Tuesday 23 April 2013

ကျွန်တော်နဲ့ မလိုက်ဖက်ဘူးထင်လို့ Show တွေမလျှောက်ဖို့ ဆုံးဖြတ်လိုက်ပြီ – ဉာဏ်လင်းအောင်


အိန်ဂျယ်တွေ စောင့်ရှောက်တဲ့အချစ် ကိုယ်ပိုင်သံစဉ်စီးရီးကို မတ်လ(၁၀)ရက် နေ့လယ်(၃)နာရီ တော်ဝင်စင်တာမှာ The Sun Music က ဖြန့်ချိခဲ့ပါတယ်။ အိန်ဂျယ်တွေ စောင့်ရှောက်တဲ့အချစ် စီးရီးမှာR ဇာနည်၊ ဇော်ပိုင်၊ L လွန်းဝါ၊ ဉာဏ်လင်းအောင်၊ ထွန်းအိန္ဒြာဗိုလ်၊ တင်ဇာမော်၊ ရေဗက္ကာဝင်း၊ L ဆိုင်းဇီ၊ ဖြူဖြူကျော်သိန်း၊ ဝိုင်းစုခိုင်သိန်း၊ ချမ်းချမ်းတို့က ပါဝင်သီဆိုထားကြပါတယ်။ Metal Zone Band နဲ့ တီးခတ်ထားပြီး ကေအေတီ၊ ဇဝါ၊ စံပီးတို့ ရေးထားတဲ့ ကိုယ်ပိုင်သံစဉ် သီချင်းများ ဖြစ်ပါတယ်။ တေးရေး၊ တေးဆို၊ တီးဝိုင်း၊ ပါဝင်သူအားလုံး တက်တက်ကြွကြွ ပင်ပင်ပန်းပန်းနဲ့ အားထုတ်မှုအများဆုံး စိုက်ထုတ်ထားကာ ကိုယ်ပိုင်သံစဉ်မို့ ပိုကြိုးစားရတယ်လို့ တေးရေးကေအေတီက ဆိုပါတယ်။ ဆိုလွယ်တေးတွေ အရမ်းအောင်မြင်နေတဲ့အချိန်မှာ အိန်ဂျယ်တွေ စောင့်ရှောက်တဲ့အချစ်က သေချာပေါက် အရည်အသွေးမီ ပြည့်စုံတဲ့ကိုယ်ပိုင်သံစဉ်သီချင်းတွေ ဖြစ်တယ်လို့ စာနယ်ဇင်းမိတ်ဆက်ပွဲနေ့က အမှတ်တရစကား ပြောခဲ့ပါတယ်။ အဲဒီခွေမှာ ပါဝင်သီဆိုထားတဲ့ ဉာဏ်လင်းအောင်ကို ခဏတာမေးဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ သူစိမ်းလူအခွေကို သေချာလေး နားထောင်ပေးပါလို့ ပရိသတ်ကို တောင်းဆိုထားပါတယ်။

Q. ဉာဏ်လင်းအောင် သန့်ပြီး ချောနေပါလား။

A. ဟား..ဆံပင်ညှပ်ထားလို့ပါ။

Q. လူငယ်တစ်ယောက်အနေနဲ့ ဖက်ရှင်တွေရော စိတ်ဝင်စားလား။

A. ကျွန်တော်က ငယ်ငယ်လေးကတည်းကနေ အခုချိန်ထိ အမေပဲ အဝတ်အစား ဝယ်ပေးတာ။ ပြီးတော့
ကျွန်တော်ကြိုက်တဲ့ အဝတ်အစားဆို ခဏခဏ ဝတ်လေ့ရှိတယ်။

