Thursday 4 April 2013

မြန်မာ့သင်္ကြန်မှာ နိုင်ငံတကာသံစဉ်တွေ နေရာယူလာမှုနဲ့ မြန်မာဒီဂျေ သံစဉ်တွေရဲ့ အခန်းကဏ္ဍ


မြန်မာလူမျိုးတို့ရဲ့ ရင်ထဲမှာ နွေဦးရဲ့ ရင်ခုန်ဖွယ် ဂီတ အနုပညာရပ် ရသတွေကို နှစ်စဉ် ကြားရမြဲ သင်္ကြန်သီချင်း တွေဖြစ်တဲ့ မြနန္ဒာ၊ တူးပို့တူးပို့၊ နွေမ စတဲ့သီချင်းတွေက ပေးစွမ်းစေပါတယ်။ ဒါ့အပြင် မြန်မာလူမျိုးတို့ရဲ့ အမွန်မြတ်ဆုံး ရိုးရာဓလေ့ ပွဲတော်ကြီးဖြစ်တဲ့ သင်္ကြန်အချိန်ခါရောက်ချိန်တိုင်းမှာ လူကြီးလူငယ် အရွယ်စုံက ခေတ်ပြိုင် ကမ္ဘာကြီးထဲက ဒစ္စကိုတေးသွား တွေနဲ့ မဏ္ဍပ်တိုင်းမှာ ကိုယ်စီအပျော်တွေနဲ့ မြူးထူးခုန်ပေါက် ကခုန်နေကြလေ့ရှိပါတယ်။ ပြည်ပက ဒစ္စကို မြူးဇစ်တေးသံတွေ သာ နှစ်စဉ် နှစ်တိုင်း ကြားနေရပြီး မြန်မာ့ ရိုးရာဂီတနဲ့ ရောစပ် ဖန်တီးထားတဲ့ မြန်မာ ဒီဂျေသီချင်းသံတွေ ဒီ့ထက်ပိုကြားရဖို့လည်း မျှော်လင့်နေကြပါတယ်။ ထုတ်လုပ်မှုအရေ အတွက် နည်းတဲ့ မြန်မာဒီဂျေသီချင်းတွေ ရဲ့ အနေအထားနဲ့ပတ်သက်လို့ အနုပညာရှင်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

အနဂ္ဂ
”အဓိက ပြောရမယ်ဆိုရင် ဂလိုဘယ်လိုက်ဇေရှင်းကနေရလာတဲ့ ရလဒ်ပေါ့။ အဓိက ဒီဟာတွေက လွှမ်းမိုးသွားတယ်။ လွှမ်းမိုးသွားတဲ့အချိန်မှာ ကျွန်တော်တို့တွေရဲ့ ဈေးကွက်လွှမ်းမိုးမှု နှုန်းကလည်း အားလျော့တာကလည်း တစ်ပိုင်း၊ နောက်တစ်ခုက ကိုယ့်ပင်ကိုယ်ဂီတအမျိုးအစားတွေက သင်္ကြန်မှာ ထွက်တဲ့ဟာ တွေကလည်း ပုံစံအနေအထားအရ လူငယ်တွေအနေနဲ့ ဒါကိုလက်ခံလို့မရတဲ့ ပုံစံမျိုးလေးတွေ အချို့မှာဖြစ်နေတဲ့ အပိုင်းလေးတွေရှိတယ်။တ ချို့ကြတော့လည်း ဒီဟာတွေက လူကြီးတွေနားထောင်တာ သိပ်ပြီးသူတို့နဲ့ မကိုက်ဘူး။ ဒီဘက် အင်တာနက်ခေတ်နဲ့ နေနေကြတယ်။ ပြီးတော့ ကမ္ဘာမှာ ဖွင့်တဲ့သီချင်းတွေကို ရနေပြီဆိုတော့ ဒါကတော့ ကျွန်တော်ထင်တယ်။ ယဉ်ကျေးမှုတစ်ခုနဲ့တစ်ခု စီးမျောနေတဲ့အချိန် စီးမျောနေတယ်လို့ ကျွန်တော်မြင်တယ်။ သင်္ကြန်မှာ မြန်မာသီချင်းတွေ သိပ်မဖွင့်ကြဘူးဆိုတာ သီချင်းတွေရဲ့ မြူးကြွမှုနှုန်းပေါ့။ မြူးကြွမှုနှုန်းက နိုင်ငံခြားသီချင်းတွေလိုမျိုး ကိုယ့်ရဲ့ သီချင်းတွေမှာလည်း မြူးကြွမှု နှုန်းပုံစံမျိုး မရှိပေမယ့်လည်း အဲဒီလို အသစ် မထွက်လာနိုင်တာရော၊ ပြီးတော့ အဟောင်းကိုရော သေသေချာချာမသိရတာရောပါတာပေါ့။ အဓိကလွှမ်းမိုးမှုဖြစ်နေတာကတော့
သင်္ကြန်သီချင်းတွေပဲဖြစ်ဖြစ်၊ သင်္ကြန် သီချင်းမဟုတ်တာရော လွှမ်းမိုးမှုက မျိုးစုံဖြစ်နေတာပါ။ သီချင်းတစ်ပုဒ်ကို ဘယ်လိုလုပ်လိုက်ရင် လူတွေကြိုက်မလဲဆိုတာနဲ့လည်း အများကြီးဆိုင်တယ်။ ကိုယ့်သီချင်း တွေ နေရာပြန်ရဖို့ဆိုတာ သေချာပြန်ကြိုးစားရမယ်။ ဒါပေမဲ့ တိုင်းပြည်တစ်ပြည်လုံး အနေအထားမှာတော့ ဒါဟာ ပျောက်နေမှာ မဟုတ်ဘူး။”

