Sunday 9 June 2013

အကြင်နာပေါင်း ရှစ်သောင်း လေးထောင်


- မေတ္တာဆိုတာ တစ်ဖက်သားရဲ့ ကောင်းကျိုးချမ်းသာကို ရွက်ဆောင်ပေးချင်တဲ့သဘော
တကယ်လည်း ရွက်ဆောင်ပေးချင်တဲ့ သဘောပါ။

- ကရုဏာဆိုတာ တစ်ဖက်သားရဲ့ ဆင်းရဲဒုက္ခကို ဖယ်ရှားပေးချင်တဲ့သဘော၊တကယ်လည်း
ဖယ်ရှားပေးနေတဲ့သဘောပါ။

- မုဒိတာဆိုတာ တစ်ဖက်သားရဲ့ ပြည့်စုံမှု ၊အဆင်ပြေမှု ကံကောင်းမှုကိုဝမ်းမြောက်တဲ့သဘော
ကျေနပ်တဲ့သဘောပါ။

- ဥပေက္ခာဆိုတာ တစ်ဖက်သားရဲ့ ကိုယ့်အပေါ်ပြစ်မှားမှု ၊ထိပါးမှုတွေကိုအပြစ်မယူဘဲ ကြည်ကြည်
ဖြူဖြူ ခွင့်လွှတ်ကြေအေးတဲ့သဘောပါ။

တိုတိုရှင်းရှင်း ပြောရရင်
မေတ္တာဆိုတာ - ကူညီခြင်း တရား
ကရုဏာဆိုတာ - ကြင်နာခြင်း တရား
မုဒိတာဆိုတာ - ကျေနပ်ခြင်း တရား
ဥပေက္ခာဆိုတာ - ခွင့်လွှတ်ခြင်း တရား ပါပဲ
အများအကျိုး သယ်ပိုးရွက်ဆောင်တဲ့နေရာမှာ ရှေ့တန်းက မြင်သာထင်သာ အလုပ်လုပ်နေတာက
မေတ္တာတရားဆိုတဲ့ ကူညီခြင်းတရားပါ။

ဒါပေမဲ့ အဲဒီမေတ္တာတရားက အများကို ကူညီဖြစ်အောင်နောက်ကွယ်ကနေ ပုန်းလျှိုးကွယ် လျှိုး နှိုးဆော် တိုက် တွန်းနေသူ ကတော့ ကရုဏာတရားဆိုတဲ့ ကြင်နာခြင်းတရား ၊ အကြင်နာ တရားပါပဲ။
အကြင်နာတရား အားနည်းရင် အများကို

သေးသေးငယ်ငယ် (နည်းနည်း) ပဲ ကူညီဖြစ် ပါတယ်. အကြင်နာတရား အားများရင် အများကို ကြီးကြီးကျယ်ကျယ် (အများကြီး) ကူညီဖြစ်ပါတယ်။

အကြင်နာတရား အားကောင်းလေလေ အများကို ပိုပြီး ကူညီလေလေပါဘဲ
အကြင်နာတရား လုံးဝမရှိတဲ့သူဟာ
အများအကျိုးကို လုံးဝ ထည့်မတွက်၊လုံးဝမဆောင်ရွက် ပါဘူး။မေတ္တာနဲ့ အများကျိုးဆောင်ရွက်ဖြစ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာကတော့

" ကရုဏာဆိုတဲ့အကြင်နာတရားပါပဲ "

အကြင်နာတရား ပြည့်ဝတဲ့သူဟာ သူတစ်ပါးဆင်းရဲ ဒုက္ခရောက်ကြောင်း၊သူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်းအလုပ်တွေကို ဘယ်တော့မှ မကြံစည် ၊ မပြောဆို ၊ မလုပ်ကိုင်ပါဘူး။

အကြင်နာတရား ခေါင်းပါးတဲ့သူကတော့ သူတစ်ပါးဆင်းရဲဒုက္ခရောက်ကြောင်း သူတစ်ပါးပျက်စီး ရာ ပျက်စီးကြောင်း အလုပ်တွေကိုပဲ အမြဲကြံစည် ပြောဆို လုပ်ကိုင် ပါတယ်။

