Saturday 13 July 2013

ထိုင်ကြည့်မနေနဲ့


ကျွန်တော့် အဒေါ်တစ်ယောက်က ကျွန်တော့်ကို ၉ တန်းလောက်တုန်းက ပြောဖူးတယ်။ ငါ့တူ မင်းအရွယ်ရောက်တော့မယ်တဲ့။ အဲ့ဒီတော့ မင်းကြိုက်တဲ့ လမ်းကို မင်းရွေးချယ်ရတော့မယ်။ ဒါပေမယ့် မင်းလျှောက်မယ့်လမ်းကို မင်းကိုယ်တိုင် သေသေချာချာ သိအောင်လေ့လာ ရွေးချယ်ပြီးတော့ လျှောက်၊ ဒါပေမယ့် ထိုင်ကြည့်မနေနဲတဲ့။
မင်းမိုက်ချင်လား၊ လူမိုက်ခေါင်းဆောင်ကြီး ဖြစ်ချင်လား? ဒါဆိုလဲ ငါ အားပေးမယ်။ ဒါပေမယ့် မင်းမှာ မိုက်ရဲတဲ့ သတ္တိရှိရမယ်၊ လူမိုက်တွေကို စိန်ခေါ်နိုင်တဲ့ အတွေးအခေါ်၊ ကိုယ်ခံပညာ တွေရှိရမယ်၊ ပါးနပ်မှု့၊ သြဇာအာဏာ ရှိရမယ်။ ထောင်တွေ၊ ဂါတ်တွေမှာ ပျော်ပျော်ကြီး နေနိုင်တဲ့ စိတ်ရှိရမယ်။ ရဲတွေ၊ စစ်တပ်တွေ ကြားထဲမှာ ကျင်လည်ကျက်စားနိုင်တဲ့ အရည်အချင်းရှိရမယ်။ တစ်နေ့ကျရင် လူမိုက်ခေါင်းဆောင်ကြီးဖြစ်ရမယ်။ လူမိုက်ဘ၀နဲ့ ပျော်ပျော်ကြီး သေရဲတဲ့ စိတ်ရှိရမယ်။ ငါကတော့ ဘယ်တော့မှ ဂါတ်တွေမှာ အာမခံ လိုက်ပေးမှာမဟုတ်ဘူး၊ ဒီတော့မှ မင်းဟာ မိုက်သထက် ပိုပြီး မိုက်လာမယ်။ ဒါပေမယ့် လမ်းဘေးမှာ လေလွင့်နေတဲ့ လူတစ်ယောက်၊ သာမာန် လေလွင့်နေတဲ့ လူတစ်ယောက်လို ဖြစ်သွားလို့ မရဘူး။ တစ်နေ့ကျရင် မင်းဟာ လူတိုင်းက သိနေတဲ့ လူမိုက်ခေါင်းဆောင်တစ်ယောက် ဖြစ်နေရမယ်။ မဟုတ်လဲ ငါပြောင်းလဲပေးလို့ ရတာမှ မဟုတ်တာ။ လူတွေက မင်းအပေါ် ဘယ်လိုမြင်မလဲဆိုတာက မင်းလုပ်တဲ့ လုပ်ရပ်တွေပေါ်မှာ မူတည်လာမှာပဲ။


ဒါမှမဟုတ် မင်းလိမ္မာချင်လား? မင်းလိုချင်တဲ့ ပညာရေး ထောက်ပံစရိတ်၊ စာအုပ်စာတမ်း၊ ပံပိုးမှု့ပစ္စည်းတွေ ငါတတ်နိုင်သလောက် ဖြည့်ဆည်းပေးမယ်။ ဒါပေမယ့် မင်းဟာ သူလို ကိုယ်လို ၁၀ တန်းအောင် တစ်ယောက်ဘ၀နဲ့ ဆုံးခန်းသတ်သွားလို့ မရဘူး။ မင်းရဲ့ Professional လမ်းကြောင်းတစ်ခုကို မင်းရွေးချယ်ပြီးတော့ ဆုံးခန်းတိုင်အောင် လျှောက်လှမ်းရမယ်။ ငါဆိုလိုတာက မင်းဟာ ဆရာဝန်ကြီးဖြစ်ရမယ်၊ အင်ဂျင်နီယာကြီးဖြစ်ကိုဖြစ်ရမယ် ဒါကို ဆိုလိုတာမဟုတ်ဘူး။ မင်းလျှောက်လှမ်းတဲ့ ဘယ်လမ်းမှာ ဖြစ်ဖြစ်၊ မင်းဘယ် အလုပ်, လုပ် မင်းဟာ

