တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတစ်စုံနဲ့ မျက်ဝန်း လက်လက်တွေကို
ပိုင်ဆိုင်ထားတဲ့သူ့ကို ပထမဦးဆုံး စတွေ့ပြီး စကားပြောခဲ့ရတဲ့
အချိန်မှာတော့ အဲ့ဒီစကားကို လူ့အသိုင်း အ၀ိုင်းက အမြဲတမ်း လက်မခံခဲ့
ကြဘူးဆိုတဲ့ အကြောင်းကို သူ့ဘ၀နဲ့ ယှဉ်ပြီး သူက ပြောတယ်။
``ပုခုံးနှစ်ဖက်ကြားမှာ
ခေါင်းပေါက် နေတာချင်းတူတူ လူဟာလူပဲ´´လို့ လူတိုင်းလိုလို ပြောတတ်ကြ တာကို
ကြားဖူးနေကျ ဆိုတော့ လင်းလင်းကို မတွေ့ခင်ထိ ကျွန်တော့် အတွက်တော့
မဆန်းတော့ ပါဘူး။
ယောက်ျားပီသတဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ အရပ်၅ ပေ
၅လက်မ အမြင့်ဟာ ကြည့်လို့ကောင်းတဲ့ ယောက်ျား တစ်ယောက် အဖြစ်သူ့ကို
ပုံဖော်ပေး ထားပါတယ်။
အမျိုးသားလို ၀တ်ဆင်ပြီး လိင်တူ
အမျိုးသားကိုသာ စိတ်ဝင်စားသူ တစ်ယောက်ဖြစ်လာဖို့ကို လင်းလင်းဟာ
ဘယ်တုန်းကမှ စိတ်ကူးထဲမှာ မတွေးထားခဲ့မိပါဘူး။
`ကိုယ့်ကိုကိုယ်
ခွဲခြားပြီးမသိတတ်ခင်တုန်းကတော့ မိန်းကလေးရည်းစားတစ်ယောက်ထားဖူးတယ်၊
ကျွန်တော့ထက်တစ်နှစ် ခွဲလောက်ငယ်တယ် တွဲသာတွဲလာခဲ့တာ ရင်ခုန်တာတို့
ကြည်နူးမိတာတို့
မရှိခဲ့ဘူး ကြာတော့လည်း ကောင်မလေးကပဲ
စပြီးလမ်းခွဲသွားတယ်။´ ဟု ဂေးတစ်ယောက်ဘ၀ကို မခံယူခင်က
မိန်းကလေးချစ်သူထားခဲ့တဲ့ အကြောင်းကို ပေါ့ပေါ့ပါးပါး ပုံစံနဲ့ပဲ သူက
ပြောပြပါတယ်။
၂၀၀၆ ခုနှစ်ရဲ့ New Year ညမှာတော့ ဂေးတစ်ယောက်ရဲ့ဘ၀ကို
သူ့ရဲ့ခံစားချက်အရသူကိုယ်တိုင်ပဲ ခံယူခဲ့လိုက်ပါတယ်။ အခုလိုဘ၀မှာ နေရတာက
ပိုပြီးပျော်ရွှင်တယ်လို့ သူကဆိုပါတယ်။
ဒါပေမဲ့ ပတ်ဝန်းကျင်ကလူတွေက
သူ့တို့ကို အခြောက်တွေ ဂန်ဒူးတွေလို့ ကဲ့ရဲ့တတ်ကြတယ်။
ယောက်ျားတစ်ယောက်ရဲ့ဘ၀ကို ရလာပြီးမှ အရှက်မရှိတဲ့လုပ်ရပ်တွေကို
လုပ်နေကြတယ်ဆိုပြီး ကဲ့ရဲ့တာကိုလည်း ခံရတယ်။
လူတွေက ဘယ်လိုပဲ
သူတို့ကိုနှိမ့်ချဆက်ဆံမှုတွေပြုလုပ်နေပါစေ သူတို့တွေဟာ သာမာန်လူတွေ
