Wednesday, 28 November 2012

ကွန်ပျူတာသုံးသူများ မျက်စိကျန်းမာရေး


ကွန်ပျူတာကို အသုံးပြုရတဲ့သူအများစုဟာ မျက်စိပင်ပန်းညောင်းညာတာ၊ မျက်ကွင်းညိုတာနဲ့ ခေါင်းကိုက်တာတွေကို မကြာခဏ ခံစားရတတ်ပါတယ်။ ကွန်ပျူတာရှေ့မှာ နာရီအနည်းငယ်ထိုင်ပြီးနောက်မှာတောင် ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ အမြင်အာရုံဆိုင်ရာမှာ မသက်မသာခံစားရတတ်ပါတယ်။
သုတေသနတွေအရ ကွန်ပျူတာအသုံးပြုသူ အများစုဟာ ကွန်ပျူတာကို နှစ်နာရီ ဒါမှမဟုတ် ဒီထက်ပိုကြာအောင် သုံးပြီးနောက်မှာ မျက်စိကြွက်သားတွေ ညောင်းညာဖိစီးတာကို စတင်ခံစားလာရတယ်လို့ ဆိုပါတယ်။ ဒီအချိန်မှာ မရပ်ဘဲ ကွန်ပျူတာကို ဆက်သုံးနေမယ်ဆိုရင် မသက်မသာဖြစ်တာက ခေါင်းအထိ ရောက်သွားပြီး ခေါင်းကိုက်တာ၊ မျက်စိပူလာတာ၊ အမြင်ဝါးလာတာ၊ အမြင်ထပ်ဖြစ်တာ၊ လည်ပင်းနဲ့ ပခုံးနာကျင် တောင့်တင်းတာတွေကို ခံစားလာရပါတော့တယ်။ ဒါကြောင့် ကွန်ပျူတာသုံးနေရင်း မျက်စိညောင်းလာတဲ့ အချိန်မှာ အရမ်းနောက်မကျခင် မျက်စိကို ဖြေလျှော့ အနားပေးလိုက်မှသာ တစ်နေ့လုံးခေါင်းကိုက်ပြီး နေမကောင်းဖြစ်နေတာမျိုး မဖြစ်ဘဲ ပြန်လည်လန်းဆန်း ကျန်းမာလာမှာပါ။
အောက်ပါတို့ကတော့ မျက်စိညောင်းညာပင်ပန်းတာကို လျော့နည်းစေမယ့် အကြံပြုချက်တွေ ဖြစ်ပါတယ်။
- သင်ရဲ့ ကွန်ပျူတာခန်းကို လိုအပ်သလို အနေအထားပြုပြင်ပြောင်းလဲပါ။ ကွန်ပျူတာနဲ့ ထိုင်ခုံအမြင့်တွေကို သင့်တော်တဲ့ အနေအထားမှာ ချိန်ညှိပါ။
- ကွန်ပျူတာစကရင်နဲ့ ပတ်ဝန်းကျင်ကအလင်းကိုလည်း ချိန်ညှိပါ။ နောက်ခံဘက်ဂရောင်းနဲ့
ကွန်ပျူတာစကရင်ရဲ့ကြားထဲက ခြားနားမှုက များသင့်ပါတယ်။
- အလင်းရောင်ရဲ့ စူးရှတောက်ပမှုကို လျှော့ချပါ။ နေရောင်စူးရှလွန်းရင် ပြတင်းပေါက်ခန်းဆီး လိုက်ကာတွေ တပ်ပါ။ ဒါမှမဟုတ် အလင်းပြန်မှုကို လျှော့ချဖို့ စကရင်အကာတပ်ပါ။
- ကွန်ပျူတာကို ဆက်တိုက်မကြည့်ဘဲ မကြာခဏနားပါ။ ကွန်ပျူတာကို အချိန်ပြည့် သုံးနေသူတွေအနေနဲ့ တစ်နာရီကြာတိုင်း ၁၀ မိနစ်နားသင့်ပါတယ်။
- မကြာခဏ မျက်တောင်ခတ်ပါ။ အချိန်ကြာကြာမျက်တောင်မခတ်ဘဲနေရင် မျက်စိထဲက မျက်ရည်ဟာ မြန်မြန်အငွေ့ပြန်သွားပြီး မျက်စိခြောက်သွေ့တတ်ပါတယ်။
- ကွန်ပျူတာသုံးပြီး ၁၅ မိနစ်ခန့်ကြာတိုင်း ကွန်ပျူတာစကရင်မှ အကြည့်လွှဲကာ အဝေးမှ အရာတစ်ခုကို ၅-၁၀ စက္ကန့်ခန့်ကြာအောင် ကြည့်ပါ။ ပြီးမှ ကွန်ပျူတာကို ပြန်ကြည့်ပါ။
- ထိုင်နေစဉ်မှာတောင် ခန္ဓာကိုယ်ကို မကြာခဏ လှုပ်ရှားပေးပါ။ ဆက်တိုက်အကြာကြီးငြိမ်ကာ ကွန်ပျူတာကို ကြည့်နေခြင်းဟာ ခန္ဓာကိုယ်ကို ညောင်းညာပင်ပန်းစေပါတယ်။
- အိပ်ရေးဝအောင်အိပ်ပါ။ အိပ်ရေးပျက်ရင် မျက်စိညောင်းကိုက်တာကို ပိုဆိုးစေပါတယ်။


မြန်မာသတင်းရပ်ဝန်း မှ သိသမျှ ။

No comments:

Post a Comment