Wednesday 25 December 2013

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချီးမြှင့်မည့် ချန်ပီယံဆုဖလား မြန်မာနိုင်ငံတွင် ပြသရန် အိန္ဒိယနိုင်ငံမှတစ်ဆင့် ရန်ကုန်မြို့သို့ ရောက်ရှိ



ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ချီးမြှင့်မည့် ချန်ပီယံဆုအား ကမ္ဘာ့နိုင်ငံများသို့ လှည့်လည်ပြသလျက်ရှိပြီး ဒီဇင်ဘာ ၂၅ ရက်က ရန်ကုန်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ယင်းကမ္ဘာ့ဖလားချန်ပီယံဆုဖလားမှာ အိန္ဒိယနိုင်ငံမှတစ်ဆင့် ဒီဇင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှ တာဝန်ရှိသူများ၊ အဓိကစပွန်ဆာဖြစ်သည့် ကိုကာကိုလာကုမ္ပဏီမှ တာဝန်ရှိသူများဦးဆောင်၍ ကမ္ဘာ့ဖလားအား သယ်ဆောင်လာခြင်းဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သုဝဏ္ဏဘောလုံးကွင်းသို့ မော်တော်ယာဉ်များဖြင့် သယ်ဆောင်ခဲ့သည်။ ထို့နောက်သုဝဏ္ဏကွင်းတွင် စာနယ်ဇင်းရှင်းလင်းပွဲကျင်းပခဲ့ပြီး ဖီဖာနှင့်ကိုကာကိုလာကုမ္ပဏီတို့မှ တာဝန်ရှိသူတို့က အမှာစကားပြောကြားကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အတွင်း ရေးမှူးဦးတင်အောင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယင်းနောက် ဦးတင်အောင်ထံ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့သည်။ ကိုကာကိုလာမြန်မာကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာရီဟန်ခန်းက “ ကမ္ဘာ့ဖလားကို စပွန်ဆာအဖြစ်တာဝန်ယူပြီး နိုင်ငံအနှံ့အပြားကို လိုက်လံပြသခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းသာပါတယ်။ နိုင်ငံတိုင်းကလည်း တစ်ခဲနက်ကြိုဆိုကြတဲ့အတွက် ဒီအစီအစဉ်ကို ဆောင်ရွက်ရတာ ကျေနပ်စရာပါပဲ ” ဟု ပြောကြားခဲ့သည်။ ယင်းအခမ်းအနားတွင်

တာဝန်ရှိသူများက ဦးဆောင်၍ တက်ရောက်လာသူများအား ဆုဖလားကို ဖွင့်လှစ်ပြသခဲ့သည်။

ကမ္ဘာ့ဖလားချန်ပီယံဆုကို ပြီးခဲ့သည့် စက်တင်ဘာလကတည်းက လှည့်လည်ပြသနေခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၈၈ နိုင်ငံကို ပြသမည်ဖြစ်ကာ ခရီးမိုင်ပေါင်းအနေဖြင့် ၉၀၀၀ ကျော်ရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းဆုဖလားအား ဒီဇင်ဘာ ၂၆ ရက်(ယနေ့)တွင် ပရိသတ်များကို ပြသသွားမည်ဖြစ်သည်။

၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဆုအား တာဝန်ရှိသူများနှင့်အတူ သုဝဏ္ဏကွင်း၌ တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ထက်ထွန်း) = မှ သိသမျှ ။

No comments:

Post a Comment