ဒါကြောင့် လူပီသတဲ့ လူတိုင်းရဲ့ နှလုံးသားဟာ " အကြင်နာပေါင်းရှစ်သောင်းလေးထောင် " ကိန်းဝပ်တဲ့ နှလုံးသား ဖြစ်ရပါမယ်
ကိုယ်နဲ့ထိတွေ့ပတ်သက်လာတဲ့ လူတိုင်းအပေါ် ကြင်နာတဲ့ စိတ်ထားမယ် ကြင်နာတဲ့ စိတ်နဲ့ ပြောဆိုမယ် ကြင်နာတဲ့စိတ်နဲ့ ပြုမှုမယ်ဆိုရင် လူပေါင်း ရှစ်သောင်း လေးထောင် အပေါ် လူပေါင်း အသေင်္ချေအနန္တအပေါ် အကြင်နာတရား ထားပြီးသား ဖြစ်သွားပါတယ်
(မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာ၊ဗြဟ္မစိုရ်တရား ၄ပါးလုံးကို " အကြင်နာတရား "လို့ပေါင်း ပြောလိုက်တာပါ)

နေစဉ်နေတိုင်း ကိုယ်နဲ့ကူညီသင့်တဲ့သူကို ကိုယ်နဲ့ကူညီ ၊နုတ်နဲ့ကူညီသင့်တဲ့သူကို နုတ်နဲ့ကူညီရ ပါမယ်။ အကြောင်းမညိညွတ်လို့ ကိုယ်နဲ့လည်း မကူညီ ဖြစ် ၊နုတ်နဲ့လည်းမကူညီဖြစ်ဘူး ဆိုရင်တောင်မှ စိတ်နဲ့တော့ ကူညီဖြစ်အောင် ကူညီလိုက်ရပါမယ်။

" သတ္တ၀ါအားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာ ကြပါစေ "လို့ လေးလေးနက်နက် ဆက်ကာ ဆက်ကာ မေတ္တာပွားလိုက်တာဟာ စိတ်နဲ့ ကူညီလိုက်တာပါပဲ

သတ္တ၀ါအပေါင်း အသင်္ချေ အနန္တရဲ့ အကျိုးကို ဆောင်ရွက်ရာ ရောက်တဲ့အတွက် ကိုယ်နဲ့ နုတ်နဲ့ မကူညီဖြစ်တောင် စိတ်နဲ့ကူညီနေတဲ့ မေတ္တာဘာဝနာပိုင်ရှင်ရဲ့ နုလုံးသားကိုလည်း အကြင်နာပေါင်း ရှစ်သောင်း လေးထောင် ကိန်းဝပ်နေတဲ့ နုလုံးသား လို့ ဆိုနိုင်ပါတယ်။

ဆိုလိုတာကတော့
တစ်နေ့တာအတွင်းမှာ သူတစ်ပါးကို ကာယကံမြောက် ၊ ၀စီကံမြောက် (ကိုယ်ထိလက်ရောက်နုတ် ထိ ပါးစပ်ရောက်)မကူညီဖြစ်တောင် မနောကံမြောက်(စိတ်ထိမနောရောက်)တော့ ကူညီဖြစ်အောင် ကူညီပါလို့ ဆိုလိုပါတယ်။

စိတ်နဲ့မေတ္တာပွားပါများရင် ကိုယ်နဲ့ နုတ်နဲ့လည်း မေတ္တာထားနိုင်လာပါလိမ့်မယ်။
စိတ်ထဲမှာ အကြင်နာတရား ရှိနေမှ ကိုယ်နဲ့ လုပ်သမျှ ၊ နုတ်နဲ့ပြောသမျှထဲမှာလည်း အကြင်နာ တရား ပါနေမှာပါ။ ကံ(၃)ပါးလုံးမှာ အကြင်နာတရားပါနေရင် အကြင်နာတရားပိုင်ရှင်လည်း စိတ်အေးချမ်း ရသလို အကြင်နာတရားပိုင်ရှင်နဲ့ ထိတွေ့ရသူတိုင်းလည်း စိတ်အေးချမ်းရပါတယ်...


*** ဆရာတော် အရှင် ဆန္ဒာဓိက (ရွှေပါရမီတောရ)-အကြင်နာပေါင်းရှစ်သောင်းလေးထောင် ***

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြပါစေ~~~



နှလုံးသား၏ ဓမ္မသံစဉ်

No comments:

Post a Comment