သူများတွေထက်ပိုပြီးတော့ အောင်မြင်အောင် ကြိုးစားရမယ်လို့ ဆိုလိုတာ။ ဒီအချိန်မှာ မင်းခြေထောက်ပေါ် မင်းရပ်တည်ရချင် ရပ်တည်ရမယ်၊ ငါကတော့ ငါတတ်နိုင်သလောက် ဖြည့်ဆည်းပေးမယ်။ အချိန်တန်ရင် မင်းကျွမ်းကျင်နိုင်နင်းတဲ့ ပညာရပ် အသိုင်းအ၀ိုင်းမှာ မင်းနာမည်ကို လူတိုင်းက သိနေရမယ်။ ငါ့တူ professional တစ်ယောက်အဖြစ် လျှောက်လှမ်းနေတာကို ငါ ဂုဏ်ယူစွာနဲ့ ကျေနပ်နေမယ်။ တစ်ချိန်ကျရင် မင်းရဲ့ သမိုင်းကို မင်းကိုယ်တိုင်ရေးရမှာ။ မင်းပြန်လှည့်ကြည်လိုက်ရင် မင်းလုပ်ခဲ့တာတွေအားလုံးကို မင်းကျေနပ်နေဖို့လိုတယ်။ ဒါတွေ အားလုံးဖြစ်လာဖို့ မင်း ထိုင်ကြည့်နေလို့ မရဘူးဆိုတဲ့ အကြောင်းလေး ကျွန်တော် ပြန်သတိရမိတယ်။

ဟုတ်တော့လဲ ဟုတ်တာပဲ။ လူတိုင်း ကိုယ့်သမိုင်း ကိုယ်ရေးကြရတာပဲ။ ခုလဲ အမေရိကန်နိုင်ငံရဲ့ ၁၆ ယောက်မြောက် သမ္မတကြီး၊ အမေရိကန်နိုင်ငံရဲ့ တောင်၊မြောက် ပြည်တွင်းစစ်ကို ရပ်တန့်ပေးခဲ့တဲ့၊ သမိုင်းအသစ်ကို ပြောင်းလဲစေခဲ့တဲ့ အေဘရာဟမ် လင်ကွန်းအကြောင်းလေး ကြည့်မိတယ်။ သူဟာ အိမ်ဖြူတော်ရဲ့ သမ္မတဆိုတဲ့နေရာကို ရောက်ဖို့ လျှောက်လှမ်းခဲ့တဲ့ အတိတ်ကို ပြန်ကြည့်လိုက်ရင်

၁၈၁၆ ခုနှစ်မှာ သူ့အဖေ၊ အမေနဲ့ သူ့မိသားစုဟာ သူတို့နေတဲ့ အိမ်ကလေးကနေ ဖယ်ရှားခံခဲ့ရတယ်။ လူငယ်လေး လင်ကွန်းဟာ အဲ့ဒီ အသက်အရွယ်မှာပဲ အလုပ်လုပ်ပြီးတော့ သူ့မိသားစုကို ထောက်ပံပေးခဲ့ရတယ်

၁၈၁၈ မှာ သူ့ မိခင် ဆုံးပါးသွားခဲ့တယ်

၁၈၃၁ ခုနှစ်မှာ သူ့ စီးပွားရေးလုပ်ငန်းတွေအားလုံး ဆုံးရှုံးသွားခဲ့တယ်

၁၈၃၂ ခုနှစ်မှာ သူ့ရဲ့ ဥပဒေမူကြမ်း တင်သွင်းမှု့ ပယ်ချခံရတယ်

၁၈၃၂ မှာပဲ သူ အလုပ်ပြုတ်သွားခဲ့တယ်၊ သူတက်ချင်လှတဲ့ ဥပဒေကျောင်းကို တက်ဖို့ အခြေအနေ မပေးခဲ့ဘူး

