Monday 30 December 2013

မာန်မာန


မာန်မာနတိုင်းဟာ မကောင်းဘူး၊ မရှိသင့်ဘူးလို့ မဆိုလိုပါဘူး။ အမျိုးဂုဏ် ဇာတိမာန်မာနဆိုတာ ရှိသင့်ရှိထိုက်သော အရာတစ်ခုပါ။ ဒါပေမယ့် အချိန်အခါမှာ နေရာမှားမှာ အဲဒီမာန်မာနကို ထုတ်ဖော်ပြသမိရင် အကျိုးမရှိဘဲ အကျိုးယုတ်လို့ ရှက်ဖွယ်၊ အများကဲ့ရဲ့ ခံရတတ်ပါတယ်။ ဘယ်လို အချိန်ကိုက် နေရာမှန်မှာ ထုတ်ဖော်သင့်တယ် ဆိုတာကတော့ မိမိအသိပညာ ဆင်ခြင်တုံတရားက ဦးဆောင်နိုင်ပါလိမ့်မယ်။ အချိန်မှား၊ နေရာမှားမှာ မာန်မာနထောင်လွှားမိလို့ ရှက်ဖွယ်လိလိ ကဲ့ရဲ့ခံရတဲ့ သာဓကလေးတစ်ခု ပြောပြချင်ပါတယ်။

တစ်ခါက ရာသီဥတုဆိုးဝါးတဲ့ညမှာ စစ်သင်္ဘောတစ်စင်းဟာ စစ်ဆင်ရေးလေ့ကျင့် နေပါတယ်။ Drill ဆိုပေမယ့် အစစ်အမှန်ကဲ့သို့ သဘောထား ပြင်းပြင်းထန်ထန် လေ့ကျင့်ရတာဆိုတော့ သင်္ဘောကပ္ပတိန်ဟာ stress တွေကြောင့် စိတ်ဖိစီးလို့ အလိုလိုစိတ်တိုနေပါတယ်။ ခဏအကြာမှာ Navigator က မိမိတို့ သဘောင်္လမ်းကြောင်းပေါ်မှာ မီးရောင်တစ်ခု မြင်ရကြောင်း သတင်းပို့လာပါတယ်။ မီးရောင်က ဒီဂရီဘယ်လောက်ကို ရွေလျားနေတာလဲလို့ ကပ္ပတိန်က မေးတော့။ ရပ်တန့်နေတဲ့ မီးရောင်ပါတဲ့။ ဒါနဲ့ ကပ္ပတိန်ဟာ ဒါဟာ ရပ်နားနေတဲ့သင်္ဘော ဖြစ်လိမ့်မယ်။ ဒီအတိုင်းဆို ၀င်တိုက်နိုင်တယ်၊ အဲဒီသင်္ဘောကို ၂၀ ဒီဂရီရွှေ့ပေးဖို့ ပြောခိုင်းလိုက်တယ်။ ရေဒီယိုစက်ကနေ တစ်ဖက်သဘောင်္ကို ရွှေ့ပြောင်းဖို့ပြောလိုက်တော့ တစ်ဖက်က ချက်ချင်းပဲ ''ခင်ဗျားတို့ သင်္ဘောသာ ၂၀ ဒီဂရီလမ်းကြောင်းပြောင်း မောင်းပါ'' လို့ပြန်ဖြေတယ်။ အစထဲက စိတ်ရှုပ်နေတဲ့

ကပ္ပတိန်ဟာ ဒေါပွလာပြီး ရေဒီယိုစက်ကို ကိုယ်တိုင်ကိုင်လို့ 'ဟေ့ ... ငါက ဒီသဘောင်္ကပ္ပတိန်ကွ .. မင်းလမ်းကြောင်းကို ၂၀ ဒီဂရီပြောင်းပေးစမ်း'' လို့ပြောလိုက်တယ်။ တစ်ဖက်ကလည်း ချက်ချင်းပဲ ''ကျုပ်လည်း ၀ါရင့်သင်္ဘောသားပဲ၊ ခင်ဗျားသာ လမ်းကြောင်းပြောင်း မောင်းလိုက်ပါ'' လို့ပြန်ဖြေတယ်။ အဲဒီအခါ ကပ္ပတိန်ဟာ အရမ်းကို ဒေါသူပုန်ထပြီး ''ဟေ့ကောင် ... ဒါက စစ်သင်္ဘောကွ၊ ဘာထင်နေလဲ။ မင်းခုချက်ချင်း လမ်းကြောင်းပြောင်းစမ်း'' လို့ လှမ်းအော်လိုက်တယ်။ တစ်ဖက်ကလည်း ချက်ချင်းပဲ ''ကျုပ်လည်း မီးပြတိုက်ပဲ၊ ခင်ဗျားသာ ချက်ချင်း လမ်းကြောင်းပြောင်းဖို့ လိုလိမ့်မယ်'' တဲ့။ ဘယ်တတ်နိုင်မလဲဗျာ စစ်သင်္ဘော ကပ္ပတိန်ဟာ သူ့သင်္ဘောကို ချက်ချင်း ၂၀ ဒီဂရီပြောင်းမောင်းဖို့ အမိန့်ပေးလိုက်ရတော့တယ်။

အဲဒါက နေရာမှား၊ အချိန်မှားမှာ ပတ်ဝန်းကျင်ကို သေချာစွာလေ့လာ သုံးသပ်တဲ့ ဆင်ခြင်ဉာဏ်ကင်းမဲ့မိလို့ အများအမြင်မှာ မတင့်တယ်၊ ရှက်ဖွယ်ဖြစ်ခဲ့ရတဲ့ အလဟာသ မာန်မာနတစ်ခုပါ။
မိတ်ဆွေများအားလုံးလည်း အမျိုးဂုဏ် ဇာတိမာန်ကို အချိန်မှန်၊ နေရာမှန်မှာ အကျိုးရှိရှိ အသုံးပြုနိုင်ကြပါစေ။ ။

Mhai Wai

No comments:

Post a Comment