Wednesday 24 April 2013

International Crisis Group မှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ငြိမ်းချမ်းရေး ဆုချီးမြှင့်


Internatinal Crisis Group မှ ငြိမ်းချမ်းရေးဆုချီးမြှင့်ပွဲကိုဧပြီလ ၂၂ ရက် ညနေ ၅ နာရီတွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ The Pierre Hotel ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဘရာဇီး နိုင်ငံသမ္မတဟောင်း မစ္စတာလူးဝစ်လူးလားတို့က လက်ခံရရှိခဲ့ကြသည်။

အခမ်းအနားတွင် ICG ဥက္ကဋ္ဌ Mr. Thomas R.Pickering နှင့် Fiore Financial Corporation မှ President & CEO Mr. Frank Giustra တို့က တက်ရောက်လာကြသူများအား ကြိုဆိုကြပြီး ဆုတောင်းပတ္ထနာပြုကြသည်။

ထို့နောက် ည ၇ နာရီခွဲတွင် ဆုပေးပွဲနှင့် ညစာစားပွဲ အခမ်းအနားကို ကျင်းပရာ International Crisis Group ၏ We are the International Crisis Group video clip ကို ပြသသည်။ ထို့နောက် ICG President & CEO ; Luise Arbour နှင့် အခမ်းအနားမှူး BBC World news America မှ Katty Kay တို့ က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ Soros Fund Management LC ဥက္ကဋ္ဌ Mr. George Soros က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အတွက် ဆုပေးအပ်ကြောင်း ကြေညာသည်။ ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ နိုင်ငံအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ဗီဒီယို clip ပြသသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ နှုတ်ခွန်းဆက် ကျေးဇူးတင်ရှိကြောင်း မိန့်ခွန်းဗီဒီယိုကို ပြသပြီး နိုင်ငံတော်သမ္မတကိုယ်စား သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးဆုအား လက်ခံရယူကာ

ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။

ICG က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဆုချီးမြှင့်ရခြင်းနှင့်ပတ်သက်ပြီး ၂၀၁၁ ခုနှစ် မတ်လက သမ္မတရာထူးကို လက်ခံ ရရှိပြီးနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြောင်မြောက်သော ပြုပြင်ပြောင်းလဲရေး အစီအမံများကို ချမှတ်ကာ နိုင်ငံအတွက် သမိုင်းဝင်စေမည့် အသွင်ကူးပြောင်းရေး လုပ်ငန်းများကို ဦးစီးဦးဆောင်ပြုခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ ဦးဆောင်မှုအောက်တွင် အတိုက်အခံ နိုင်ငံရေး အင်အားစုများနှင့် ဆက်ဆံရေး တိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ အတိတ်က ဖိနှိပ်သည့် ဥပဒေများကို ဖျက်သိမ်းပေးခဲ့ကြောင်း၊ ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းပဋိပက္ခ ချုပ်ငြိမ်းရေး ဆောင်ရွက်ရာတွင် အောင်မြင်မှု အများအပြားရရှိပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှလွဲ၍ ကျန်အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ အတိတ်ကာလ အမွေဖြစ်သော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရဦးမည် ဖြစ်ကြောင်း၊ ယင်းစိန်ခေါ်မှုများမှာ ဒေသတိုင်း၌ ရေရှည် တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ တိုင်းရင်းသား လူမျိုးစုများအပေါ် ခွဲခြားမှု ပပျောက်ရေး၊ နှစ်ပေါင်းများစွာ အထီးကျန် နေထိုင်ခဲ့ပြီးနောက် နိုင်ငံတကာသို့ မြန်မာနိုင်ငံ၏ ပွင့်လင်းမှုနှင့်အတူ ထွက်ပေါ်လာသော အကျိုးအမြတ် များကို နိုင်ငံသားတိုင်း ခံစားရရှိနိုင်စေရေး စသည်တို့ပင် ဖြစ်ကြောင်းစသည်ဖြင့် ဖော်ပြခဲ့သည်။


myawady news မှ သိသမျှ ။

No comments:

Post a Comment