Wednesday, 7 August 2013

ထမင်းစား လက်မှတ်ယူမှာလား ၊ စွန့်ဦးတီထွင်မှာလား


မပြောမပြီး၊ မတီးမမြည် သဘောမို့ သိအောင်လည်း ရေးရတာပါ။ ခု ၁၀ တန်းအောင်စာရင်းထွက်ပြီး၊ အမှတ်စာရင်းထွက်ပြီး ဘယ်ကျောင်းတက်ရမလဲဆိုတာကို ရွေးရတဲ့ ကာလကို ရောက်လာပါပြီ။ ဒီလိုပဲ တစ်ယောက်ပြီးတစ်ယောက် အသိတွေကို မေးကြည့်လိုက်တာ။ အမှတ်အများဆုံး မေဂျာနဲ့ ပညာကို ကိုယ့်အမှတ်နဲ့မှီရင်မှီသလို လျှောက်နေကြတာကိုပဲ အများအားဖြင့် မြင်တွေ့ရပါတယ်။


ရေကြောင်း တက္ကသိုလ်၊ အင်ဂျင်နီယာ၊ ဆေး ပညာ၊ နည်းပညာ၊ အိုင်တီ အစရှိသဖြင့် မြန်မာပြည်မှာ အမှတ်အများဆုံး ဖြစ်ပါတယ် ဆိုတဲ့ ပညာရပ်တွေကို အမှတ်အများဆုံး သူများက ရွေးယူကြပါတယ်။ ဒီလိုနဲ့ ကျောင်းလည်းတတ်ကြရော တက္ကသိုလ်ဆိုတာကြီးတွေက ပျော်စရာနေရာလို့ သတ်မှတ်တဲ့သူက သတ်မှတ်၊ စိတ်ညစ်စရာလို့ သတ်မှတ်တဲ့ သူက သတ်မှတ်၊ ချိန်းတွေ့စရာလို့ သတ်မှတ်တဲ့သူက သတ်မှတ်နဲ့ ကျောင်းတွေ လည်း ပြီးသွားကြရော အလုပ်ဆိုတာကို သဲကြီးမဲကြီးရှာကြပါလေရော။

အလုပ်လည်းရနေပါပြီ။ အဆင်လည်းပြေနေပါပြီ။ မင်းလုပ်တာ ဘယ်နှစ်နှစ်ရှိပြီလဲလို့မေးလိုက်တော့ အနှစ် ၂၀။ လစာဘယ်လောက်လဲလို့မေးလိုက်တော့ ကိုယ့်ဆီက ပိုက်ဆံတောင် သူသုံးဖို့မလောက်လို့ ယူချေးသွားသေး တယ်။ ဒါက တစ်ကဏ္ဍပေါ့။ အချို့ ကျတော့လည်း အဆင်ပြေကြပါတယ်။ မြန်မာပြည်မှာ ကျောင်းပြီးအောင် တတ်ပြီး နိုင်ငံခြားမှာ အလုပ်သွားလုပ်တဲ့အခါ အဆင်ပြေပါလေရော။ မြန်မာပြည်မှာကျန်ခဲ့တဲ့ မိသားစုတွေကို တစ်လ ဒေါ်လာ ၁ ထောင်၊ ၂ ထောင်နဲ့ ပို့နေလိုက်တာ ငါ့သားလေး၊ ငါ့သမီးလေး အဆင်တွေပြေလို့ဆိုပြီး ပတ်ဝန်းကျင်မှာ ဂုဏ်တတ်ပါတယ်။ အမှန်တော့ သူတို့ သားသမီးတွေ နိုင်ငံခြားတွေ ထောင်ဂဏန်းရဖို့အတွက် ဘယ်လောက် အဆူခံ၊အဆဲခံပြီး အလုပ်ကို အောက်ကျနောက်ကျ လုပ်ရတယ်ဆိုတာ နိုင်ငံခြားရောက် မြန်မာတွေ အသိဆုံပဲလေ။ ဘယ်လိုရာထူးမျိုးမှာပဲ ဖြစ်ဖြစ် အများအားဖြင့်ကတော့ အခက်အခဲတွေ ပိုများများ ကြုံရတာပေါ့။