လိုပဲလူ့အဖွဲ့အစည်းမှာ ပါဝင်ခွင့် ကူညီခွင့်သာရရှိခဲ့ရင်
အကောင်းဆုံးစွမ်းဆောင်နိုင်မှာပါလို့ သူတို့ အားလုံးရဲ့ကိုယ်စား လင်းလင်းက
ပြောပါတယ်။
လူမှုအဆင့်အတန်းခွဲခြားမှုအရ သူတို့ထက်မြင့်တယ်ဆိုတဲ့
လူတွေကသူတို့ကို နှိမ့်ချဆက်ဆံတာတွေ ကြောင့် ပတ်ဝန်းကျင်နဲ့
ထိတွေ့တဲ့နေရာမှာ နှစ်ဖက်စလုံးမှာ အခွင့်အရေးတွေ ထိခိုက်နစ်နာလာစေနိုင်
တယ်လို့ သူကဆိုတယ်။
လူ့ဘောင်အသိုင်းအဝိုင်းက လိင်တူချစ်သူတွေအပေါ်
အထင်အမြင်သေးမှုတွေ၊ အသိအမှတ်မပြုပေး တာတွေကြောင့် လူမှုလုပ်ငန်းတွေ၊
လူ့အခွင့်အရေးလှုပ်ရှားမှုလုပ်ငန်းတွေမှာ လိင်တူချစ်သူတွေဟာ နေရာတစ်ခု
မရရှိခဲ့ပါဘူး။
`ဒီဘဝကိုရောက်လာကြတဲ့ တော်တော်များများက
လူတွေရဲ့ဖိနှိပ်မှုကို ခံလာရသူတွေများပါတယ်၊ အထူးသဖြင့် နှိမ်ချဆက်ဆံတာတွေ၊
ကဲ့ရဲ့ရှုတ်ချတာတွေကြောင့်ပေါ့၊ အဲ့လိုနှိမ်ချကဲ့ရဲ့ကြတဲ့သူတွေကို
အရွဲ့တိုက်ရင်းနဲ့ ဒီဘဝကိုလက်ခံလိုက်ကြတာ။´
လိင်တူချစ်သူတွေရဲ့အခွင့်အရေးဆိုတာဟာလဲ
အနိမ့်ဆုံးအဆင့်မှာပဲ ရှိနေခဲ့ရတယ်လို့ အကြည့်တွေ ကို
ခပ်ဝေးဝေးလှမ်းပို့ရင်း လင်းလင်းက ပြောပါတယ်။
၂၀၀၆ ခုနှစ်
နိုဝင်ဘာလမှာ ရေးဆွဲပြီးစီးခဲ့တဲ့ ဂျော့ဂျာကာတာ မူဝါဒစာတမ်းဟာ
လိင်တူချစ်သူတွေ အတွက် တစ်ခြားလူတွေလို တန်းတူအခွင့်အရေးရရှိဖို့ကို
အပြည့်အဝဖော်ပြထားပါတယ်။ အဲ့ဒီမူဝါဒ စာတမ်းရဲ့ အပိုဒ် ( ၂၇ )အရ
လိင်တူချစ်သူတွေဟာ လူ့အခွင့်အရေးကိုကာကွယ်တဲ့နေရာ၊ စောင့် ရှောက်တဲ့နေရာ၊
မြှင့်တင်တဲ့နေရာတွေမှာ ပါဝင်လုပ်ဆောင်နိုင်တယ် လို့ ရေးသားထားပါတယ်။
လိင်တူချစ်သူတစ်ဦးဖြစ်သူ အလှဖန်တီးရှင် မိုးစက် ကတော့ ခုလိုပြောပါတယ်။
`တစ်ချို့လူတွေက
လိင်တူချစ်သူ( ဂေး ) လို့ သိလိုက်တာနဲ့ မသတီသလိုလို ရွံသလိုလို ဖြစ်သွား
ကြတယ်၊ တစ်ကယ်တော့ ကိုယ့်ရဲ့စိတ်တိုင်းကျ ကိုယ့်ကိုယ်ကိုယ်ခံယူထားတာပဲ
အပြစ်တင် ရှုတ်ချတာမျိုး မလုပ်သင့်ပါဘူး ။´