ရန်ရန်ချန်း
”ကျွန်တော်ထင်တာကတော့ တစ်ကမ္ဘာလုံးက တစ်ခုနဲ့တစ်ခု ချိတ်ဆက်မိတဲ့အခါကျတော့ သင်္ကြန်ဆိုတာ ပျော်ပွဲရွှင်ပွဲပေါ့။အဲဒီတော့ အပျော်ချင်း အပျော်ချင်း လာကပ်ကြ တဲ့သဘောပါ။ ဟိုက ပျော်ပွဲရွှင်ပွဲမှာ ဖွင့်ကြတဲ့သီချင်းနဲ့ ဒီမှာဖွင့်တဲ့သီချင်းတူသွားကြတာပါ။စိတ်ထဲမှာတော့ သင်္ကြန်သီချင်းတွေက ရှိကြပါတယ်။ ဥပမာ အခု dub step တွေ ခေတ်စားလာကြပေမယ့် ဒီအသံကြီးကြားလိုက်လို့ သင်္ကြန်ကို သတိမရဘူး။ကဲနေကြတဲ့ အချိန်မှာသာ dub step တွေဖွင့်ရင် ဖွင့်မယ်။ဒါပေမဲ့ သင်္ကြန် မတိုင်ခင် လေးမှာ တူးပို့တူးပို့တို့၊ မြနန္ဒာတို့ အဲဒါတွေကြားမှ သင်္ကြန်ကို သတိရကြတာပါ။ အဲဒါ လူတိုင်းပါပဲ။ မြန်မာသီချင်းဒီဂျေတွေ သိပ်မဖွင့်ကြဘူးဆိုတာကလည်း ဖွင့်ပေမယ့် နည်းသေးလို့ ဖြစ်မှာပါ။အခုဆိုရင် ကိုမျိုးမျိုးတို့လုပ်ထားတဲ့ EDM 2013 ဆိုလည်းတော်တော် မိုက်တယ်။အရေအတွက် နည်းနေသေးလို့ပါ။ နိုင်ငံခြားက သီချင်း ကတော့ အရေအတွက်လည်းများပြီး အုံလိုက်ကျင်းလိုက် ဝင်လာတဲ့အတွက်လည်းဖြစ်မှာပါ။ ဒါပေမဲ့ ကျိန်းသေတာကတော့ မြန်မာသင်္ကြန်သီချင်းတွေက ဘယ်သူ့ ရင်ဘတ်ထဲကမှ ပျောက်မသွားပါဘူး။ဒါပေမဲ့ ခုန်ပေါက်ပြီး ရေပက်ကြတဲ့ မဏ္ဍပ်ကြီးမှာ ခေတ်အရ ဒီသင်္ကြန်သီချင်းတွေနဲ့ ကမယ်ဆိုလည်း သီချင်းကို စော်ကားသလို ဖြစ်မှာစိုးလို့ ဖြစ်မှာပါ။ သင်္ကြန်သီချင်းတွေကတော့ ဘယ်တော့မှ ကွယ်ပျောက်သွားမှာ မဟုတ်ပါဘူး။”