ဒီလိုနဲ့ မြန်မာပြည်မှာ စွန့်ဦးတီထွင်မှုတွေ၊ ကမ္ဘာကို အံ့သြလေးစားသွားစေမယ့် ပြောင်းလဲမှုကြီးတွေ ကို ဖန်တီးမယ့် သူဆိုတာ ရှာမှရှား ဖြစ်သွားပါလေရာ။ အဓိက ပြဿနာကတော့ Brain Leaking ပါ။ အချို့ က

ငြင်းပါတယ်။ ငါတော်လို့ ဒီပညာကိုတတ်ဖို့ရွေးလိုက်တာပဲ ဘာ ယိုစီးလို့လဲ။

တကယ်ကို ယိုစီးပါတယ်။ အများစုက Survive ဖြစ်မယ့် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုကို ရှာဖွေ နေကြပါတယ်။ ငါတော့ ဒီကျောင်းတက်ပြီး ဒီအလုပ်ကို လုပ်လိုက်ရင် ငွေတွေဘယ်လောက်ရသွားမှာ၊ ချမ်းသာသွားမှာ အစရှိသဖြင့် ခံယူချက်ကိုယ်စီနဲ့ ပညာရပ်တစ်ခုကို ရွေးချယ်ကြတော့ Innovation ဆိုတာ ဘယ်မှာ ရှိတော့မလဲ။

Innovation, Creation , Invention ဖြစ်ဖို့ ယင်းပညာရပ်မှာ Passion ရှိရတယ်။ ပျော်ရွှင်မှု ဆိုတဲ့ Happiness လည်းရှိတယ်။ ဝါသနာဆိုတဲ့ Passion ကလည်း မရှိဘူး၊ ယင်းပညာရပ်အပေါ်မှာလည်း ပျော်ရွှင်မှု မရှိဘူးဆိုရင် ဘယ်မှာမှ စွန့်ဦးတီထွင်မှု၊ ကမ္ဘာ့ပထမဆုံး ဖန်တီးမှုတွေဆိုတာ ရှိလာတော့မှာ မဟုတ်ပါဘူး။ တစ်နေ့တစ်နေ့ Java က နောက်ဆုံးပေါ်နည်းပညာတွေကို update လုပ်နေတယ်။ သူငယ်ချင်းတစ်ယောက်က Java developer ။ သူတို့ ချပြတာတွေကို လိုက်ရင်းနဲ့တောင်ငါတို့ မမှီနိုင်တော့ဘူးလို့ ငြီးတွားနေတာ အတော်လေး ကြာပြီ။ သူက ဝါသနာပါပေမယ့် Happiness ဆိုတဲ့အရာတစ်ခုကို ယင်း အလုပ်ကနေ ရှာမရဘူး။ လခက နည်းတာကိုး။ သူ့မှာ မိသားစုရှိတယ်။ ကျောင်းတက်နေတဲ့ ညီလေး၊ညီမလေးတွေရှိတယ် ဆိုတဲ့ အပူနဲ့ ပညာရပ် တစ်ခုတည်းကိုပဲ ဇောက်ချမလုပ်ရပဲအားတဲ့အချိန်မှာလည်း စာပြန်သင်ပေးရသေး။ အလုပ်မှာကလည်း ပရောဂျက်ပြီးဖို့ တွန်းအားကလည်းရှိတော့ သူဝါသနာပါပါတယ်ဆိုတဲ့ Java ကိုတောင် စွန့်ခွာပြီး အရင်လို စာရင်းအင်းပဲလုပ်မလို့ စိတ်ကူးနေလေရဲ့ ။

