Tuesday 10 June 2014

ငါမအားသေးဘူးလေနော်



လာချင်ရင်လည်း လာပေါ့
တားပိုင်ခွင့်မှ မရှိတာ
ထွက်သွားလည်း မတားပါဘူး
ငါ့ကိုယ်ငါတောင်မှ မပိုင်တာလေ။

အယူအဆချင်း တူဖို့လဲ မဆွဲဆောင်ပါဘူး
စိတ်ဓါတ်ချင်းတူဖို့လည်း ညှိမယူပါဘူး
ငါ့ကိုယ်ငါတောင် သင်ယူနေရတုန်းဆိုတော့။

မင်းမုန်းမှာလည်း မပူသလို
မင်းမေတ္တာကိုလည်း မတောင့်တပါဘူး
အေးအောင် နေတက်ဖို့ကျင့်နေရတာနဲ့တင်
ငါမအားသေးလို့ပါ

သံယောဇဉ် မရှိမဟုတ်ပါ သို့သော်
ကင်းအောင်နေတက်ဖို့ကို ငါ့ကိုယ်ငါလည်း
သင်နေသလို
ငါ့အနီးစပ်ဆုံးတွေကိုလည်း
စွမ်းသမျှသင်ပေးတယ်။

ဒေါသ ဟုတ်လား
ဒါတင်မကသေးဘူး လောဘနဲ့ မောဟလည်း
ရှိသေးတယ်။

နောက်ပြီး
ငါမကျွမ်းကျင်တဲ့ ဟန်ဆောင်မှု့ကို
သဘောမကျလို့


မင်းသဘောမကျတက်တာတော့
ဘာပြောရမှန်းမသိပါ။

ငါ့စိတ်တိုင်းကျ ငါနေ တက်သလို
ငါ့စိတ်တိုင်းကျ ငါမနေဖို့ ကိုလည်း တစ်ဖက်ကကျင့်
နေရသေးတာဆိုတော့
နားလည်ဖို့ မတောင်းဆိုပါဘူး။နားလည်မှု့ဆိုတာ လွယ်တဲ့အရာမှမဟုတ်တာကို
ငါလည်းသိနေတာပဲ။

သိတာလေးတွေကိုတောင် ကျင့်နိုင်ဖို့
အသဲအသန်ကြိုးစားနေရတဲ့
အခြေအနေဆိုတော့
လောလောဆယ် ငါမအားဘူးလေနော်။

(Tay Mi )

နှလုံးသားအာဟာရ facebook မှ သိသမျှ ။


No comments:

Post a Comment