စန္ဒီမြင့်လွင်
”Grand Royal မဏ္ဍပ်မှာပဲ ရှိမှာပါ။ သင်္ကြန်မဏ္ဍပ်တော်တော်များများမှာ မြန်မာသီချင်းထက် အင်္ဂလိပ်သီချင်းတွေ ဖွင့်တာပိုများတာက အခုမှမဟုတ်ပါဘူး။ ဟိုးအရင် ကတည်းက သင်္ကြန်ဆိုရင် မြူးတဲ့ အင်္ဂလိပ်သီချင်းတွေပဲဖွင့်ကြတာများတယ်။ ဒီးဒီတို့ ငယ်ငယ်တုန်းက အုန်းလက်မဏ္ဍပ်လေးဆောက်ပြီး သင်္ကြန် ကစားကတည်းက နားထောင်ခဲ့ရတာပါ။ မြန်မာဒီဂျေသီချင်းကောင်းကောင်းတွေရှိပေမယ့် သိပ်မဖွင့်ဖြစ်ဘဲ အင်္ဂလိပ်သီချင်းတွေဖွင့်ဖြစ်တာက မဏ္ဍပ်တွေက ဒီဂျေသမားတေ သူတို့ အဆင်ပြေတာ ဖွင့်ဖြစ်ကြတာလို့ထင်တယ်။ အင်္ဂလိပ်သီချင်းတွေက ပိုမြူးတော့ လူငယ်တွေနဲ့လိုက်တဲ့ ပုံစံဖြစ်နေ တယ်။ ဒါပေမဲ့ မြန်မာတွေရဲ့ သင်္ကြန်မှာ မြန်မာ သီချင်းတွေပဲ ဖွင့်သင့်ပါတယ်။ မြန်မာသီချင်းတွေထဲမှာ အဆင့်အတန်းမီတဲ့ သီချင်းတွေ အများကြီးရှိတဲ့အတွက် မြန်မာသီချင်းတွေ လို့ထင်ပါတယ်”

