Saturday 21 December 2013

ပျက်စီးခြင်းနှင့် ဖျက်စီးခြင်း



ပျက်စီးခြင်းသည် အလိုအလျောက် သဘ၀အတိုင်း ဖြစ်တတ်သည့် သဘောဖြစ်ပြီး ဖျက်စီးခြင်းသည်ကား မိမိကိုယ်တိုင်နှင့် တစ်စုံတစ်ယောက်၏ ပယောဂကြောင့် ဖြစ်ပေါ်တတ်သည့် သဘောဖြစ်၏။ ပယောဂပါလာလျှင် လုပ်ဆောင်ချက်ပါလာပြီး လုပ်ဆောင်ချက်ရှိလာလျှင် စေတနာလည်း ရှိလာနိုင်၏။ စေတနာပါသည့် အလုပ်ဖြစ်လျှင် ကံမြောက်လာနိုင်ပြီး ကံမြောက်လာလျှင် တန်ပြန်အကျိုးပေးမှုလည်း ရှိလာနိုင်ပေ၏။ ပျက်စီးတတ်သည့် သဘောဖြစ်သဖြင့် ပျက်စီးခြင်းတွင် တစ်စုံတစ်ခု ထိခိုက်မှု မရှိနိုင်သော်လည်း ဖျက်စီးခြင်းကြောင့် ပျက်စီးသွားသည့် သဘောဆိုလျှင်ကား တန်ပြန်သက်ရောက်မှုကို ခံရမည်သာ ဖြစ်ပေ၏။

ပျက်စီးခြင်းနှင့် ဖျက်စီးခြင်းအပေါ် အထူးသတိပြု ဆင်ခြင်ကြရန် ဆိုလိုရင်း ဖြစ်ပါ၏။ ပျက်စီးခြင်းသည် သဘာဝ နိယာမတစ်ခု ဖြစ်ပြီး ဖျက်စီးခြင်းသည်ကား လုပ်ဆောင်ဖန်တီးခြင်း ဖြစ်သဖြင့် ပျက်စီးချိန်တန်သည့် ပျက်စီးမှုအပေါ်များတွင် စိုးရိမ်ဖွယ် မရှိသော်လည်း ဖျက်စီးသဖြင့် ပျက်စီးမှုများ အပေါ်တွင်ကား အလွန်ကြောက်မက် တုန်လှုပ်ဖွယ် ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်၏။ ပျက်စီးတတ်သည့် အမျိုး၊ ဥစ္စာ၊ ရောဂါများသည် သဘာဝ တရားများဖြစ်သဖြင့် ပျက်စီးမည်မှာ ဧကန်ဖြစ်သော်လည်း ဖျက်စီးမှသာ ပျက်စီးတတ်သည့် အကျင့်သီလနှင့် အယူဝါဒများသည်ကား ပျက်စီးရန် မသင့်သည့်အရာ၊ မပျက်စီးစေရန် ထိန်းသိမ်းရမည့် အရာဆိုသည်မှာလည်း အမှန်ပင် ဖြစ်ပါပေ၏။ သဘာဝအလျောက် ပျက်စီးမှုများတွင် တန်ပြန်သက်ရောက်မှုသည် အခိုက်အတန့်သာ ဖြစ်သော်လည်း ဖျက်စီးသဖြင့် ပျက်စီးမှုများတွင်ကား တန်ပြန်သက်ရောက်မှုသည် အပါယ်လားစေနိုင်သည် အထိ ကြီးလေးတတ်ပေ၏။

ထို့ကြောင့် နေရသည့် ဘ၀အခိုက်အတန့်၌ မဖြစ်မနေ ကြုံတွေ့ရမည့် ပျက်စီးမှုများတွင် ဖျက်စီးမှုကြောင့် ပျက်စီးသွားသည့် ပျက်စီးမှုမျိုး မဖြစ်ကြစေရန် လိုအပ်ပေ၏။ ရုပ်ပိုင်းဆိုင်ရာများ ပျက်စီးမှုတွင် မတုန်မလှုပ်ရင်ဆိုင်ရန်နှင့် စိတ်ပိုင်းဆိုင်ရာ အကျင့်သီလ အယူဝါဒများ ပျက်စီးမှုတွင်ကား သတိတရားနှင့် မပျက်စီးအောင် ထိန်းသိမ်းရန် ကြိုးစားသင့်ပေ၏။ အကယ်၍ ထိုပျက်စီးမှုများ ရောက်လာသည့်အခါတွင်လည်း အခြားအရာများထက် သီလနှင့်အယူဝါဒကိုသာ မပျက်စီးစေရန် အားထုတ်သင့်ပေ၏။ အဘယ်ကြောင့်ဆိုသော် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုများသည်

သဘာဝတရားဖြစ်သည့်အပြင် အပါယ်လားစေနိုင်သည့် အရာများ မဟုတ်ကြသော်လည်း သီလအကျင့်နှင့် အယူဝါဒ ပျက်စီးမှုသည်ကား အပါယ်လားစေနိုင်သည့် အရာများ ဖြစ်သောကြောင့်ပင် ဖြစ်ပါ၏။ သို့ဖြစ်၍ ပျက်စီးခြင်းနှင့် ဖျက်စီးခြင်းတွင် ပျက်စီးတတ်သည့် အရာများအပေါ် ခံနိုင်ရည် ရှိအောင်ကြိုးစားပြီး ဖျက်စီးမှသာ ပျက်စီးကာ အဖျက်ခံရသဖြင့် ပျက်စီးတတ်သည့် အရာများအပေါ်တွင်ကား မပျက်စီးစေရန် မိမိကိုယ်တိုင်သာ ပဓာနကျသဖြင့် မိမိ၏ အကျင့်သီလ အယူဝါဒများကို ဖျက်စီးခြင်းဖြင့် မပျက်စီးအောင် အထူးသတိပြု ဆင်ခြင်ကာ ထိန်းသိမ်းစောင့်ရှောက်ရန်သာဖြစ်သည်။


မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

စုစည်းထားမှု = တွေးမိသမျှ ..............TTK FACEBOOK မှ သိသမျှ ။


No comments:

Post a Comment