သူတို့အတွက်အဓိက အဟန့်အတားတစ်ခုဖြစ်တဲ့ လိင်တူဆက်ဆံမှုကိုအရေးယူမယ့် ပုဒ်မ(၃၇၇) ကိုလဲ မရှိစေချင်တော့ပါဘူးလို့ သူကပြောပါတယ်။
ချင်းမိုင်အခြေစိုက်
လိင်တူချစ်သူများအခွင့်အရေးလှုပ်ရှားသူ ကိုနောနော် ကတော့ လိင်တူချင်း
ချစ်တယ် ဆိုတာ အားငယ်စရာမဟုတ်ပါဘူး၊ ကမ္ဘာကျော်ဖြစ်နေတဲ့သူတွေတောင် ရှိပါတယ်
လို့ လိင်တူချစ်သူ များအတွက် Rainbow Megazine မှာ ပြောခဲ့ပါတယ်။
လင်းလင်းကတော့ ခံယူချက်ရှင်းပါတယ် သူစိတ်ဝင်စားတဲ့သူကိုပဲ လက်ခံပါတယ်။ လူတိုင်းကို လက်မခံပါဘူး လို့ ပြောပါတယ်။
`HIV/AIDS
မကူးစက်အောင်လည်း သတိထားပြီးနေရတယ်၊ လမ်းဘေးမှာထိုင်နေရင်တောင်
အလကားနေရင်း ရဲဖမ်းတာလဲ ခံရသေးတယ်။ တစ်ခါတစ်လေကျတော့လဲ အားငယ်မိတာတွေတော့
ရှိတယ်။´
လက်ရှိကာလ မြန်မာနိုင်ငံတွင်းမှာလဲ လိင်တူချစ်သူတွေရဲ့ ကွန်ယက်တွေ ဖွဲ့စည်း ထူထောင်လာကြ ပါပြီ။
လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တွေလဲ
မြန်မာနိုင်ငံမှာ ပေါ်ပေါ်တင်တင် ဖွဲ့စည်း လုပ်ဆောင် နေ ကြတဲ့အတွက်
လင်းလင်းတို့ မိုးစက်တို့အပြင် (LGBTတွေ) လိင်တူချစ်သူတွေ
လိင်ပြောင်းချစ်သူတွေ အားလုံးဟာ အရင်ကထက်စာရင် အခွင့်အရေးတွေရရှိလာတာကို
တွေ့မြင်နေရပါပြီ။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့
အထက်တန်းရှေ့နေ တစ်ဦးဖြစ်သူ ဒေါ်အိသန္တာကတော့ `လိင်တူ ချစ်တယ် ဆိုတာက
ပုံမှန်ဘ၀ကို ကိုယ့်သဘောနဲ့ ပြုပြင်လိုက်တာလို့ပဲထင်တယ်၊ လူဆိုတာ မွေးလာ
ကတည်းက ဘယ်သူက ယောက်ျား ဘယ်သူကမိန်းမဆိုတာ လိင်အင်္ဂါက ကွဲပြားပြီးသားပဲ၊
အကောင်း ဆုံးကတော့ ကိုယ်ရတဲ့ ဘ၀ကို ကောင်းမွန်အောင်နေနိုင်ဖို့ပဲလိုတယ်၊
ဘ၀ကောင်းဖို့ အတွက်တော့ လိင်ပြောင်းဖို့ စိတ်ပြောင်းဖို့မလိုဘူးထင်ပါတယ်´
ဟု ၄င်းရဲ့ အမြင်ကို ပြောပါတယ်။
LGBT လို့ခေါ်တဲ့ဂေးတွေကို လူတွေက
အခြောက်တွေ မိန်းမလျှာတွေတူတူပဲလို့မှတ်ယူထားကြပေမဲ့ L-Lesbian (
အမျိုးသမီးချင်းလိင်တူချစ်သူ) G-Gay ( အမျိုးသားချင်းလိင်တူချစ်သူ)
