Saturday 3 August 2013

ညီမလေးအတွက် ဂျပန် ရိုးရာ ပုံပြင်လေးပေါ့ ...


ဟိုး ... ရှေးရှေးတုန်းက ရွာငယ်လေးတစ်ခုမှာ အရမ်း ဆင်းရဲတဲ့ ဘုန်းတော်ကြီးအိုတစ်ပါး သီတင်းသုံးနေထိုင်တော်မူသတဲ့ .... ။
တစ်နေ့တော့ ... အဲ့ဒီ ဘုန်းတော်ကြီးရဲ့ကျောင်းကို သူခိုးကပ်ပါတယ် ။
ဘုန်းကြီးခမျာ ဆင်းရဲနုံချာလှပါတယ်ဆိုမှ သူခိုးက ရှိသမျှအကုန် ခိုးသွားပါတယ် ။
ရေအိုး ၊ ရေခွက် ၊ သပိတ် ၊ ဖျာ .. ဘာတစ်ခုမှကို မကျန်ခဲ့ပါဘူး ။
ခနနေလို့ ဘုန်းကြီး နိုးလာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူခိုး ခိုး ခံလိုက်ရပြီဆိုတာ သိလိုက်ပါတယ် ။
ဟိုကြည့် ဒီကြည့်နဲ့ .... သူ့ပစ္စည်းလေးတွေ တစ်ခုမှ မကျန်တော့တာကို သိတော့ ... သုတ်သီးသုတ်ပျာ နဲ့
ပိတ်ထားတဲ့ ပြူတင်းပေါက် တံခါးလေးကို သွားဖွင့်ကြည့်တယ် ။
အပြင်ဘက်မှာ .... လ ကတော့ သာလို့ပေါ့ ။
အဲ့ဒီတော့မှ ဘုန်းတော်ကြီးအိုကြီးက ဖြေသိမ့်စရာ ရသွားတဲ့ ပုံစံမျိုးနဲ့ သက်ပြင်းချရင်း စကားတစ်ခွန်းပြောပါတယ် ...
“ သြော် .. .. သူခိုးက ငါ့အတွက် လခြမ်းလေးတော့ ချန်ထားခဲ့ ပေးသေးတာကိုး ............ ” ......... တဲ့ ....


ညီမလေးရေ .. ပုံပြင်လေးကတော့ ဒါပါပဲ....
လောကမှာ ဆုံးရှုံးမှုတွေ ၊ အခက်အခဲတွေ ၊ မတရားမှုတွေနဲ့ ကြုံလာရတဲ့အခါ
ဒီပုံပြင်လေးကို သတိရစေချင်တယ် ။ အရာရာကို ဆုံးရှုံးသွားရပေမယ့် ပုံပြင်ထဲက


ဘုန်းတော်ကြီးလို တစ်ထောင့်တစ်နေရာကနေ ရှာကြံပြီး
အကောင်းမြင်စိတ်ထားစေချင်တယ် ။
ကို့ အနေနဲ့လည်း ဒီလိုပါပဲ ....။
လောကမှာ ကို ကြိုးစားတာမဖြစ် ၊ မကြိုးစားတာတွေဖြစ် နဲ့ ... စိတ်ညစ်ရတဲ့ နေ့တွေမှာ
ကိုဟာ လွမ်းဆွတ်ခြင်းများစွာနဲ့ မင်း ပေးထားတဲ့ ဓါတ်ပုံလေးတွေကို ငေးကြည့်ရင်း စိတ်ကို ဖြေလျှော့ပါတယ် ။
တကယ်တော့ မင်း ဓါတ်ပုံလေးတွေဟာ ကို့အတွက် လခြမ်းငယ်လေးပါပဲ ။ တယုတယစိုက်ပျိုးလာရတဲ့
အိပ်မက်လေးတွေ တစ်ခုမှ ပွင့်ဝေမလာတော့ဘူးဆိုရင်တောင်
ဒီ လခြမ်းကလေးနဲ့ပဲ ကို အသက်ဆက်ရှင်သွားမှာပါ ။
နောက်ပြီး .. .. ထပ် တွေးကြည့်ချင်ပါသေးတယ် ၊ ဆရာ တာရာမင်းဝေရဲ့ စကားကိုပေါ့...
အောက်စီဂျင်ဆိုတာ လေပြည်ထဲမှာတင် ပါတာ မဟုတ်ဘူး ၊ မုန်တိုင်းထဲမှာလည်း အောက်စီဂျင် ပါတာပဲ .. တဲ့။
ကို့ အတွက်တော့ အနာဂတ်နေ့ရက်တွေများစွာမှာ ကိုယ့်အိပ်မက်တွေကို အသက်ဝင်စေမယ့် အချစ်ဆိုတဲ့ လေပြည်တိုက်ခတ်တာပဲ ဖြစ်ဖြစ် ၊
ကိုယ့်နှလုံးသားကို ရိုက်ချိုးခုတ်ပိုင်းမယ့် အလွမ်းမုန်တိုင်း တိုက်ခတ်တာပဲဖြစ်ဖြစ်
ကို ချစ်မိတဲ့ မင်းပုံရိပ်ကလေးတွေကတော့ ကို့ အတွေးချိုချိုထဲမှာ အောက်စီဂျင်လို အမြဲ ဝေ့၀ဲ နေမှာ သေချာပါတယ်။
အဲ့ဒီ အောက်စီဂျင်လေးတွေကို ရှုရှိုက်ရင်းနဲ့ပဲ ကို အသက်ဆက်ရှင်ခွင့်ရမယ်ဆိုရင်.......

Credit - Original up-loader မှ သိသမျှ ။

No comments:

Post a Comment