အချို့ ကျတော့လည်း ယင်းပညာရပ်မှ တော်မတော်တော့ မသိဘူး။ ကျောင်းမှာတုန်းက တော်လွန်းလို့ မာစတာတောင် ဆက်တက်ပြီး သင်ထားတာ။ တကယ်လည်း အလုပ်မှာ လက်တွေ့အသုံးချရော အလုပ်တော့ ဖြစ်ပေမယ့် Product ကတော့ ထွက်ပေမယ့် အသစ်အသစ်ဖန်တီးမှုက မရှိတော့ လခစား ဘဝကမတက်တော့ ပါဘူး။ ဒီတော့ ကမ္ဘာက အများစု သိထားလိုက်တာက မြန်မာတွေဟာ Product ထွက်ရှိရေးမှာ Work Efficient ကောင်းကောင်း သုံးပြီး လုပ်နိုင်တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ Quantity သာရပြီး Quailty မဖန်တီးနိုင်သူ များရင် တိုင်းပြည်ဘာဆက်ဖြစ်မယ်ဆိုတာ ခန့်မှန်းကြည့်နိုင် ပါတယ်။

ဒီတော့ ဘယ်လိုရုန်းထွက်မလဲ

ကိုယ်ထူမှ ကိုယ်ထ၊ ကိုယ်မထူရင် ကိုယ်မထပါဘူး။ ကိုယ်တိုင်လည်း ထလိုက်ပေမယ့် လမ်းကလည်း ရှိအုံးမှ။ လမ်းခင်းဖို့ကတော့ အစိုးရတို့ရဲ့  တာဝန်ပါ။ ခင်းသည်ရှိမခင်းသည်ရှိ၊ ကိုယ်တိုင် ထပြီး နိုင်သလောက် လျှောက်ရမှာက ကာယကံရှင်ရဲ့ တာဝန်သာ ဖြစ်ပါတယ်။ လက်ရှိ အလုပ်မှာ ပျော်သလား၊ စိတ်ဝင်စားသလား သေချာပြန်စဉ်းစားဖို့လိုပါတယ်။ Survive ဖြစ်ဖို့အတွက် လုပ်နေရတယ်လို့ ခံစားနေရင် တစ်ခုခုတော့ စဉ်းစား သင့်ပါပြီ။ အားလုံးကိုပြန်သုံးသပ်ဖို့တော့လိုပါတယ်။ လက်ရှိအနေအထားရ ဖြစ်နိုင်တဲ့ Result တစ်ခုကိုလည်း ထုတ်ဖို့လိုပါတယ်။ ခုနေ အာကာသယာဉ်ပျံကြီး ဆောက်ချင်တယ်လို့တော့ မရပါဘူး။

ဒီတော့ ကိုယ့်ကိုယ်ကို ပျော်ရွှင်မှုကို အရင်ဆုံးရအောင် ဖန်တီး၊ စိတ်ပါဝင်စားမှုဆိုတာ ဘယ်နေရာမှာ ရှိနိုင်တယ်ဆို အချိန်လေးပေးပြီး ဟိုစပ်စပ် ဒီစပ်စပ် လေ့လာ၊ သေချာပြီးလား၊ သေချာပြီဆိုမှ ယင်းလမ်းကြောင်း တစ်ခုကို အကောင်းဆုံးဖန်တီး။ ဒါဆိုရင် ဖြစ်လာနိုင်ပါသေးတယ်။ ဇူကာဘတ်တို့၊ ဘီလ်ဂိတ်တို့ တော်ကြပါတယ်။ တော်တာပေါ့။ သူတို့မှ ဘဝအတွက် ပူပင်စရာ သိပ်မှမရှိခဲ့တာ။ တို့တိုင်းပြည်မှာ တစ်နေ့တစ်နေ့ စားဝတ်နေရေး ပြေလည်ဖို့ ကြိုးစားကြရင် နှစ်မြှုပ်သွားတဲ့ ပတ္တမြားတုံးတွေ အများကြီးရှိတယ်ဆိုတာ ယုံပြီးသား။ မြန်မာတွေ တကယ်တော်ပါတယ်။ ဒီလိုပဲ Transition ကာလမှာ အပြောင်းအလဲများစွာကြောင့် ဟိုယောင်ယောင် ဒီယောင်ယောင် မဖြစ်ပဲ Creation, Invention, Innovation ကောင်းများ ထွက်ပေါ်ဖို့ ရေးသား နှိုးဆော် လိုက်ရ ပါတယ်။
.
အောင်ခမ်း (TSJ team) မှ သိသမျှ ။

 

1 comment: