Saturday, 15 December 2012

ရန်ကုန်ပုံရိပ်များ ၁


ရန်ကုန်ဟာ နယ်က ရောက်လာတဲ့သူတွေကို နေထိုင်စရာ နဲ့ အလုပ်အကိုင်တွေ ပေးတယ်။ ပြည်ပက အလုံးအရင်း ၀င်လာတဲ့ မော်တော်ကားများကို လမ်းကြီးလမ်းငယ်အသွယ်သွယ်မှ ဖြစ်သလို နေရာပေးထားပါတယ်။ ဒီလိုနဲ့ ရန်ကုန်မြို့ဟာ အကြီးအကျယ် ပြောင်းလဲနေလိုက်တာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကနဲ့မတူသလို ပြီးခဲ့တဲ့နှစ်ကနဲ့လည်း မတူတော့တာကို သတိထားမိပါတယ်။
အရောင်အသွေးစုံလင်တဲ့ ရန်ကုန်ရဲ့ ပုံရိပ်တချို့ကို ဖော်ပြပေးလိုက်ပါတယ်


 


မြေနီကုန်းမီးပွိုင့်မှာ တွေ့ရတဲ့ တော်လှန်ရေးပန်းခြံဘက်က လာတဲ့ယာဉ်များ ဖြစ်ပါတယ်။
ဆိုက်ကား၊ တွန်းလှည်း အစရှိတဲ့ အနှေးယာဉ်များကလည်း ရန်ကုန်မြို့ ယာဉ်ကျောပိတ်ဆို့မှု ဖြစ်ပေါ်စေတဲ့ အကြောင်းရင်း အများအပြား ထဲမှာ ပါဝင်နေတာပါ။

ရိုးမဘဏ်ခွဲများလည်း အလုပ် ပိုပြီး များလာပါပြီ။ ဒီဘဏ်ကို ကန့်သတ်ထားတာတွေ အစိုးရက လျှော့ချလိုက်ပြီးနောက်မှာ ရိုးမဘဏ်ခွဲများ လူဝင်လူထွက် စိတ်လာတာကို တွေ့နေရပါပြီ။

ကားလမ်းကူးလာသူကို ဦးစားပေးတဲ့ ယဉ်ကျေးမှုက မြန်မာပြည်မှာ ထွန်းကားဖို့ စောနေသေးဟန် တူပါတယ်။ မီးပွိုင့်နီချိန်၊ ယာဉ်ကျောပိတ်ချိန်မှာ ကားတွေ လူကူးမျဉ်းကျားပေါ် မရပ်ဘဲ လမ်းသွားလမ်းလာကို ဦးစားပေးတဲ့မြင်ကွင်းမျိုးကို အမြဲ တွေ့ရမယ် မဟုတ်ပါဘူး။

နေရာအနှံ့တွေ့ရတဲ့ လမ်းဘေး ဂျာနယ်အရောင်းဆိုင်တွေမှာတော့ ရွေးချယ်စရာ အများအပြား ရှိပါတယ်။ နောက်ဆုံးထွက်ဂျာနယ်များကို ရှေ့ဆုံးတန်းမှာ ခင်းထားလေ့ရှိပါတယ်။ အရောင်းအသွက်ဆုံးထဲ ဘာတွေ ပါသလဲ လို့ မေးကြည့်တော့ ဂျာနယ်ရောင်းသူတွေက 7Day, Eleven, Popular, ပြည်သူခေတ် စတဲ့ စတဲ့ နာမည်တွေကို ရွတ်ပြတတ်ကြပါတယ်။ အားကစားဂျာနယ်တွေ ရောင်းအား ထပ်တက်မလာပေမယ့် သတင်းဂျာနယ်များကတော့ သိသိသာသာ အရောင်း တက်လာတယ်လို့ ဆိုပါတယ်။

ဖရဲသီး တစိတ်ကို ၂၀၀ ဖြစ်ပါတယ်။ ပလပ်စတစ်အိတ်နဲ့ ထုပ်ရောင်းတဲ့အတွက် အမှိုက်တင် ဖုန်ကပ်ခြင်းဘေးက ကင်းဝေးတဲ့ ဖရဲသီးပါပဲ။ အရောင်းသွက်သလား မေးတော့ ဈေးသည်က မဆိုးပါဘူး၊ ရောင်းရပါတယ် လို့ ပြန်ပြောပါတယ်။ နားကြပ်ဖြုတ်ရင်း ပြန်ဖြေပါတယ်။ သီချင်း သို့မဟုတ် ရေဒီယို နားထောင်နေဟန် တူပါတယ်။ ဘတ်စ်ကားမှတ်တိုင်တခုမှာ တွေ့ရတဲ့ ဈေးသည်ပါ။

ဒီ သီချင်းစာအုပ်များကတော့ တအုပ် ၁၀၀ ဖြစ်ပါတယ်။

စက္ကူကြမ်းနဲ့ ပုံနှိပ်ထားတဲ့ ဒီလို သီချင်းစာအုပ်တွေက ရန်ကုန် လမ်းဘေး ဈေးကွက်မှာ အရောင်းအ၀ယ်ဖြစ်နေတာ နှစ်ပေါင်း ၃၀ ထက် မနည်းတော့ပါဘူး။

လမ်းဘေးဈေးသည် အမျိုးသမီးများမှာ တွေ့ရတတ်တာကတော့ သနပ်ခါးပါပဲ။

ဧရာဝတီဘလော့မှာ ဖော်ပြဖို့ ခွင့်ပြုပါ ဆိုပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။

မိတ်ကပ်တွေ ဘယ်လောက်ပဲ ခေတ်စားပါစေ သနပ်ခါးကတော့ ခေတ်ကုန်သွားတယ်ရယ်လို့ မဖြစ်သေးတာ တွေ့ရမှာပါ။

ရန်ကုန် ဘတ်စ်ကားမှတ်တိုင်တခုရဲ့ မြင်ကွင်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကဆိုရင် ဒီနေရာမှာ တယ်လီဖုန်းပြော၊ ဂျာနယ်ဖတ်ရင်း ကားစောင့်နေသူကို တွေ့ရမယ် မဟုတ်ပါဘူး။
ဒါတွေကတော့ ရန်ကုန်မြို့က လမ်းတွေပေါ်မှာ  မြင်ရတာတွေပါ။ မြင်ကွင်းတချို့ကို မကြာခင် ထပ်မံ မျှဝေပေးမှာဖြစ်ပါတယ်။ 

ဧရာဝတီ ဘလော့ဂ် မှ သိသမျှ ။

No comments:

Post a Comment