Sunday 9 June 2013

ချစ်တာနဲ့ မေတ္တာ



-ချစ်တာနဲ့ မေတ္တာဟာ တူသလိုနဲ့ ကွဲပြားလှပါတယ်။
  

- ချစ်တာက သံယောဇဉ်ကို အရင်းခံပြီး မေတ္တာကတော့ ဗြဟ္မစိုရ်တရားကို အရင်းခံပါတယ်။
- သံယောဇဉ်ဟာ ပူလောင်စေတတ်ပြီး ဗြဟ္မစိုရ်ကတော့ အေးမြစေတတ်ပါတယ်။
- ချစ်တာက ကိုယ့်အတွက်ဖြစ်ပြီး မေတ္တာက သူများအတွက်ပဲ ဖြစ်ပါတယ်။
- ပိုင်ဆိုင်ချင်တာ၊ ရယူချင်တာ၊ ထိန်းချုပ်ချင်တာ၊ မနာလိုတာ၊ သဝန်တိုတာ စတာတွေဟာ အချစ်ရဲ့ သင်္ကေတ သဘောတွေဖြစ်ပြီး ကြီးပွားစေချင်တာ၊ အန္တရယ်ကင်းစေချင်တာ၊ ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာစေချင်တာ စတာတွေဟာ မေတ္တာရဲ့ သင်္ကေတ သဘောတွေ ဖြစ်တဲ့အတွက် အချစ်နဲ့ မေတ္တာဟာ အပူနဲ့ အအေးလို ကွားခြားလှပါတယ်။
- ချစ်တာက တဏှာပေမတွေနဲ့ ရောယှက်နေတဲ့အတွက် ပူလောင်စေပြီး မေတ္တာကတော့ အကျိုးလိုလားခြင်း သက်သက်ဖြစ်တဲ့အတွက် အေးမြစေပါတယ်။
- အချစ်တွေသိပ်များရင် အပြစ်တွေလည်း သိပ်ပွားစေတတ်ပေမယ့် မေတ္တာတွေ များနေရင်တော့ သစ္စာတရားတွေနဲ့ ငြိမ်းချမ်းမှုအားတွေကို ဖြစ်စေတတ်ပါတယ်။
- အချစ်ကို ရှေ့တန်းတင်ထားရင် ကိုယ်ကချစ်လိုက်ချင်တာရယ်၊

ကိုယ့်ကို ချစ်စေချင်တာတွေရယ်ကြောင့် လိုတာကို မရတဲ့အခါ ပူလောင်ခံစားရတတ်ပေမယ့် မေတ္တာကို ရှေ့တန်းတင်ထားရင်တော့ ကိုယ့်အတွက်မပါ အများအကျိုးကိုသာ လိုလားခြင်း သက်သက်ဖြစ်နေတဲ့အတွက် အများချမ်းသာလေ ကိုယ်လည်းဝမ်းသာလေ ဖြစ်တော့တာ ဖြစ်ပါတယ်။
- ချစ်တာက လောဘတဏှာကို အရင်းခံထားတဲ့အတွက် တဏှာရဲ့နောက်မှာ ဘယာဆိုတဲ့ ဘေးတွေရောက်စေတတ်ပေမယ့် မေတ္တာကတော့ အကျိုးလိုလားခြင်း စေတနာကို အရင်းခံထားတဲ့အတွက် မေတ္တာရဲ့နောက်မှာ ကောင်းကျိုးချမ်းသာတွေပဲ ရောက်နေတတ်တာ ဖြစ်ပါတယ်။
- ဒါကြောင့် အချစ်တွေများဖို့ထက် မေတ္တာပွားဖို့က ပိုလိုအပ်ပါတယ်။ အချစ်တွေများရင် ပိုင်ဆိုင်ချင်တာတွေ များတတ်ပေမယ့် မေတ္တာများရင်တော့ အကျိုးလိုလားမှုတွေ များစေတဲ့အတွက် တစ်ဦးနဲ့တစ်ဦး အချစ်များဖို့ထက် မေတ္တာထားနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။


စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)


မေတ္တာဖြင့် စုစည်းဝေမျှသူအနှိုင်းမဲ့စာတိုပေစများ  မှ သိသမျှ ။



No comments:

Post a Comment