B-Bisexual (လိင်တူရော ဆန့်ကျင်ဘက်လိင်ကိုရောချစ်သူ) T-Transexual (
ဆန့်ကျင်ဘက်လိင်လို ပြောင်းလဲ ၀တ်ဆင်သူ) ဆိုပြီး
ခွဲခြားသိတတ်ဖို့လဲလိုမယ်လို့ လင်းလင်း က ပြောပါတယ်။
လူ့အဖွဲ့အစည်းတစ်ခုထဲမှာချင်းတူပေမဲ့ တန်းတူအခွင့်အရေးရဖို့ဆိုတာက နှစ်ဖက်လုံးက အနေမှန် နေဖို့လဲလိုပါတယ်။
`ကျွန်တော့်အတွက်ကတော့ လိင်တူချစ်သူတစ်ယောက်ရဲ့အချစ်ဆိုတာ လိင်ကွဲချစ်သူတွေရဲ့ အချစ်ထက် ပိုပြီးလေးနက်တယ်၊ ပိုပြီးစွန့်စားရပါတယ်။´
လင်းလင်းဟာ သူ့ချစ်သူနဲ့နားလည်မှုများစွာကို ရယူထားပြီး အနာဂါတ်အတွက် ကြိုတင်ပြင်ဆင် ထားတယ်လို့ဆိုပါတယ်။
`မီဒီယာတွေမှာ
လွဲမှားတဲ့ဖော်ပြမှုတွေရှိနေတာကြောင့်လဲ ဂေးတွေအတွက် နစ်နာစရာ ကဲ့ရဲ့ခံစရာ
တွေဖြစ်လာရတတ်တယ်။ ဥပမာ-ဇာတ်ကားတစ်ကားထဲမှာ မင်းသားက မိန်းမလျှာ မင်းသမီးက
ယောက်ျားလျှာ ပုံစံမျိုးနဲ့ နောက်ဆုံးမှာ မင်းသမီးက မိန်းကလေးဖြစ်သွား
မင်းသားကလဲ ယောက်ျားလေးပြန်ဖြစ်သွားတာကို ဇာတ်လမ်းထဲမှာ ပြထားတယ်။´
တစ်ကယ်တမ်းတော့
အဲ့လိုမျိုးအဖြစ်က တစ်ကယ်မရှိဘူး။ ဂေးတွေက ဘယ်တော့မှပြန်မပြောင်းဘူး
သစ္စာရှိတယ်။ ဂေး အဖြစ်ခံယူပြီ်းရင် အရင်အနေအထားကို
ဘယ်တော့မှပြန်မသွားတော့ဘူး လို့ လိင်တူချစ်သူတွေ ( LGBT တွေအားလုံးအပါအ၀င်)
အတွက် (Equality Myanmar) အဖွဲ့ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်သူ မမြတ်နိုးဖြူက
ပြောပါတယ်။
`ဘယ်လိုပဲဖြစ်ဖြစ် လိင်တူချစ်သူတစ်ယောက်ဆိုတာ
လူတွေပြောနေကျအတိုင်း ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်နေတဲ့ လူသားတွေထဲက
လူသားတစ်ယောက်ဖြစ်လို့ ခွဲခြားနှိမ်ချ ဆက်ဆံတာမျိုးတွေ
မရှိတော့ဘူးဆိုရင်တော့ ကမ္ဘာလောကကြီးဟာ အခုထက်ပိုပြီးလှပလာမှာပါ ”လို့
လင်းလင်းက ပြောပြပါတယ်။
နေဖြိုးမြင့် - ရှမ်း/မြောက်
by Myit Makha Mediagroup မှ သိသမျှ ။
No comments:
Post a Comment