ဥက္ကာဦးသာ
“ဒီနှစ်တော့ မြန်မာဒီဂျေသီ ချင်းတွေ၊ ဒန့်စ်မြူးဇစ်တွေ ဖွင့်မယ် လို့ မျှော်လင့်ပါတယ်။ နိုင်ငံခြား မြူးဇစ်တွေကတော့ သူ့အထိုက် အလျောက်သူ့ဟာနဲ့သူတော့ ဖွင့်ကြ မှာပဲ။မြန်မာသီချင်းတွေကတော့ ဒန့်စ်မြူးဇစ်တွေသိပ်မရှိတဲ့အတွက် ဖွင့်တာကတော့ နည်းမှာပဲ။ မြန်မာဒန့်စ်သီချင်းတွေက ကွာခြားတာကတော့ မရှိပါဘူး။ အခုဒီဒန့်စ်မြူးဇစ် ကို လုပ်နေတဲ့လူငယ်တွေလည်း တော်တော်လေးကို အဆင့်အတန်းရှိပါတယ်။ နိုင်ငံခြားနဲ့ယှဉ်လို့ရလား၊ မရလားဆိုတာ EDM 2013 ကို နားထောင်လိုက်ရင် သိပါလိမ့် မယ်။ ဒါပေမဲ့ ဒန့်စ်မြူးဇစ်က ဒီမှာ သိပ်ခေတ်မစား သေးတော့ တခြားနိုင်ငံ၊ ဘယ်နိုင်ငံ ကပေါက်ပေါက် ဒီမှာဖွင့်ကြမှာပဲ။ ဥပမာ-ကိုရီးယားက ဂန်နမ်စတိုင် လိုမျိုးပေါ့။Club မြူးဇစ်၊ ဒန့်စ်မြူးဇစ်ဆိုတာက သူ့ လိုင်းနဲ့သူ သတ်သတ်ပဲ လေ။ မြန်မာပြည်က ဒီလိုင်းတွေနည်း တာကို ကျွန်တော်တို့ဆိုလည်းမထွက် နိုင်တော့ဘူး။ အဲဒီလိုမျိုး ပြဿနာရှိ တော့ သင်္ကြန်မှာပျော်ချင်၊ ပါးချင်တဲ့ ဒီခေတ်လူငယ်တွေအနေနဲ့ မြူးတဲ့သီချင်းကို ဖွင့် မှာပဲ။ ဂန်နမ်သီ ချင်းဆိုလည်း ဖွင့်မှာပဲ။ လေးဖြူသီ ချင်းဆို လည်းဖွင့်မှာပဲ။ ဒီမှာက ဒန့်စ်မြူးဇစ်တွေကို တစ် နှစ်ပတ်လုံး ပေါက်ခဲ့မယ်ဆိုရင် မြန်မာသီချင်းတွေကို သင်္ကြန်မှာ ဖွင့်ကြမယ်လို့ ထင်ပါတယ်။ အခု EDM 2013 ကို နားထောင်ကြည့်လိုက်ပါ။ ဒန့်စ်မြူးဇစ်အတွက်ကိုRemix ပြန်လုပ်ထားတာ မဟုတ်ဘူး။ အဲဒီအတွက် ၁၂ ရာသီလုံး နားထောင်လို့ရမယ့် အခွေပါ။ ဒီလိုမျိုး အခွေလေးတွေ များနေမယ်ဆိုလို့ရှိရင် အဆင်ပြေတာပေါ့။ နောက်ပိုင်း သင်္ကြန်တွေမှာ မြန်မာဒီဂျေသီချင်းတွေ ထွန်းကားလာဦးမယ်လို့ ထင်ပါတယ်။ တိုင်းပြည် အနေအထားအရရော၊ ဈေးကွက် အနေအထား အရရော ထုတ်လို့ မရသေးတဲ့ အခြေအနေ တွေကြောင့် ဒန့်စ်မြူးဇစ်တွေက သိပ်မထွန်းကားသေးတာပါ”

သားစိုး
“ကျွန်တော်တို့လိုနေသေးလို့ ပဲ ပြောရမှာပေါ့။ ကျွန်တော်တို့ ကြိုးစားရမှာပါ။ လူတိုင်းကတော့ ကောင်းတဲ့ပစ္စည်းကိုပဲ သုံးချင်ကြမှာပါ။ ဒါပေမဲ့ အဲဒီလိုကောင်းတဲ့ ပစ္စည်း သုံးချင်ရင် တန်ရာတန်ကြေးတော့ ပေးရပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်စိတ်ကြိုက်ပါပဲ။ ကျွန်တော်တို့ သီချင်းတွေ မကောင်းရင် မရွေးဘူးပေါ့။ ကောင်းရင်တော့ ရွေးမှာပေါ့။ အဓိကကတော့ ကျွန် တော်တို့ညံ့လို့ပါ”

