Monday 30 December 2013

မလေးရှားနယ်စပ်တွင် တိုက်ခိုက်ခံရသည့် မြန်မာလုပ်သား ၉၀ ကျော် ပြည်တော်ပြန်မည်



မလေးရှားနိုင်ငံ ဆာရာဝပ် ပြည်နယ် မီရီမြို့တွင် အင်ဒိုနီးရှား နိုင်ငံသားများ တိုက်ခိုက်မှုခံရသည့် မြန်မာလုပ်သား ၉၇ ဦးကျော် ယင်းနေရာတွင် ဆက်လက် မနေထိုင်ဝံ့သဖြင့် ပြည်တော်ပြန်မည် ဖြစ်ကြောင်း အဆိုပါ လုပ်သားများက ပြောကြားသည်။

မလေးရှားနှင့် ဘရူနိုင်းနှစ်နိုင်ငံ နယ်စပ်တွင်ရှိသည့် မီရီမြို့ ရှင်ယန်း သင်္ဘောကျင်း (၂) တွင် လုပ်ကိုင်သည့် မြန်မာလုပ်သား ၉၇ ဦး သင်္ဘောကျင်း စက်ရုံဝင်းရှိ ဂိုဒေါင်တစ်ခုတွင် ပုန်းခိုနေရဆဲ ဖြစ်ပြီး လုံခြုံရေးလည်း ချထားပေးခြင်း မရှိကြောင်း လုပ်သားတစ်ဦးက ဆိုသည်။
“ပြန်မှကို ဖြစ်တော့မယ်။ ဒီမှာ နေလို့ လုံးဝမဖြစ်တော့ဘူး။ အခုမှတစ်ကြိမ် ဖြစ်တာ (တိုက်ခိုက်ခံရတာ) မဟုတ်ဘူး။ ထပ်ခါ ထပ်ခါ ဖြစ်နေတာ” ဟု ၎င်းကဆိုသည်။

မြန်မာလုပ်သမားများ တိုက်ခိုက်ခံရမှုကို မြန်မာနိုင်ငံ အစိုးရ တာဝန်ရှိသူများ ဖြေရှင်းပေးရန် လာရောက်နေသည် ဆိုသော်လည်း ယခုအချိန်အထိ ရောက်ရှိလာခြင်း မရှိသေးကြောင်း ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အလုပ်သမားများကို မေးမြန်းချက်အရ သိရှိရသည်။

အဆိုပါ အလုပ်သမားများ အရေးကို ဖြေရှင်းပေးရန် မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမား သံအရာရှိ ဦးစိုးဝင်းကိုနှင့် မလေးရှား အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူများ ဆာရာဝပ် ပြည်နယ် မြို့တော် ကူချင်းသို့ ရောက်ရှိနေပြီ ဖြစ်ပြီး ပြဿနာ ဖြစ်ပွားရာ နေရာသို့ ဒီဇင်ဘာ ၂၈ ရက်နေ့ မွန်းလွဲ ၁၂နာရီတွင် လေယာဉ်ဖြင့် သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တိုက်ခိုက်ခံရသည့် လုပ်သားများ အရေးကို ကာကွယ်ပေးရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မလေးရှား အစိုးရကို တောင်းဆိုထားသဖြင့် မလေးရှား အစိုးရက လုံခြုံရေး ဆောင်ရွက်ပေးထား၍ စိုးရိမ်စရာ မရှိတော့ကြောင်း ၎င်းကဆိုသည်။

မြန်မာလုပ်သားများထံသို့ မြန်မာနိုင်ငံရှိ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူအချို့ ရောက်ရှိနေပြီ ဖြစ်ပြီး စက်ရုံ တာဝန်ရှိသူများနှင့် မြန်မာလုပ်သားများ၏ အခွင့်အရေး၊ လုံခြုံမှုကို ညှိနှိုင်းလျက် ရှိကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသော်လည်း အလုပ်သမားများကမူ ဖြေရှင်းပေးမည့် သူတစ်ဦးမှ မရောက်သေးကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ နှစ်ခုမှ တာဝန်ရှိသူများလည်း အဆိုပါ

ကိစ္စကို ဖြေရှင်းရန် မြန်မာနိုင်ငံမှ ယနေ့ လေကြောင်းခရီးဖြင့် မလေးရှားသို့ လိုက်ပါသွားကြပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသံရုံးမှ အလုပ်သမား အရာရှိနှင့် သံရုံး တာဝန်ရှိသူများသည် မြန်မာနှင့် မလေးရှား နှစ်နိုင်ငံမှ အေဂျင်စီများ၊ စက်ရုံ တာဝန်ရှိသူများ၊ မလေးရှား အစိုးရတို့နှင့် တွေ့ဆုံပြီး အလုပ်သမား အခွင့်အရေးဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် အညီ မြန်မာလုပ်သားများ၏ အခက်အခဲများ၊ လုံခြုံဘေးကင်းမှု၊ ရေရှည် အာမခံချက်များ ရရှိရေး ဆောင်ရွက်မည် ဖြစ်ကြောင်း သမ္မတရုံးမှ အထက်ပါ တာဝန်ရှိသူက ပြောကြားသည်။

မီရီမြို့ ရှင်ယန်း သင်္ဘောကျင်း (၂) တွင် လုပ်ကိုင်သည့် မြန်မာ လုပ်သားတစ်ဦး ဒီဇင်ဘာလ ၂၃ ရက်နေ့က ဈေးဝယ်ထွက်စဉ် အင်ဒိုနီးရှား နိုင်ငံသားတစ်ဦးက ရန်စခဲ့ရာမှ မြန်မာလုပ်သား ၁၅ ဦး နေထိုင်သည့် အဆောင်ကို အင်ဒိုနီးရှား နိုင်ငံသား အုပ်စုလိုက် ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ဝင်ရောက် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ၂၄ ရက်နေ့တွင် သင်္ဘောကျင်း၌ လုပ်ကိုင်နေသည့် မြန်မာ လုပ်သား ၉၇ ဦးလုံးကို အင်ဒိုနီးရှား နိုင်ငံသားများက တိုက်ခိုက်မှုကြောင့် အဆိုပါ သင်္ဘောကျင်းရှိ ဂိုဒေါင်တစ်ခုတွင် ပုန်းအောင်း နေကြရကြောင်း လုပ်သားများထံမှ သိရှိရသည်။

လုပ်သားများသည် သင်္ဘောကျင်းရှိ စက်ရုံ လုပ်ငန်းတွင် ၂ နှစ် သက်တမ်းအောက် လုပ်ကိုင်ထားသူများ ဖြစ်ကြသည်။



The Voice Weekly မှ သိသမျှ ။

No comments:

Post a Comment