Sunday 9 February 2014

ဘဝရဲ့ကြီးမြတ်ခြင်း



ရှေးဂရိနာမည်ကြီးနိုင်ငံရေးပညာရှင် Periclesဟာ အေဒင်ရဲ့စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်တုန်းက တိုးတက်ပြောင်းလဲရေးလုပ်ငန်းတွေကို တော်တော်များများလုပ်ဆောင်ခဲ့တယ်။ သူ့လုပ်ဆောင်ချက်တွေကို ဆန့်ကျင်သူတွေဟာ သူ့ကို လူရှေ့သူရှေ့မှာ ဆဲဆိုကြိမ်းမောင်းခဲ့ပေမယ့် သူဒေါသမဖြစ်ခဲ့ဘူး။ တစ်ညနေမှာ ပြည်သူတစ်ယောက်ဟာ Periclesရဲ့အိမ်ဝင်းထဲဝင်ပြီး Pericles ကို မရပ်မနားဆဲဆိုခဲ့တယ်။ Pericles က အဆဲခံရသည့်တိုင် ဘာမှပြန်မပြောဘဲ ဆိတ်ဆိတ်ငြိမ်ငြိမ်ပဲထိုင်ပြီး အဲဒီလူရဲ့အဆဲကို ခံခဲ့တယ်။ အဲဒီလူဟာ ဆဲဆိုပြီးဒေါသစိတ်ပြယ်သွားတဲ့အခါ အိမ်ပြန်ဖို့ ပြင်ဆင်တော့တယ်။ မိုးလည်းချုပ်သွားပြီဆိုတော့ Pericles က သူ့အစေခံတစ်ယောက်ကိုခေါ်ပြီး “မိုးချုပ်သွားပြီ … လမ်းတွေမမြင်ရတော့ဘူး... မီးတစ်ဆောင်ထွန်းပြီး သူ့ကို အိမ်အပြန်လိုက်ပို့လိုက်ပါ”လို့ ပြောခဲ့တယ်။

တစ်ခါက အင်္ဂလန်တော်ဝင်မိသားစုဟာ လန်ဒန်မှာ အိန္ဒိယနိုင်ငံကလာတဲ့ဧည့်သည်တော်အတွက် ဧည့်ခံပွဲတစ်ခုပြုလုပ်ခဲ့တယ်။ ဧည့်ခံပွဲကို မင်းသားEdward (Duke of Windsor)က ဦးဆောင်ကျင်းပခဲ့တယ်။ ဧည့်ခံပွဲမှာ အားလုံးပြောကြဆိုကြနဲ့ အဆင်ပြေပြေ လိုက်လျောညီထွေရှိခဲ့တယ်။ နောက်ဆုံးဟင်းတစ်ပွဲ သုံးဆောင်ပြီးချိန်မှာ အခြွေအရံတွေက လက်ဆေးရေခွက်တွေ လာချပေးပါတယ်။ ငွေခွက်ထဲက ကြည်လင်တဲ့ရေကိုတွေ့တော့ အိန္ဒိယဧည့်သည်တော်ဟာ ခွက်ကိုကောက်ကိုင်ပြီး ခွက်ထဲကရေကို တစ်ကြိတ်ထဲ သောက်ချလိုက်ပါတယ်။ ဒါကို ဧည့်ခံပွဲမှာပါဝင်တဲ့ အင်္ဂလန်ဧည့်သည်တော်တွေကတွေ့တော့ ဘယ်လိုတုန့်ပြန်ရမှန်းမသိဘဲ အားလုံးအံ့အားသင့်နေခဲ့ကြတယ်။ မင်းသားEdwardကိုပဲ သူတို့ကြည့်လိုက်ကြတယ်။ မင်းသားEdwardက အိနြေ္ဒရည်မပျက်၊ ဧည့်သည်တော်နဲ့အပြောမပျက်ဘဲ သူ့ရှေ့ကလက်ဆေးရေခွက်ကို ကောက်ကိုင်ပြီး အိန္ဒိယဧည့်သည်တော်လိုပဲ

ကုန်စင်အောင် သောက်ချလိုက်တော့တယ်။ Duke of Windsorလည်း သောက်ပြီဆိုမှတော့ အားလုံးလည်း လိုက်သောက်ခဲ့ကြတယ်။ ဒီလိုနဲ့ အနေကျပ်မယ့်ကိစ္စတစ်ခုကို ပေါ့ပေါ့ပါးပါးဖြေရှင်းနိုင်ခဲ့သလို ဧည့်ခံပွဲလည်း အောင်မြင်စွာ အဆင်ပြေပြေပြီးဆုံးသွားခဲ့တယ်။

မန်ဒဲလားက "ဘဝမှာ အမြင့်မြတ်ဆုံးဂုဏ်ကျက်သရေဆိုတာ ဘယ်တော့မှ လဲပြိုမကျတာမဟုတ်ဘူး... လဲပြိုကျပြီးနောက် နောက်ထပ်တစ်ဖန် ပြန်လွှင့်ထူနိုင်ခြင်းပါပဲ"လို့ ပြောခဲ့တယ်။

မန်ဒဲလားပြောတာ အရမ်းကောင်းမွန်ပါတယ်။ စိတ်သဘောထားကြီးသူတွေဟာ စကားပြောတဲ့လေသံမှာ ကြောက်ရွံ့ထိတ်လန့်တာမပါဘူး၊ စရိုက်လက္ခဏာမှာ စိတ်ကြီးဝင် အထက်စီးဆန်တာမပါဘူး၊ ဟိတ်ဟန်အမူအရာတွေမှာ တွန့်ဆုတ်တွေဝေတာမပါဘူး။ လုပ်ဆောင်ချက်တွေက တည်ငြိမ်ပြတ်သားတယ်၊ လွတ်လပ်ပေါ့ပါးတယ်။ ပန်းတစ်ပွင့်လို တပ်မက်ဖွယ်ကောင်းတဲ့ရနံ့တွေနဲ့ တာရှည်ရှိတယ်။ သစ်ပင်တစ်ပင်လို သစ်ရွက်သစ်ခက်တွေနဲ့ စိမ်းစိုဝေဆာတယ်။ သူတို့က ကိုယ်တာဝန်ယူရမယ့်ကိစ္စကို စိတ်ချချ ဆောင်ရွက်တယ်။ လက်ထဲကအလုပ်ကို တာဝန်သိသိ လေးလေးနက်နက် ဆောင်ရွက်တယ်။
နာမည်ကြောင့်၊ ရာထူးကြောင့် ကြိုးစားကြတာမဟုတ်ဘူး။ ငွေကြေးဥစ္စာတွေနဲ့ ရှုပ်ထွေးငြိတွယ်ကြတာ မဟုတ်ဘူး။ သူတို့ရဲ့ ရင်ထဲနှလုံးထဲက စိတ်ကူးအိပ်မက်တွေဟာ ကြီးမြတ်တယ်၊ မြင့်မြင့်ဝေးဝေးကြည့်တယ်။ ကျွန်တော်တို့လည်း ကြိုးစားသင်ယူရင်း စိတ်သဘောထားကြီးမြတ်သူတစ်ယောက်ဖြစ်အောင် လုပ်ဆောင်နိုင်ကြပါတယ်။

မူရင်းရေးသားသူ -- Qiu Yu Hua (2012ခုနှစ် အမှတ်စဉ်13 , Readers မဂ္ဂဇင်းမှ)

နိုင်းနိုင်းစနေ facebook မှ သိသမျှ ။

No comments:

Post a Comment