မျိုးမျိုး
“ဒီမှာကDJ သီချင်းဖွင့်တယ်ဆိုတာက ရှင်းရှင်းပြောရရင် စတီးကတည်းက ဖွင့်လို့သိပ်မရတဲ့ သီချင်းမျိုးဖြစ်နေလို့ပါ။ ကျွန်တော်ကတော့ ဟိုက သီချင်းတွေ နားထောင် နေကျ ဆိုတော့လေ။ ဒီဂျေဖွင့်ဖို့ဆိုတာက သူ့ဟာနဲ့သူ အဆက်အစပ်ရှိနေဖို့ လိုတာပေါ့။ ဥပမာအစပိုင်းမှာBeat အရှည်ကြီးပါရတာတို့၊ အင်ထ ရိုအရှည်ကြီးပါရတာတို့ အဲဒီလိုမျိုး ကအစပေါ့။ ဒီမှာက အီလက်ထရော နစ်ကို လုပ်တာက တော်တော်နည်း နေသေးတယ်။ လုပ်တာနည်းနေတဲ့ အပြင် လုပ်တဲ့အထဲမှာမှ သေသေချာချာ နားလည်ပြီး လုပ်တဲ့သူနည်း နေသေးတယ်။ ကျွန်တော်တို့EDM 2013 အခွေထွက်ထားတယ်။ အဲဒီ သီချင်းတွေကတော့ မဏ္ဍပ်မှာဖွင့်လို့ ရတဲ့ သီချင်းတွေပါပဲ။ ဘာကြောင့်လဲ ဆိုတော့ Club Music တွေ၊ ဒီဂျေပိုင်းကို နားလည်တဲ့လူတွေပဲ လုပ်ထားကြတာဆိုတော့လေ။ အီလက်ထရောနစ်မြူးဇစ်ကို ဒီမှာကောင်းကောင်း မလုပ်နိုင်သေးပါဘူး။ အဲဒီအတွက်ကို ဒီဂျေတွေကလည်း ကောင်းကောင်း ဖွင့်ဖို့မလွယ်ဘူးလေ။ နိုင်ငံခြားဒီဂျေတွေ လွှမ်းမိုးတယ်လို့တော့ ကျွန်တော် လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာဒီဂျေသီချင်းတွေကို ဖွင့်တဲ့ မဏ္ဍပ်တွေလည်း ဖွင့်တာပဲလေ။ ပရိသတ် အပေါ်မှာ မူတည်တယ်လို့ပဲ မြင်ပါ တယ်။ ဥပမာ ဥက္ကာဦးသာ Remix ထွက်တုန်းကဆို အကုန်လုံး ဖွင့်ကြတာပဲလေ။ ထွက်တဲ့သီချင်းမရှိလို့ လည်းဖြစ်မယ်ထင်ပါတယ်။ သားစိုး သီချင်းတွေလည်း ဖွင့်တာပဲ။ ဒီမှာက တော့ ပေါက်ပြီးသား သီချင်းတွေ Dance Beat လိုက်လုပ်တာ ၉၉ရာ ခိုင်နှုန်းလောက်ရှိတယ်။ အဲဒီလို လုပ်တဲ့ အတွက် ဖွင့်တဲ့ ဒီဂျေတွေက ရှင်းရှင်းပြောရရင် စိတ်ထဲမှာ တစ်မျိုး ဖြစ်တာလည်း ပါပါတယ်။ နောက်တစ်ခုက သီချင်းတစ်ပုဒ်ရေးတာက အစ၊ သွင်းတဲ့နေရာကအစ Dance Music နဲ့ သမားရိုးကျရေး တဲ့သီချင်းနဲ့က မတူပါဘူး။ ဟော်လို ဂစ်တာလေးနဲ့ ရေးတဲ့ သီချင်းမဟုတ်ဘူးလေ။ ကွန်ပျူတာပေါ်မှာ ရေးရတာဆိုတော့ အဲဒီအတွက်ကို လေ့လာလိုက်စား နားထောင်ပြီး ကိုယ်တိုင်လည်း ကြိုက်မှ ရမယ်လို့ထင်ပါ တယ်။ ဒီနှစ်သင်္ကြန်ကတော့ ဒီဂျေမြူးဇစ်ကို သိပ်ပြီးလုပ်တဲ့သူမရှိဘူးလို့ မြင်ပါတယ်။ ကျွန်တော်တို့လုပ်ထားတဲ့ အခွေလေးလောက်ပါပဲ။ ကျန်တာကတော့ ကျွန်တော်သိပ် မကြားမိပါဘူး”

ပေါ်ပြူလာအဖွဲ့ မှ သိသမျှ ။


No comments:

Post a Comment