၁၈၃၃ ခုနှစ်မှာ သူ့သူငယ်ချင်းဆီက ပိုက်ဆံချေးပြီးတော့ စီးပွားရေးလုပ်ငန်း ထူထောင်တယ်၊ နှစ်ကုန်တော့ ဒေ၀ါလီ ခံခဲ့ရတယ် (နောက်ပိုင်း ၁၇ နှစ်လုံးလုံး ဒီအကြွေးတွေကို ကျေအောင် သူဆပ်ခဲ့ရတယ်)

၁၈၃၄ ခုနှစ်မှာတော့ သူရဲ့ ဥပဒေမူကြမ်း တင်သွင်းမှု့ အောင်မြင်ခဲ့တယ်

၁၈၃၅ ခုနှစ်မှာ သူရည်ရွယ်ထားတဲ့ ချစ်သူနဲ့ လက်ထပ်ဖို့ စီစဉ်နေတုန်းမှာပဲ သူ့ချစ်သူ ဆုံးပါးသွားခဲ့တယ်။ လင်ကွန်းရဲ့ အသည်း နှစ်ခြမ်းကွဲခဲ့ရတယ်

၁၈၃၆ ခုနှစ်မှာ သူ့ရဲ့ အာရုံကြောတွေ ချွတ်ယွင်းခဲ့ပြီး အိပ်ယာပေါ်မှာ ၆ လလောက် လဲနေခဲ့တယ်

၁၈၃၈ ခုနှစ်မှာ ဥပဒေဆိုင်ရာ ပြောရေးဆိုခွင့် နေရာလျှောက်ထားတဲ့နေရာအတွက် ၀င်ပြိုင်တာ ရှုံးနိမ့်ခဲ့တယ်

၁၈၄၀ မှာ elector အဖြစ် ရွေးနိုင်ဖို့ ပြိုင်ခဲ့တယ်၊ ရှုံးနိမ့်ခဲ့တယ်

၁၈၄၃ မှာ ကွန်ဂရက်ရွေးကောက်ပွဲ ၀င်ခဲ့တယ်၊ ရှုံးနိမ့်ခဲ့တယ်

၁၈၄၆ မှာ ကွန်ဂရက်ရွေးကောက်ပွဲ ၀င်ခဲ့တယ်။ နိုင်ခဲ့တယ်၊ ၀ါရှင်တန်မှာ သူကောင်းကောင်း လုပ်ပြနိုင်ခဲ့တယ်

၁၈၄၈ မှာ ကွန်ဂရက် အမတ်အဖြစ် သက်တမ်းတိုး ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့တယ်

၁၈၄၉ ခုနှစ်မှာ သူ့ပြည်နယ်ရဲ့ အိုးအိမ်မြေယာ ဆိုင်ရာ အရာရှိအလုပ်ကို လျှောက်ထားတာ ပယ်ချခံခဲ့ရတယ်

၁၈၅၄ မှာ အမေရိကန်နိုင်ငံရဲ့ ဆီးနိတ်အမတ်လောင်း အဖြစ် ၀င်ပြိုင်တာ ရှုံးနိမ့်ခဲ့တယ်

၁၈၅၆ ခုနှစ်မှာ သူ့ရဲ့ပါတီတွင်းမှာ အမေရိကန် နိုင်ငံရဲ့ ဒုတိယ သမ္မတအဖြစ် အရွေးခံဖို့ မဲခွဲဆုံးဖြတ်တာ မဲ ၁၀၀ ကျော်ပဲ ရခဲ့တယ်။

၁၈၅၈ ခုနှစ်မှာ ဆီနိတ် အမတ်လောင်းအဖြစ် ထပ်မံ အရွေးခံပေမယ့် ရှုံးနိမ့်ခဲ့တယ်

၁၈၆၀ ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတယ်။

အဲ့ဒီနေရာလေးမှာ ကျွန်တော်တွေးမိတယ်… သူသာ တစ်နေရာရာမှာ ငါ့ဘ၀တော့ သွားပါပြီ။ ဒီထက်တိုးတက်ဖို့ လမ်းမရှိတော့ဘူး ဆိုပြီး ထိုင်ကြည့်နေလိုက်ရင် ဘယ်တော့မှ သမ္မတ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီတော့ ထိုင်ကြည့်မနေပါနဲ့

Posted by Aung Htut at 6/13/2013 12:03:00 PM
Email ThisBlogThis!Share to TwitterShare to Facebook


AH မှ သိသမျှ ။

No comments:

Post a Comment