Monday, 4 February 2013

Microsoft၊ Google နှင့် Intel ကုမ္ပဏီတို့ မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ လာရောက်ဖွင့်လှစ်ရန် အစီစဉ်ရှိ


အိုင်တီ နည်းပညာများကို စဉ်ဆက်မပြတ် ထုတ်လုပ်ရောင်းချလျက်ရှိသည့် ကမ္ဘာကျော် နာမည်ကြီး ကုမ္ပဏီများဖြစ်သော Microsoft၊ Google နှင့် Intel ကုမ္ပဏီတို့မှ သူတို့၏ ထုတ်ကုန်များကို ဈေးကွက်ချဲ့ထွင်နိုင်ရန်အတွက်သော် လည်းကောင်း မြန်မာနိုင်ငံ၏ အိုင်စီကဏ္ဍတွင် အထောက်အကူ ပြုနိုင်ရန်သော် လည်းကောင်း ရည်ရွယ်၍ မြန်မာနိုင်ငံတွင် ကိုယ်စားလှယ် ကုမ္ပဏီရုံးခွဲများ လာရောက်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ ဥက္ကဌ ဦးခွန်ဦးက ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြောကြားသည်။

ဦးခွန်ဦးက ဆက်လက်၍ "ဟုတ်ပါတယ် အဲ့ဒီကုမ္ပဏီတွေ လာဖွင့်ဖို့ ရှိပါတယ်။ ဒီနှစ်အတွင်းမှာပဲ လာဖွင့်ဖို့ ရှိပါတယ်။ ဘယ်နေရာမှာလဲ ဆိုတာတော့ အတိအကျပြောလို့ မရသေးပါဘူး။ ဒီကုမ္ပဏီတွေ ဖွင့်မယ်ဆိုရင် မြန်မာနိုင်ငံ အိုင်တီကဏ္ဍအတွက်တော့ အထောက်အကူ ဖြစ်လာမှာပါ" ဟုပြောသည်။

အဆိုပါ ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ရုံးခွဲလာရောက်ဖွင့်လှစ်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်ဆောင်ရွက်လျှက်ရှိပြီး ၂၀၁၃ ခုနှစ်အတွင်းမှာပင် ဖွင့်လှစ်နိုင်ဖွယ် ရှိကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ဆော့ဖ်ဝဲလ်ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရုံးခွဲဖွင့်လှစ်ခြင်းအပေါ် အိုင်တီပညာရှင် တစ်ဦးဖြစ်သည့် ဆရာ ဦးအောင်မျိုးလွင်က "ဒီလိုမျိုး လာဖွင့်မယ်ဆိုရင်တော့ ကောင်းပါတယ်။ ကြိုဆိုပါတယ်။ သူတို့သာ လာမယ်ဆိုရင် မြန်မာနိုင်ငံအတွက်

အလုပ်အကိုင် အခွင့်လမ်းကောင်းတွေ အများကြီး ရလာမယ် ထင်ပါတယ်။ သူတို့လည်း လာမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာရှိတဲ့ လိုအပ်ချက်တွေကို သိတဲ့အတွက် ပြင်ဆင်ပြီးတော့မှ လာမှာပေါ့" ဟုပြောသည်။

အဆိုပါ ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ် ရုံးခန်း လာရောက်ဖွင့်လှစ်နိုင်ရန်အတွက် နေရာရွေးချယ်ခြင်းများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးခွန်ဦးမှ ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယခုအခါ နည်းပညာများ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အညီ နည်းပညာကုမ္ပဏီများ အနေဖြင့်လည်း ၄င်းတို့၏ ထုတ်ကုန်များကို တရားဝင် အရောင်းစင်တာများဖြင့် ရောင်းချလျှက်ရှိပြီး အဆိုပါ ကုမ္ပဏီများ မြန်မာနိုင်ငံသို လာရောက်ခြင်းအပေါ် အိုင်တီနယ်ပယ်မှ ပညာရှင်များ ကြိုဆိုကြကြောင်း သိရသည်။
 
Eleven Media Group မှ သိသမျှ ။


No comments:

Post a Comment