Q. နွေရာသီအတွက်ရော သေချာရွေးချယ် ဝတ်ဆင်လေ့ရှိလား။

A. ကျွန်တော်က နှစ်ထပ်ဝတ်ရတာ ပိုသဘောကျတော့ နည်းနည်းတော့ အပူခံရတယ်။ ဂျင်းကုတ်ဝတ်ရတာ သိပ်ကြိုက်တယ်လေ။

Q. သူစိမ်းလူ ခွေအခြေအနေကရော..

A. Audio က ထွက်တာ တစ်လလောက်ပဲ ရှိသေးတော့ သိပ်တော့အများကြီး မရောက်သေးဘူးဗျ။ နယ်ဘက်တွေ ခပ်ဝေးဝေးတွေဆို မရောက်သေးဘူး။

Q. သူစိမ်းလူကို ပရိသတ်အာရုံစိုက်လာအောင် နောက်ထပ် ဘယ်လိုအစီအစဉ်တွေ ရှိသေးလဲ။

A. Audio ကတော့ မလုပ်တော့ဘူး။ သင်္ကြန်ပြီးရင် ဗီစီဒီရိုက်မှာဆိုတော့ အဲဒီအခါကျမှပဲ ပရိုမိုးရှင်းငါးမြို့လောက် လုပ်ဖို့ စဉ်းစားထားတယ်။

Q. ဉာဏ်လင်းအောင် သီချင်းတွေကို ပရိသတ်က ဆူတဲ့သီချင်းထက် အေးအေးလေးတွေ ပိုကြိုက်ကြတယ်။ ကိုယ်တိုင်ရော..

A. ကျွန်တော်လည်း အဲဒီလိုပါပဲ။ အကြမ်းတွေက ကိုယ်နဲ့မလိုက်ဘူးလို့ ထင်တယ်။

Q. အိန်ဂျယ်တွေ စောင့်ရှောက်တဲ့အချစ် စီးရီးထဲကသီချင်းက..

A. ကိုလင်းလင်းရေးတာ။ ကျွန်တော်အဲဒီ Mood လေးကို ကြိုက်တယ်။ ခုနောက်ပိုင်း ကျွန်တော်ဆိုရင် အသည်းကွဲရင်တောင် မြူးမြူးလေးကွဲတဲ့ပုံစံ ဖြစ်နေတယ်။

Q. အပြင်ကခံစားချက်ကရော

A. သီချင်းတွေအတိုင်းပေါ့။ ပျော်သလို နေလိုက်တော့ကနေ ခုသူစိမ်းလူ ဖြစ်သွားပြီ။

Q. ဉာဏ်လင်းအောင် ဘာကြောင့် Show တွေမလျှောက်ဘူးလို့ ဆုံးဖြတ်တာလဲ။

A. ကျွန်တော်နဲ့ ဘယ်လိုမှ အဆင်မပြေဘူး၊ မလိုက်ဖက်ဘူး ထင်လို့ပါ။ လူကငြိမ်ပြီး တောင့်တောင့်ကြီး လျှောက်ရတာ။ ပြီးတော့ ကျွန်တော့်မျက်နှာက ပြောင်စပ်စပ် ဖြစ်နေသလိုပဲ။

Q. မင်းသားလုပ်မယ်၊ မလုပ်ဘူး ဘယ်သတင်းက အမှန်လဲ။

A. ငယ်ငယ်က လူကြီးတွေက ကြီးလာရင် ဘာလုပ်မလဲမေးရင် မင်းသားလုပ်မယ်ပဲ ဖြေတာ။ ခုကြီးလာတော့ တကယ်လုပ်ရမယ်ဆိုရင် ကျွန်တော်နဲ့ လုံးဝမဖြစ်ဘူး။ သီချင်းဆိုတာကပဲ ကျွန်တော်နဲ့ ပိုအဆင်ပြေပါတယ်။

Q. စန်းအလွန်ပွင့်တဲ့ ယောက်ျားလေးထဲမှာပါတယ်လို့ ထင်လား။

A. ထင်တယ်လို့ ပြောရင်တော့လည်း မကောင်းပါဘူး။ ငယ်ငယ်လေးကတည်းက ကျောင်းမှာကိုယ့်ထက် အတန်းကြီးတဲ့ အစ်ကိုတွေကအစ ချစ်ကြတယ်။ အဲဒါလည်း ကောင်းပါတယ်။ ကျွန်တော်အနိုင်ကျင့်လို့ ရတာပေါ့ဗျာ။

ကလောင် – Olive
: 
8 Days journal မှ သိသမျ ။

No comments:

Post a Comment