောင်းပြပြီး လုပ်တယ်ဆိုရင် တကယ်က ကျွန်တော်တို့ လူမျိုးတွေ မဟုတ်ပါဘူး”လို့ ပြောပါတယ်။
ယခုနှစ် ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ်လမ်းမှာ သင်္ကြန်မဏ္ဍပ် ၁၇ ခု၊ ပါရမီလမ်းမှာ သင်္ကြန်မဏ္ဍပ် သုံးခု၊ ဆရာစံလမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းမှာ သင်္ကြန် မဏ္ဍပ် ၁၀ ခု နဲ့ သီးခြားနေရာတွေမှာ သင်္ကြန်မဏ္ဍပ် ရှစ်ခု ဆောက်လုပ်ခွင့်ပြုထားပါတယ်။
“ဒီနှစ်သင်္ကြန်မဏ္ဍပ်တွေမှာ လုံခြုံရေး တိုးမြှင့်ထားပြီး စီစီတီဗီ ကင်မရာတွေ မဖြစ်မနေ တပ်ဆင်ရမယ့် စည်းကမ်းချက်ပါလာတယ်”လို့ Winning Security ကုမ္ဗဏီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်က ပြောပါတယ်။
သင်္ကြန်မဏ္ဍပ်တွေမှာ လုံခြုံရေးပိုတိုး မြှင့်ထားဖို့နဲ့ ကြက်ခြေနီ၊ မီးသတ်စတဲ့ အကူအညီတွေ တိုးမြှင့်ချထားပေးဖို့ လိုအပ်တယ်လို့ ဒေါ်စုစုလှိုင်က ဆက်ပြောပါ တယ်။
ဒေါ်စုစုလှိုင်က “အငြင်းပွားဖွယ်ကိစ္စတွေဆိုရင် စီစီတီဗီက ကြည့်လိုက်ရင် record ရှိတော့ တရားဥပဒေစိုးမိုးရေး အတွက် အလုပ်လုပ်နိုင်မယ်လို့ ယူဆပါတယ်၊ စီစီတီဗီ မှတ်တမ်း daily record ကိုလဲ နေ့စဉ်ပို့ပေးရမယ်ဆိုတော့ ပိုပြီး ကောင်းပါတယ်”လို့ ပြောပါတယ်။
ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ယခုနှစ် သင်္ကြန်မှာ စည်ကားမှုမရှိ ခြောက်ကပ်နေမယ်လို့ ပြည်သူအချို့က ပြောဆို နေကြပါတယ်။
လှိုင်သာယာမြို့နယ် ၁/ ၁၃ ရပ်ကွက် ဗိုလ်စိန်မှန်လမ်းမှာနေထိုင်တဲ့ ဒေါ်နုနုက “သင်္ကြန်လည်တာ ၁၆ နှစ်ရှိပြီ၊ ဒီနှစ် သင်္ကြန် မလည်တော့ဘူး၊ ဒီနှစ်တော့ ကြောက်လို့ နားမယ်”လို့ ဆိုပါတယ်။
နိုင်ငံတော်သမµတက မတ်လ ၂၈ ရက် နေ့က နိုင်ငံပိုင် မီဒီယာတွေကနေတစ်ဆင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ် လုံခြုံရေး ကို ထိပါးတဲ့ လုပ်ရပ်မှန်သမျှကို လက်မခံ ဘဲ လိုအပ်ရင် အင်အားသုံးပြီး ထိထိ ရောက်ရောက် တားဆီးနှိမ်နင်းသွားမှာဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးမှာ အဓိက တာဝန်ရှိနေတဲ့ ရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့ အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ကြဖို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါ တယ်။

 နန်းလွင်၊ ချောစုလှိုင်


aye chan mon facebook မှ သိသမျ ။


No comments:

Post a Comment